မြန်မာနိုင်ငံရဲ့လတ်တလော ခေတ်ကာလအခြေအနေတွေကြားမှာ မှိုစိုက်ပျိုးရေးဟာ တကျော့ပြန်ခေတ်စားလာပါတယ်၊ တော၊ တောင်တွေ ပြုန်းတီးနေပြီး လူနေအိမ်တွေ များပြားလာတာကြောင့် သဘာဝပေါက်တဲ့မှိုတွေလည်းရှားပါးလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ် လောက်အထိ ရှမ်းပြည်နယ်(တောင်ကြီး)မှာ မိုးရာသီဆိုရင် မှိုတွေအမြောက်အမြား ထွက်ရှိတာကြောင့် မှိုဈေးတန်းဆိုပြီးတောင် မှိုဈေးကွက်ရှိခဲ့ပါတယ် ။ သဘာဝမှိုကို ရေဆေး၊ အခြောက်လှန်း၊ ဆီသန့်သန့်နဲ့ကြော်၊ ဘူးသွပ်ပြီး မှိုဆီကြော် (မှိုဆီစိမ်) ဆိုပြီးရောင်းကြပါတယ်။ အရသာရှိလွန်းပြီး သတ်သတ်လွတ်ဖြစ်တာကြောင့် ဝါတွင်းသတ်သတ်လွတ်စားသူများ၊ ဘာသာရေးအရ သတ်သတ်လွတ် အမြဲစားတဲ့ တရုတ်လူမျိုးတွေ အကြိုက်တွေ့တာကြောင့် ဈေးကောင်းရတဲ့ အစားအသောက်အဖြစ် လူကြိုက်များပါတယ်။
အခုတော့ သဘာဝမှိုတွေ ရှားပါးလာတာကြောင့် စိုက်ပျိုးရေးမှိုတွေက အစားဝင်ရောက်လာပါတယ်။ မှိုအမျိုးမျိုးရှိတဲ့အနက် ငွေနှင်းမှိုတွေက စိုက်ပျိုးရလွယ်ကူမှု၊ စားစရာလက်တစ်ကမ်း ရရှိမှုတွေကြောင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူတွေအတွက် စိတ်ဝင်စားစရာမှိုတစ်မျိုးဖြစ်လာခဲ့ပါတယ်။
ငွေနှင်းမှိုမှာ သဘာဝအလေ့ကျပေါက်တဲ့ မှိုမျိုးနွယ်တစ်ခုဖြစ်၍၊ Basidiomycota အုပ်စု ထဲမှာပါဝင်ပြီး ဒီအုပ်စုကတော့ မှိုမျိုးနွယ်တွေထဲမှာ စားကောင်းတဲ့ မှိုအများဆုံး ပါဝင်နေတဲ့အုပ်စု ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုကိုတော့ ဂျာမနီလူမျိုး ဖလက်ဆိုသူက ပထမကမ္ဘာစစ်အတွင်းမှာ စတင်ခဲ့တာလို့သိရပါတယ်။ စစ်ဖြစ်နေတဲ့ကာလတွေအတွက် ငွေနှင်းမှိုက အဆင်ပြေတဲ့ စားစရာ တစ်ခုဖြစ်ခဲ့ပြီး ယခုကမ္ဘာအနှံ့မှာ စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်ပါတယ်။
ငွေနှင်းမှိုကို အပူချိန် ၂၀-၃၀ ဒီဒရီ နဲ့ စိုထိုင်းစ ၅၅-၇၀ ရာခိုင်နှုန်းအထိရှိနေတဲ့ နေရာတွေမှာ စိုက်ပျိုးနိုင်ပါတယ်၊ ပူတဲ့အချိန်တွေမှာဆိုရင်တော့ စိုထိုင်းဆကိုပိုပေးပြီး စိုက်နိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ငွေနှင်းမှိုဟာ တတိယမြောက် ကမ္ဘာ့စိုက်ပျိုးရေး ထုတ်လုပ်မှုအမြင့်ဆုံးမှိုတစ်မျိုးဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် စိုက်ပျိုးထုတ်လုပ်မှု ၈၈ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်တယ်လို့လည်း သိရှိရပါတယ်။ စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းတဲ့အပြင် ၄၅ ရက်၊ တစ်သုတ်ထုတ်လုပ်နိုင်တာကြောင့် ဝယ်လိုအား၊ ရောင်းလိုအားတွေကို ချိန်ညှိနိုင်တဲ့ သီးနှံတစ်ခုလည်း ဖြစ်နေပါတယ်။ စာတွေ့အရ ၄၅ ရက်တစ်သုတ် ဆိုပေမဲ့ စိုက်ပျိုးပြုစုသူရဲ့ ကျွမ်းကျင်မှုအလိုက် သက်တမ်းအတိုး၊ အလျော့လည်း ပြုလုပ်နိုင်ပါသေးတယ် ။ပြုစုစောင့်ရှောက်ပုံမှာ လွယ်ကူရိုးရှင်းပြီး လေဝင်လေထွက် အသင့်တင့်ရှိတဲ့ အခန်းတစ်ခန်းပဲလိုအပ်တယ်လို့ သိရပါတယ်။ အခုအခါမှာ သဘာဝမှိုမှာရှားပါးပြီး ဈေးနှုန်းလည်းကြီးတာကြောင့် ငွေနှင်းမှိုတွေက ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာပါတယ်။ သဘာဝမှိုကြော်လောက်နီးနီး အရသာလည်းရှိတာကြောင့် မှိုဆီ ကြော်တွေကိုလည်း ငွေနှင်းမှိုတွေနဲ့ကြော်ပြီး ရောင်းလာကြသလို နှုန်းကလည်းသင့်တင့်တာကြောင့် ဈေးကွက်မှာလည်း အတော်ကို တွင်ကျယ်လာကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ငွေနှင်းမှိုမှာ ကျေးလက်မှာရှိတဲ့ အမျိုးသမီးတွေအတွက် အိုးမကွာ၊ အိမ်မကွာ၊ ဝင်ငွေဖန်တီးပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ စိုက်ပျိုးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
DOCA(ရှမ်း)