Main menu

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာထုတ်ကုန် စဉ့်အိုးနှင့် စဉ့်လူသုံးကုန်အမျိုးမျိုး

Powered by Drupal
Wed, 08/09/2023 - 15:20 -- consumer_admin

    စဉ့်လုပ်ငန်းအတတ်ပညာကို အာရှအနောက်ပိုင်းနိုင်ငံများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၉၀၀ ခန့်ကပင် လုပ်ကိုင်နေခဲ့ကြပြီး၊ မြန်မာနိုင်ငံတွင် ၁၁ရာစုခန့်(ပုဂံခေတ်)တွင် စဉ့်သုတ်လုပ်ငန်းကို လုပ်ဆောင်တတ်ခဲ့ကြသည်ဟုယူဆကြောင်း ပညာရှင်များကဆိုသည်။ ပုဂံခေတ် အိုးလုပ်ငန်းသည် စဉ့်သုတ်အတတ်ပညာကို ရရှိလာသဖြင့် များစွာဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ၁၁ရာစုအလယ်ခန့်က တည် ထားခဲ့သည်ဟု ခန့်မှန်းရသော ငကျွဲနားတောင်းဘုရားကို စဉ့်အုတ်များဖြင့် တည်ဆောက်ထားသည် ကိုတွေ့ရှိရကြောင်း သမိုင်းပညာရှင်များကဆိုသည်။ပုဂံမြို့တောင်ဘက် နှစ်မိုင်အကွာ မြင်းကဘာရွာ တွင် စဉ့်ဖိုများရှိသည်။ ၁၂ရာစုက တည်သောဘုရားများတွင် အစိမ်းရောင် စဉ့်အုတ်ခွက်များကို အများအပြား အသုံးပြုထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ် ၁၁ရာစု အလယ်ခန့်တွင် ပုဂံပြည်၌ စဉ့်လုပ်ငန်းကို စတင်တတ်မြောက်ထွန်းကား လာခဲ့သည်ဟုဆိုနိုင်သည်။ စဉ့်အတတ်ပညာကို ရှမ်း များက တရုတ်ပြည်မှယူဆောင်လာခြင်းဖြစ်မည်ဟု ခန့်မှန်းကြောင်း လေ့လာသိရှိရပါသည်။

     ၁၄ရာစုလောက်ကတည်းက မြန်မာ့စဉ့်အိုးလုပ်ငန်းကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများ က သိရှိပြီး ထင်ရှားခဲ့သည်။ မုတ္တမအိုး သို့မဟုတ် ပဲခူးအိုးဟု ကျော်စောခဲ့သော စဉ့်အိုးများအကြောင်း ကို အေဒီ ၁၃၅၀ခန့်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မှတ်တမ်းများတွင် တွေ့ရကြောင်း သိရှိရသည်။ ထိုစဉ့်အိုးများကို တွံတေးတွင်ထုတ်လုပ်ပြီး မုတ္တမမှဖြန့်ဖြူးခဲ့ရာ ထိုစဉ်က အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ကူးသန်းသွားလာနေသော သင်္ဘောများက အများအပြားဝယ်ယူ၍ အိန္ဒိယနှင့် အာရေးဘီးယားနိုင်ငံများအထိ တင်ပို့ရောင်းချခဲ့ကြသည်။ မုတ္တမအိုး သို့မဟုတ် ပဲခူးအိုးဟု နိုင်ငံခြား သားများက အမည်ပေးထားသော စဉ့်အိုးများသည် ၁၉ရာစုအထိ ကျော်စောထင်ရှားခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော အင်ပါယာပြပွဲကြီးတွင် မြန်မာ့စဉ့်အိုးအရွယ်အစား အမျိုးမျိုးကို တခမ်းတနားပြသခဲ့ကြောင်း လေ့လာသိရှိရပါသည်။

    စစ်ကိုင်းဝန်းကျင်ဒေသတွင် ၁၇ရာစုအလယ်လောက်က စဉ့်လုပ်ငန်းရှိခဲ့သည်။ စစ်ကိုင်း ကောင်းမှုတော်ဘုရားဝန်းကျင်တွင် အဖြူရောင်စဉ့် အုတ်မိုးသော အဆောက်အဦများရှိပြီး ထိုဒေသ မှ အစိမ်းရောင်စဉ့်အုတ်များနှင့် စဉ့်မသုတ်သော အုတ်များကိုတွေ့ရသဖြင့် စစ်ကိုင်းသည် စဉ့်လုပ်ငန်း ထွန်းကားရာ ဌာနတစ်ခုဖြစ်ခဲ့မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

