Main menu

မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေပီယာမြက် (Napier grass)

Powered by Drupal
Fri, 07/28/2023 - 11:01 -- consumer_admin

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။   ထို့ကြောင့်စိုက်ပျိုးရေး လုပ်ကိုင်ရန်သော်လည်းကောင်း၊ မွေးမြူရေးလုပ်ကိုင်ရန်အတွက်သော်လည်း ကောင်း၊ တိရိစ္ဆာန်များကိုမွေးမြူကြသည်။ သို့သော် မွေးမြူရေးလုပ်ငန်းရှင်များ၏ ကြုံတွေ့ရသော အခက်အခဲများဖြစ်ကြသည့် အစာဈေးကြီးမြင့်ခြင်း၊ စားကျက်မြေရှားပါးခြင်းတို့မှာ မွေးမြူရေး လုပ်ငန်းရှင်များ ကြုံတွေ့နေကြသည့် အခက်အခဲများဖြစ်ပါသည်။ ထိုအခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းမှာ နေပီယာမြက် စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။

     နေပီယာမြက်သည် ပုံမှန်မြက်များထက် အာဟာရတန်ဖိုး မြင့်မားပြီး အသားဓာတ် ၁၄ မှ ၁၆ ရာခိုင်နှုန်းထိပါဝင်ပြီး တစ်ဧကလျှင် အပင်ရေ(၄၄၀၀)ခန့်ကိုစိုက်ပျိုးနိုင်ကာ တစ်ခါစိုက်ပျိုးပြီးလျှင်    ငါးနှစ် အထိသက်တမ်း ရှိပါသည်။ စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း(၉၀)အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင်ငါးကြိမ်မှရှစ်ကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင်ကြောင်း သိရပါသည်။ တစ်ဧကအထွက်နှုန်းမှာ (၁၇၅)တန် အထိထွက်ရှိပြီး    နွားကောင်ရေ(၁၅)ကောင်(သို့) ဆိတ်ကောင် ရေ (၁၅၀) အထိ အစာဖူလုံစွာ ကျွေးမွေးနိုင်ကြောင်း သိရပါသည်။

    နေပီယာမြက်၏အကျိုးကျေးဇူးများမှာ သာမန်မြက်များထက် အာဟာရတန်ဖိုးမြင့်မားခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ တစ်ကြိမ်စိုက်ပျိုးပြီး နှစ်ရှည်ရိတ်သိမ်းနိုင်ခြင်း၊ အစာစရိတ်လျှော့ချနိုင်ခြင်း၊ နွေရာသီ အစာရှားပါးမှုမှ ကင်းလွတ်နိုင်ခြင်း၊ မြက်ချည်ဖက်လုပ်ကျွေးနိုင်ခြင်းနှင့် အစာတောင့်၊ မြက်ခြောက်အဖြစ် ကျွေးနိုင်ခြင်းတို့ဖြစ်ပါသည်။ နေပီယာမြက်၏မူရင်းဒေသမှာ အာဖရိကတိုက် တောင်ပိုင်းဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများတွင်ပါ စိုက်ပျိုးနိုင်ပြီး ရေအနည်းငယ်ရရှိရုံဖြင့် ရှင်သန်နိုင်သောမြက်ဖြစ်ပါသည်။ နွေရာသီရေရှားပါသည့် အပူပိုင်းဒေသတွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပြီး တိရစ္ဆာန်များအတွက် အစာရှားပါးမှုကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

   နေပီယာမြက်ကို ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ပူးနှင့် ငါး စသည့်တိရိစ္ဆာန်များအတွက် အဓိကစိုက်ပျိုးလျက်ရှိကြပါသည်။နေပီယာမြက်ကို အပူပိုင်းဒေသများတွင်သာမက စားကျက်မြေ ရှားပါးသော တောင်ပေါ်ဒေသများအထိပါ စိုက်ပျိူးလာကြပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ၊ ပင်လောင်း စသည့်မြို့များတွင်သာမ အခြားသောမြို့များတွင်ပါ စတင်စိုက်ပျိုးလျက်ရှိပါသည်။နေပီယာမြက်ကို ပင်ပိုင်းမျိုးပွားနည်းဖြင့် စိုက်ပျိုးနိုင်ပြီး တစ်ဆစ်လျှင် ၅၀ကျပ်မှ ၁၀၀ကျပ်နှုန်း ဈေးပေါက်လျက်ရှိကာ အချို့သော မွေးမြူးရေးလုပ်ငန်းရှင်များမှာလည်း မြေလွတ်၊  ခြံကွက်လပ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိပါ သည်။ နေပီယာ မြက်တစ်ကီလိုလျှင် မြန်မာငွေ ၂၀၀ကျပ် အထိဈေးရှိပြီး မြက်နှင့်မြက်မျိုးများ ရောင်းချခြင်းမှ တစ်ဧကလျှင် ၄၅သိန်းအထိ ဝင်ငွေရှိနေကြောင်း သိရပါသည်။

    နေပီယာမြက်မှာ ထိုင်းနိုင်ငံတွင် တိရိစ္ဆာန်အစာအတွက်သာစိုက်ပျိုးခြင်း မဟုတ်ဘဲ စက္ကူ ထုတ်လုပ်ခြင်းအတွက် အဓိကကုန်ကြမ်းအဖြစ်ပါ စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ထို့အပြင် နေပီယာမြက် မှာ (BIO GAS) ထုတ်လုပ်နိုင်သောမြက်ဖြစ်ပြီး နေပီယာမြက်ကို လောင်စာအဖြင့် အသုံးပြုကာ တစ်နှစ်လျှင် မဂ္ဂါဝပ်၃၀၀၀အထိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်လျက်ရှိကြောင်းသိရပါသည်။ ထို့ပြင် နေပီယာမြက်သည် မြေထိန်းနံရံများအဖြင့်စိုက်ပျိုးနိုင်ပြီး တောင်စောင်းများနှင့် မြစ်ကမ်းပါးများတွင်ပါ စိုက်ပျိုးနိုင်သောမြက်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်မြေတွင်မဆို စိုက်ပျိုးနိုင်ခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်း၊ အလေအလွင့်နည်းပါးခြင်း စသည့်အကျိုးများဖြစ်ထွန်းသော နေပီယာမြက်ကို စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)