Main menu

ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး

Powered by Drupal
Tue, 08/15/2023 - 16:26 -- consumer_admin

    ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်တွင် နယူးယောက်မြို့တော်နေ  လီယိုဘေ့ကာလန် (Leo Baekeland)မှ စတင်ထုတ်လုပ်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင်  ပလတ်စတစ်ကို ပုံစံအမျိုးမျိုး ထုတ်လုပ် လာကြပါသည်။ ၂၀ ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည့် လူအများဆုံးသုံးသည့်  ကုန်စည်တစ်ခု အဖြစ်သို့ ရောက်ရှိလာပါသည်။ Plastic ဆိုသော ဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်း ရှိသော - Capable of being shaped or molded” ဟု အဓိပ္ပာယ်ရပါသည်။

     ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာ တလွှား စီးပွားဖြစ်ထုတ်လုပ်လာကြပါသည်။ အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များ ထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ အတွင်း အမေရိကန်တွင် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်မှုသည် ရာခိုင်နှုန်း ၃၀၀ အထိ တိုးပွားလာခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဓာတုပစ္စည်းများနှင့် စက်မှုနည်းပညာများဖွံ့ဖြိုး တိုးတက်လာသည့် အလျောက် ပလတ်စတစ်မျိုးစုံ ထုတ်လုပ်မှုကလည်း တစ်ဟုန်ထိုး မြင့်တက် လာခဲ့သည်။ ပလတ်စတစ်ကုန်ကြမ်း အမျိုးမျိုးအပြင် မော်တော်ကားပစ္စည်းများ၊ အိမ်သုံး ပရိဘောဂ ပစ္စည်းများသာမက စက္ကူ (paper)၊ ဖန် (glass) အစားထိုးအဖြစ် ပလတ်စတစ်ပစ္စည်းများကို အသုံးပြု လာခဲ့ကြသည်။

ပလတ်စတစ်အသုံးပြုခြင်း၏ ကောင်းကျိုးများ

     ခေတ်အဆက်ဆက်တွင် ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသူများရော၊ သုံးစွဲ သူများပါ သည်းခြေကြိုက် ဖြစ်နေကြပါသည်။  ကုန်ကြမ်းပစ္စည်းက ဈေးမများသည့်အပြင် အလွယ်တကူ ပစ္စည်းများများ ထုတ်လုပ်နိုင်သဖြင့် ကုန်ကျစရိတ်နည်းနည်းနှင့် အမြတ်အစွန်းကြီးကြီး ရ၍ တွက်ခြေကိုက်ခြင်း၊ လိုသလို ပုံသွင်း၍ရပြီး အရောင်စုံထည့်၍ရသဖြင့် ရောင်းပန်းလှခြင်း၊ သံထည် ပစ္စည်းမဟုတ်သဖြင့် သံချေးကိုက်ခြင်းမရှိခြင်း၊ သစ်သားထည် မဟုတ်သဖြင့် ကျုံ့ခြင်း၊ ကြွခြင်းမရှိ ခြစားမည်ကိုလည်း စိတ်မပူရ၊ ကာလကြာရှည်ပစ္စည်းကို သိုလှောင်နိုင်ခြင်း စသည့် ရည်ရွယ် ချက်များဖြင့်  စီးပွားရေးလုပ်ငန်းရှင်များမှ ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ပလတ်စတစ်ကို ကြွတ်ကြွတ်အိတ်များ၊ တစ်ခါသုံး ရေသန့်ဘူးခွံ၊ ကလေးကစားစရာ အမျိုးမျိုးမှအစ အိမ်ဆောက် ပစ္စည်းအဆုံး ပလတ်စတစ်သုံးကာ ထုတ်လုပ်လာကြသည်။ ပလတ်စတစ်ကို အသုံးပြုခြင်းဖြင့် အလွယ် တကူအသုံးပြုနိုင်ခြင်း၊ နေရာတိုင်းတွင် အသုံးပြုနိုင်ခြင်း၊ ပစ္စည်းဝယ်ရလွယ်ကူခြင်း၊ ပေါ့ပါးမှုရှိစေခြင်း၊ ရေစိုခံခြင်း၊ အနံ့အသက်မရှိခြင်း၊ ဈေးနှုန်း အလွန်သက်သာသော်လည်း ကြာကြာသုံးနိုင်သဖြင့် ငွေ‌ကြေးအရတွက်ခြေကိုက်ခြင်း၊ အရောင်နှင့် ဒီဇိုင်းများက ဆွဲဆောင်မှုရှိခြင်း စသည်ဖြင့် အဆင် ပြေကြသဖြင့် ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း အသုံးပြုမှုများပြားနေပါသည်။  အိမ်ထောင်စု တစ်ခုစီတွင် လူသုံးကုန် ပစ္စည်းများ၏ သုံးပုံတစ်ပုံကျော်က ပလတ်စတစ်ကို အခြေခံပြီး ထုတ်လုပ် ထားသည့်ပစ္စည်းများ ဖြစ်နေကြပါသည်။