   အလောင်းမင်းတရားလက်ထက် ၁၈ရာစုအလယ်တွင် ဟံသာဝတီမွန်တို့ဒေသမှ အိုးအလုပ် သမားများသည် စစ်သုံ့ပန်းအဖြစ် အထက်မြန်မာနိုင်ငံသို့ ပါလာခဲ့ကြသည်။ ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်း အတတ်ပညာကို ဆက်လက်လုပ်ကိုင်နိုင်ရန် လုပ်ငန်းနှင့်သင့်လျော်သော ကုန်ကြမ်း ရနိုင်သည့်ဒေသတွင် နေရာချထားပေးခဲ့သည်။ ပထမတွင် ကျောက်မြောင်းရွာမှ ၆မိုင်ခန့်ဝေးသော မအူအရပ်ကို ရွေးချယ်ကြသော်လည်း အိုးလုပ်ငန်းအတွက် ကုန်ကြမ်းမြေ လှိုင်လှိုင်မရနိုင်သဖြင့် မြေ ကောင်းသည့် နွယ်ခွေကုန်းတန်းအနီး၌ ရွှေတိုက်ရွာ၊ ရွှေဂွန်းရွာနှင့် နွယ်ငြိမ်းရွာတို့တည်ပြီး အခြေချ ခဲ့ကြသည်။ လုပ်ငန်းကိုအားပေးလိုသော ဘုရင်းမင်းမြတ်က လုပ်ငန်းအတွက် သင့်လျော်သော           မြေကို မည်သည့်နေရာမှမဆို တူးယူခွင့်ပြုခဲ့သည်။ ရွှေနန်းတော်အောက်က ပင်ဖြစ်စေကာမူ တူးခွင့် ပြုသည်ဟု မိန့်တော်မူခဲ့ကြောင်း ရှေးလူကြီးများအစဉ်အဆက် ပြောခဲ့ကြ သည့် ပါးစပ်ရာဇဝင် ရှိခဲ့ သည်။ ဤသို့ဖြင့် ၁၈ရာစုအလယ်မှစ၍ ရွှေဘိုကျောက်မြောင်းဒေသတွင် စဉ့်လုပ်ငန်းဗဟိုဌာနတစ်ခု ပေါ်ထွန်းလာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

    စဉ့်လုပ်ငန်းလုပ်ကိုင်သည့် နွယ်ငြိမ်းကျေးရွာသည် ရွှေဘိုခရိုင် ကျောက်မြောင်းမြို့၊ အမှတ် (၄)ရပ်ကွက်တွင်ရှိပြီး  ရွှေဘိုမြို့၏ အရှေ့(၁၇)မိုင်အကွာတွင် တည်ရှိသည်။ ကျောက်မြောင်းမြို့ သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသဖြင့် စဉ့်အိုးနှင့်စဉ့်လူသုံးကုန်များကို ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်သော အားသာချက်ရှိသည်။ နွယ်ငြိမ်းကျေးရွာ တွင် စဉ့်အိုးလုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာပင် မိရိုးဖလာလုပ်ငန်းအဖြစ် သားစဉ်မြေးဆက် လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ စဉ့်အိုးကို လူသုံးကုန်ပစ္စည်း၊ အလှဆင်ပစ္စည်း၊ မီးဖိုချောင်းသုံး ပစ္စည်းများဟူ၍ အမျိုးအစား ၃မျိုး ပြုလုပ်ရောင်းချကြကြောင်း သိရှိရသည်။

စဉ့်အိုးပြုလုပ်ပုံအဆင့်ဆင့်

          စဉ့်အိုးပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ကျောက်မြေနုကြမ်း၊ ညောင်နီမြေ၊ မြေဝါ၊ မြေနုနှင့် လက်ချားတို့ကို အသုံးပြုရသည်။ ကျောက်မြေနုကြမ်း၊ ညောင်နီမြေ နှစ်ဆကို မြေဝါ၊ မြေနုသုံးဆ ရော၍ အမှုန့်ကြိတ်ပြီး၊ ရရှိသောမြေမှုန့်ကို ရေနှင့်လုံးကာ ရွှံ့စေးဖြစ်အောင် ပြုလုပ်ရသည်။ ရွှံ့စေး မြေကို အိုးလုပ်စက်ပေါ်တင်၍ မိမိပြုလုပ်လိုသည့် အိုးပုံစံရုပ်လုံးဖော်ကာ အိုးပြုလုပ်ရသည်။ အိုး ရုပ်လုံးပေါ်လာပြီးနောက် လိုအပ်သောပုံ ပန်းချီရေးချယ်သည်။ ပြီးနောက်နေရိပ်၌ ၁၀ရက်  သို့မဟုတ် ၁၅ ရက်ခန့် အခြောက်ခံရသည်။ အိုးအခြောက်များကို နေပူတွင်ထုတ်လှန်းကာနေပြ၍ အိုးပူလာ လျှင် ချော်ရည်များ သုတ်လိမ်းရသည်။ ချော်ရည်သုတ်ပြီးသော အိုးများကို မီးဖိုတွင်သွင်း၍ ကြာမြင့် ချိန် ၂ရက်(၄၈နာရီ)ခန့် မီးဖုတ်ရသည်။ မီးဖုတ်ပြီးအိုးများကို မီးဖိုထဲတွင်(၃)ရက်ခန့် အအေးခံထား ပြီး အပြင်သို့ထုတ်ပါက ရောင်းတန်းဝင် အိုးချောများရရှိကြောင်း သိရှိရပါသည်။

