Main menu

စစ်ကိုင်းမြို့၏ “ဇွန် စိမ်းပြာရေညှိ”

Powered by Drupal
Thu, 07/27/2023 - 14:50 -- consumer_admin

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကိုအထောက်အကူပြုစေရန်နှင့် အရိပ်အာဝါသရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံးဝန်းအတွင်း ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်များကို မင်းကွန်းပျိုးဥယျဉ်သို့ သွားရောက်ယူခဲ့ရာ စစ်ကိုင်း-မင်းကွန်းအသွားခရီးလမ်းမပေါ် ချောင်းပေါက်ကျေးရွာအနီး ပေါက်တောရွာလမ်းမထောင့်မှ စိမ်းပြာရောင်လွှမ်းမိုးထားသောအရောင်းဆိုင်လေးကို သတိထားမိခဲ့၍ အပြန်လမ်းတွင် ဝင်ကြည့်ကြမည်ဟုဆုံးဖြတ်ခဲ့ကြသည်။ မင်းကွန်းမှအပြန်ခရီးတွင် “ဇွန် စိမ်းပြာရေညှိအရောင်းဆိုင်” ကို ဝင်ရောက်လေ့လာခဲ့ပါသည်။ မြန်မာပြည်တွင်ရှိသည့် တန်ဖိုးမဖြတ်နိုင်သော စိမ်းပြာရေညှိထုတ်ကုန်ပစ္စည်းများကို မျက်ဝါးထင်ထင်တွေ့မိခဲ့ရာမှ ဤဆောင်းပါးလေးဖြင့် အမှတ်တရမှတ်တမ်းတင်ခွင့်ရလိုက်ပါသည်။ “မသိသူကျော်သွား သိသူဖော်စား” စကားပုံကဲ့သို့ မသိသေးသူများအကျိုးဖြစ်ထွန်းသိကြပါစေသားဟုရည်ရွယ်ကာ ‌ရေးသားတင်ပြလိုက်ပါသည်။

စိမ်းပြာရေညှိသဘာဝအားဆေးများ

   မြင်မြင်ချင်း စိတ်ဝင်စားမိသည်မှာ စိမ်းပြာရောင်ကောင်တာမှန်ပြင်ပေါ်ရှိ ပရိုဗီမင်ဆေးဘူးများ၊ ၎င်းဆေးကို ယခင်အချိန်ကမူ စက်မှုဝန်ကြီးဌာန၊ BPI မှထုတ်သည့် ဘူးသေးလေးများကိုသာဝယ်စားဖြစ်ခဲ့သည်။ အိပ်/စားကောင်းသည်မို့ ၎င်းအားဆေးလေးကောင်းကြောင်း အပြောများကြသည့်အတွက် လက်တွေ့စားခဲ့ဖူးပါသည်။ နှစ်ကြာခဲ့ပြီး ဝယ်/ထုတ်မရသောကြောင့် ဈေးကွက်ထဲပြတ်ခဲ့သည့်အတွက် အလှမ်းဝေးခဲ့ကြသည်။ ယခုတွင်မူ ခန့်ခန့်ငြားငြားပုံစံဖြစ်သော နိုင်ငံတကာဆေးအဆင့်မီထုတ်ပိုးပုံစံဘူးများဖြင့် ထည်ထည်ဝါဝါအရောင်းဆိုင်ပေါ်၌ ရောင်းနေပြီဖြစ်သည့်အတွက် ကျွန်မတို့မိတ်ဆွေများအတွက် စိမ်းပြာရေညှိသဘာဝဆေးများအကြောင်းတို့ကို အရောင်းဆိုင်တွင် တစေ့တစောင်းလေ့လာမေးမြန်းမိခဲ့ကြသည်။

    အာဗာမင် (AVAMIN) အမည်နှင့် စိမ်းပြာရေညှိဆေးမှာ ပရိုဗီမင်ဆေးကဲ့သို့ ပရိုတင်း၊ ဗီတာမင်၊ မင်နရယ်အပြင် စိမ်းပြာရေညှိအဆီအနှစ်ထည့်ပေါင်းပါဝင်သောကြောင့် နှာစေးချောင်းဆိုးပါမဖြစ်ကြောင်း၊ COVID-19 အချိန်တွင် ကြိုတင်ကာကွယ်ဆေးအနေဖြင့် ဝယ်ယူကြသူများကြောင်းသိခဲ့ရသည်။ အာဗာမင်ဆေးဘူးလေး၏ ထုပ်ပိုးပုံလေးကိုယူကြည့်ရာ နိုင်ငံခြားမှ ဆေးဘူးပုံစံကဲ့သို့ သေသပ်လှပသည်။ JUNE  Logo နှင့် စံသတ်မှတ်ထားသည့် နိုင်ငံတကာရရှိသည့် Certificate Logo ၅ခုကိုဖော်ပြထားသည်။ ဆေးအညွှန်းကိုလည်း မြန်မာ၊ အင်္ဂလိပ်နှစ်မျိုးဖော်ပြပေးထားသည်။ Online တွင်ကြော်ငြာနေသော စိမ်းပြာရေညှိဆေးများကို အမြင့်ဈေးဖြင့်ရောင်းချနေချိန်တွင် မိမိတို့ပြည်တွင်း စိမ်းပြာရေညှိမှာ သုံးချိုးတစ်ချိုးဈေးသက်သာနေသည်။ သိသူများဝယ်ယူအားပေးကြကြောင်းသိရသည်။ ချင်း၊ ကြက်သွန်ဖြူအဆီအနှစ်နှင့်ထုတ်ထားသည့် ဂျင်ဂါမင် (GINGARMIN ) ဆေးသည်လည်း အစာအိမ်သမားများနှင့်သင့်လျော်ပြီး သွေးမှန်လေမှန်ကြောင်း ရောင်းချသူကညွှန်သဖြင့် ဝယ်ယူအားပေးခဲ့ပါသည်။

    ဘိုင်အိုမင်စီ (BIOMIN-C) ဆေးသည် ပျားရည်နှင့် စိမ်းပြာရေညှိရောစပ်ပြုလုပ်ထားသည့် ဆေးတောင့်လေးများဖြစ်ကြောင်း၊ နေ့လွှဲညစာမစားကြသည့် ရဟန်းသံဃာများ နေ့စဉ်မှီဝဲကြကြောင်း၊ စတုမဓူကဲ့သို့ ချက်ဆေးလည်းရှိကြောင်း၊ ဆိုင်အတွင်းဝယ်ယူနေသည့် ဦးပဥ္ဇင်းတစ်ပါးက ရှင်းပြပေးပြန်ပါသည်။ ဆွမ်းခံချိန် ဝေလီဝေလင်းတွင် ဘိုင်အိုမင်စီဆေးသောက်ထားခြင်းသည် “အဆာလည်းခံ၊ ဆွမ်းခံလမ်းလျှောက်ရာတွင် အမောလည်းခံနိုင်ရည်ရှိသဗျ” ဟု မိန့်ကြားချက်ကြောင့် လှူဒါန်းရန်အတွက်ပါဝယ်ယူခဲ့ရသည်။