ကုန်ကြမ်းပစ္စည်းဈေးနှုန်းနှင့် လုပ်သားအခြေအနေ

      ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စဉ့်အိုးပြုလုပ်ရန် မြေနှင့်ထင်းများကို တစ်နှစ်စာလှောင် ထား ပြီး လက်ချားကို တရုတ်ပြည်သို့ မှာယူကြောင်း သိရှိရသည်။ ယခင် လက်ချား ၃၀ကီလိုဝင် တစ်အိတ်လျှင် ကျပ်နှစ်သောင်းကျော်ရှိပြီး၊ ယခု ကျပ်တစ်သိန်းငါးသောင်းကျော် ဈေးဖြင့်ဝယ်ကာ စဉ့်အိုး ဖိုကြီးတစ်ဖိုလျှင် လက်ချား ၃၀ကီလိုဝင် ၃အိတ်မှ ၄အိတ်ထိ အသုံးပြုရကြောင်း သိရသည်။

      နွယ်ငြိမ်းကျေးရွာတွင် စဉ့်အိုးလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် ၂၀ဦးခန့်ရှိပြီး၊ လုပ်ငန်း အကြီး/အသေးပေါ်မူတည်၍ လုပ်သား ၁၀ဦးမှ ၅၀ဦးထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကာ လုပ်သားတစ်ဦး တစ်ရက်လျှင် ကျပ်ခြောက်ထောင်မှ ကျပ်တစ်သောင်းကြား လုပ်အားခပေးချေ ကြောင်း သိရသည်။  နွယ်ငြိမ်းကျေးရွ ာနေပြည်သူများသည် စဉ့်အိုးလုပ်ငန်းအပြင် ၎င်းနှင့်ဆက်စပ် သည့် ကုန်ကြမ်းမြေသယ်ယူခြင်း၊ မြစ်အတွင်းမျော ပါလာ သည့် ထင်းဆယ်ယူစုဆောင်းပြီး ရောင်းချ ခြင်း၊ ကားနှင့်သင်္ဘောများသို့ စဉ့်အိုးတင်ခြင်း၊ စဉ့်ထည်ပစ္စည်းများကို ဖောက်သည်ယူ၍ ရောင်းချ ခြင်းစသည့် အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိကြောင်း သိရှိရသည်။

ဈေးကွက်၊ ဈေးနှုန်း

      နွယ်ငြိမ်းကျေးရွာတွင် ယခု ပိဿာ ၅၀ ဝင်နှင့် ပိဿာ ၁၅၀ ဝင် စဉ့်အိုးများကို အများဆုံး ပြုလုပ်ပြီး၊ ပိဿာ ၁၀၀ ဝင်နှင့်ပိဿာ၂၀၀ ဝင် စဉ့်အိုးကြီးများကို အမှာစာရရှိပါက ထုတ်လုပ် ကြောင်း သိရသည်။ လူသုံးကုန်ပစ္စည်းများဖြစ်သော စဉ့်ပန်းအိုးအရွယ်အမျိုးမျိုး (၆လက်မမှ ၃ပေ ထိ)ကို အရွယ်အစားပေါ်မူတည်၍ လက်ကားဈေးများမှာ ၁၈၀၀ကျပ်မှ  ၁၂၀၀၀ကျပ်ထိ၊ ပိဿာ ၁၅၀ ဝင် စဉ့်အိုးကြီးများမှာ ကျပ် ၃သောင်းမှ ကျပ်၅သောင်းထိ ရောင်းချကြောင်း သိရသည်။

     လူသုံးကုန်ပစ္စည်းဖြစ်သည့် သောက်ရေထည့်သည့်စဉ့်အိုး ရာဝင်အိုးများကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရပြီး၊ အလှဆင်ပန်း အိုးများကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) စသည်ဖြင့် မြန်မာပြည်အနှံ့၊ မီးဖိုချောင်းသုံးပစ္စည်း များကိုလည်း မြန်မာပြည်အနှံ့တင်ပို့ ရောင်းချကြောင်း သိရှိရသည်။