စိမ်းပြာ‌ရေညှိ သဘာဝအင်း (၄) အင်း

     စစ်ကိုင်းတိုင်းအတွင်းထွက်ရှိသော ထုတ်ကုန်ပစ္စည်းများသည် မိမိတို့မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာသို့ဈေးကွက်ဖြန့်ကျက်နိုင်ပါက နိုင်ငံ၏ဝင်ငွေရပေါက်ရလမ်းတစ်ခုအဖြစ်ရရှိမည်သာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုများပြားနိုင်မှုဧကန်ဖြစ်ပါမည်။ မင်းကွန်းမှ အပြန်လမ်းခရီးတွင်တော့ စိမ်းပြာရေညှိမှထွက်ရှိသည့် ဆေးဝါးများနှင့်ပတ်သက်၍ အမှတ်တရအတွေးများဖြန့်ကျက်နေမိပါသည်။ မင်းကွန်းမှအပြန်ခရီး နာမည်ကျော်ကြားလူသိများသည့်ခိုတောင် မုန့်တီဈေးဆိုင်များစွာရှိသော ခိုတောင်ကျေးရွာအရောက်တွင် ခိုတောင်မုန့်တီဆိုင်တစ်ဆိုင်၌ ကျွန်မတို့အဖွဲ့မှာ ခိုတောင်မုန့်တီစားလျက် ယခင်အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ အဏုဇီဝ စိမ်းပြာရေညှိဆေးဝါးလုပ်ငန်းစက်ရုံ (ရေခါး) မှ အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးနှင်မိတ်ဆွေဖြစ်ခဲ့ကြပါသည်။ ထိုမိတ်ဆွေနှင့် စိမ်းပြာရေညှိအကြောင်း စကားစပ်မိရာမှ စိမ်းပြာရေညှိသည် ဆေးဖက်ဝင်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ တွင်းတောင်အင်း၊ ကနီမြို့နယ်၊ တွင်းမအင်းနှင့် တောင်ပျောက်အင်း၊ စစ်ကိုင်းမြို့နယ်၊ ရေခါးအင်းဟူ၍ (၄) အင်းရှိကြောင်းသိရှိရပါသည်။ တွင်းတောင်အင်းမှာ မြစ်ရေတင်လုပ်ငန်းကြောင့် ရေချိုဝင်သဖြင့် စိမ်းပြာရေညှိမထွက်တော့ကြောင်း၊ ရေခါးအင်းမှာလည်း အနီးဘေးရွာများ၏စွန့်ပစ်ရေကြောင့် အင်းအတွင်း ရေချိုဝင်ပြီး အထွက်နည်းသွားကြောင်းပြောပြပါသည်။ "ကနီမြို့နယ်၊ တွင်းမအင်းကာ “ရေညှိထွက်သေးတယ်၊ တောင်ပျောက်အင်းကတော့ာ အထွက်နည်းနေတယ်" ဟု သူသိသမျှပြောပြသည်။

   ရှားပါးသယံဇာတများ တစ်စတစ်စပျောက်ကွယ်ဆုံးရှုံးသွားမှုများအတွက် အလွန်ကိုနှမျောတသဖြစ်ရပါသည်။ ယခင်ဝန်ထမ်းဟောင်းတစ်ဦးသည် ယခုအချိန်တွင် စစ်ကိုင်း-မင်းကွန်းလမ်းဘေး မြန်မာနိုင်ငံဆေးဝါးစက်ရုံ (စစ်ကိုင်း) ၌ ဇွန်ဆေးဝါးကုမ္ပဏီမှဦးဆောင်၍ စိမ်းပြာရေညှိများကို မျိုးတုန်းမှုမရှိစေရန် နိုင်ငံတကာအသုံးပြုသောနည်းစနစ်များဖြင့် ကျွမ်းကျင်ဝန်ထမ်းများနှင့် နိုင်ငံရပ်ခြားမှ ပညာရှင်များပူးပေါင်းပြီး ဆောင်ရွက်နေသည်မှာ ဆယ်စုနှစ်တစ်စုကျော်နေပြီဖြစ်ကြောင်း ဝန်ထမ်းဦးရေ ၁၀၀ကျော်ရှိကြောင်း ဝမ်းမြောက်စွာသိရှိလိုက်ရသည်။

စိမ်းပြာရေညှိ အားဆေးနှင့်စားသောက်ကုန်များ

     စိမ်းပြာရေညှိအားဆေးများမှာ အာဗာမင်၊ ဂျင်ဂါမင်၊ ဘိုင်အိုမင်နှင့် ပရိုဗီမင်ဆေးများဖြစ်ပြီး ရောင်းဈေးနှုန်းမှာ အလုံး (၁၀၀) ပါ တစ်ဘူးလျှင် ၈၀၀၀ကျပ်ဖြစ်ကြောင်းသိရှိရသည်။ စိမ်းပြာရေညှိဆေးဝါးများအပြင် စိမ်းပြာရေညှိအဆီအနှစ်ထုတ်သည့် ရှားစောင်းလက်ပတ်ဖျော်ရည်၊ ချဉ်ပေါင်ဖူးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ ရှားစောင်းစပျစ်ဖျော်ရည်၊ ရဲယိုသီးဖျော်ရည်၊ ဇီးဖြူသီး ဖျော်ရည်၊ ချင်းပျားဖျော်ရည်၊ အဆီအနှစ်ဘူးမျိုးစုံနှင့် ခေါင်းလျှော်ရည်များကိုလည်းတွေ့လိုက်ရသည်။ စိတ်ကူးစိတ်သန်းကောင်းသော တီထွင်မှုများကိုဂုဏ်ယူမိပါသည်။ မြန်မာ့ထွက်ကုန်အသီးအနှံများစွာကို အကျိုးရှိစွာအသုံးပြုနိုင်ခဲ့သည်။ ကျွန်မတို့သည် နိုင်ငံရပ်ခြားမှ ဓာတုဖျော်ရည်များအစား မိမိတို့တိုင်းပြည်အတွင်း၌ ပေါများလျှံပယ်စွာရှိသည့် လူတို့စားသုံးနိုင်မှုများစွာအတွက် သွင်းကုန်အစားထိုးအသုံးပြုနိုင်နေပြီဖြစ်သည်။ အရောင်းတာဝန်ခံက ရှားစောင်းပင်များနှင့်အခြားသီးနှံပင်များကို စက်ရုံအတွင်း၌ စိုက်ပျိုးထားကြောင်းနှင့် အရောင်းသွက်ကြောင်း ရှင်းလင်းပြောပြသည်။

စိမ်းပြာရေညှိအလှကုန်များ

     စိမ်းပြာရေညှိကိုအခြေခံ၍ မန်ကျည်းမှည့်ရောစပ်ထားသည့် ဆေးဖက်ဝင်အသားဖြူသနပ်ခါးခဲ၊ စပီရူလိုင်းနား ရေညှိသနပ်ခါးခဲ၊ စပီရူလိုင်းနား ဆေးသနပ်ခါး၊ မျက်နှာပေါင်းတင်ဆေးမှုန့်၊ တင်းတိတ်၊ ဝက်ခြံနှင့် မိတ်ပျောက်သနပ်ခါးခဲ၊ ဆံပင်ပေါင်းတင်ရည်၊ ဆံပင်အားဖြည့်ရည်နှင့် ရွှေဩဇာ စပီရူလိုင်းနာ ဇီဝမြေဩဇာ၊ ရွှေဩဇာ စပီရူလိုင်နား ဇီဝမှိုသတ်ဆေး စသည့်တို့၏ အာနိသင်များကို အရောင်းစာရေးမလေးက ရှင်းလင်းပြောပြပါသည်။ ကျွန်မတို့မြန်မာပြည်မှထုတ်လုပ်သည့် နိုင်ငံတကာအဆင့်မီထုတ်ကုန်များ စစ်ကိုင်းတိုင်းအတွင်းမှ ထွက်နေသည်မှာ ဆယ်စုနှစ်လေးစုနီးပါးရှိနေပြီဖြစ်ကြောင်းသိရှိရသည်။ စိမ်းပြာရေညှိအလှကုန်ကို ပြည်တွင်းသာမက နိုင်ငံတကာသို့တင်ပို့ရောင်းချကြမည်ဆိုလျှင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာပိုမိုပေါ်ပေါက်နိုင်မည်ဖြစ်ပါသည်။ စိမ်းပြာရေညှိဇာစ်မြစ်ကို စတင်ဖော်ထုတ်ခဲ့သည့် ကွယ်လွန်သူဆရာကြီး ပါမောက္ခ ဒေါက်တာမင်းသိမ်းကိုလည်း များစွာဦးညွတ်ဂုဏ်ပြုရမည်ဖြစ်ပါသည်။ လေ့လာခွင့်ရမည်ဆိုပါကလည်း မြန်မာနိုင်ငံ၏ ရှားပါးသယံဇာတဖြစ်သော စိမ်းပြာရေညှိများကို မျိုးထိန်းမျိုးပွားပြီး စိမ်းပြာရေညှိထုတ်ကုန်များထုတ်လုပ်နေသည့် ဆေးဝါးစက်ရုံသို့သွားရောက်လေ့လာလိုစိတ်လည်း ထပ်မံဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာသိ၊ ကမ္ဘာသိဖြစ်သော စစ်ကိုင်းတိုင်းမှ စိမ်းပြာရေညှိထုတ်ကုန်များကိုလည်း တွင်ကျယ်စွာရောင်းချပြီး နိုင်ငံ့ဝင်ငွေပိုမိုရရှိစေလိုပါကြောင်း စီးပွားရေးရှုထောင့်မှ အားပေးတိုက်တွန်းမှုဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ 

DOCA(စစ်ကိုင်း)