    ယခင်က နွယ်ငြိမ်းကျေးရွာမှထွက်ရှိသည့် စဉ့်အိုးများကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခဲ့ကြကြောင်း သိရှိရသည်။ ပြည်ပသို့တင်ပို့သည့် စဉ့်အိုးများ၏ အရည်အသွေးကို သီးသန့်ပြုလုပ် ကြသည်။ ယခင်က နွယ်ငြိမ်းကျေးရွာရှိ A1 စဉ့်အိုးလုပ်ငန်းမှ အင်္ဂလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ အစ္စရေးနိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ပြည်ပသို့ တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ A1 အိုးလုပ်ငန်းသို့လည်းကောင်း၊ နန္ဒဝန်ကုမ္ပဏီသို့လည်းကောင်း၊ Golden Voice ကုမ္ပဏီသို့ လည်းကောင်း စဉ့်အိုးများကို ရေယာဉ်များဖြင့် အရောက်ပို့စနစ်ကျင့်သုံး၍ ရန်ကုန်မှ တစ်ဆင့် နိုင်ငံစုံ၊ အေးဂျင့်လိုင်းစုံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

   မြန်မာနိုင်ငံစဉ့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ‌ဒေါက်တာမျိုးသန့်တင်မှဦးဆောင်ပြီး ပြည်ပပညာရှင်များနှင့်ပူးပေါင်း၍ ပြည်ပပို့သည့် စဉ့်ထည်များ၌ “ခဲ”ဆိပ် ပါဝင်ခြင်းရှိ/မရှိကို ၂၀၁၃ခုနှစ်က နွယ်ငြိမ်းစဉ့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ပါဝင်မှုမရှိဟု အသိအမှတ်ပြုခဲ့ကြောင်း လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရသည်။

   ၂၀၁၉ခုနှစ်နောက်ပိုင်း ပြည်ပသို့စဉ့်အိုးများ တင်ပို့ခြင်းလုပ်ငန်းမရှိတော့၍ ပြည်တွင်းဈေး ကွက်တစ်ခုတည်းသာ တင်ပို့ရောင်းချနေကြရကြောင်း သိရှိရသည်။ စဉ့်အိုးလုပ်ငန်းသည် စားသောက် ကုန်လုပ်ငန်းကဲ့သို့ နေ့စဉ်သုံးမဟုတ်သော လူသုံးကုန်ပစ္စည်းများဖြစ်၍ ယခုအခါ ပုံမှန်သာထုတ်လုပ် တင်ပို့ရောင်းချနေရကြောင်း သိရသည်။ စဉ့်ထည်များကို  မီးဖုတ်ရာတွင် ထင်းကို အသုံးပြုခြင်းမှ ထင်း အစားထိုး ဂက်စ်ဖြင့်စမ်းသပ်၍ဖုတ်ခဲ့ရာ ဂက်စ်သည် ထင်းမီးထက် လိုအပ်သော အပူချိန်ကို ထိန်းညှိနိုင်ခြင်း၊ ထင်းမီးကုန်ကျစရိတ်ထက် သက်သာခြင်းများရှိသော်လည်း ဒေသတွင်းဂက်စ် အရောင်းဆိုင်မရှိ ခြင်း၊တိုင်းခြားအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရာတွင် အခက်အခဲများရှိခြင်းတို့ကြောင့် ဂက်စ်ကို အသုံးမပြုနိုင်တော့ဘဲ ထင်းမီးဖြင့်သာဆက်လက် သုံးစွဲနေရကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

   ယနေ့ခေတ်တွင် ခေတ်မီဆန်းသစ်သော ပလတ်စတစ် လူသုံးကုန်ပစ္စည်းများ မည်မျှပင် ပေါ်ပေါက်စေကာမူ ရှေးမြန်မာ့လက်မှုပစ္စည်းများဖြစ်သော စဉ့်အိုးနှင့်စဉ့်လူသုံးကုန် စဉ့်ပန်းအိုးအမျိုးမျိုးကို မြန်မာလူမျိုးများသည် နှစ်ခြိုက်စွာ သုံးစွဲကြမြဲဖြစ်၍ နွယ်ငြိမ်းစဉ့်လုပ်ငန်းများကတော့ တိမ်မြုပ်ပျောက်ကွယ်သွားမှုမရှိဘဲ အစဉ်အမြဲ ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။  

DOCA(စစ်ကိုင်း)