 

 ပလတ်စတစ်အသုံးပြုခြင်း၏ ဆိုးကျိုးများ

    ပလတ်စတစ်သည်  အမှိုက်အဖြစ်မှ ဆွေးမြေ့ပျက်စီးရန် အချိန်ကြာခြင်း၊ ပလတ်စတစ်ကို မီးရှို့ ခြင်းဖြင့် ပတ်ဝန်းကျင်သို့ညစ်နွမ်းစေသည့် အခိုးအငွေ့များ ထွက်ရှိလာနိုင်ခြင်း စသည့်ဆိုးကျိုးများ ရရှိနိုင်ပါသည်။  အများအားဖြင့် ပလတ်စတစ် အသုံးအဆောင်များ (ဥပမာ-ရေသန့်ဘူး၊ ပလတ်စတစ် အိတ်၊  ပိုက်)အစရှိသည့် အရာများကို တစ်ခါ အသုံးပြုပြီးလျှင် လွှင့်ပစ်လိုက်ကြသည်ကများကြပါသည်။ ပလတ်စတစ်သည် သဘာဝအတိုင်း ပျက်စီးရန် အလွန်အချိန်ကြာပါသည်။  ၎င်းသည် အမှိုက်အဖြစ်မှ အချိန်အတော်ကြာမှ  ဆွေးမြေ့သွားသော်လည်း ပလတ်စတစ်ဒြပ်ပေါင်း အပိုင်းအစများကတော့ ကျန်ရှိ နေအုံးမှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍  ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေနိုင်သည့်နေရာများ၊ စီးပွားရေး၊ လူ့ကျန်းမာရေး၊ တောရိုင်းသတ္တဝါတွေ၊ ငှက်တွေနဲ့ ပင်လယ်သတ္တဝါတွေကို အမျိုးမျိုးထိခိုက်စေပါ သည်။ ကမ္ဘာ့စီးပွားရေးစနစ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ခြင်းအားဖြင့် သော်လည်းကောင်း ပျက်စီးစေနိုင်ပါသည်။  

    ပလတ်စတစ်ရေသန့်ဘူးများ၊ ပလတ်စတစ်အိတ်များဖြင့် ပူလောင်နေသည့် အစားအစာများကို သယ်ဆောင်သည့်အခါ ပလတ်စတစ်မှ စိမ့်ထွက်လာသည့် ဓါတုပစ္စည်းများသည် လူခန္ဓာထဲသို့ ထိုအစားအစာများမှတဆင့် ဝင်ရောက်နိုင်ပြီး ၎င်းအဆိပ်အတောက်များကြောင့် ကင်ဆာရောဂါများ၊ မွေးရာပါချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါမစုံခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ဟော်မုန်းဆိုင်ရာရောဂါများ၊ အစာလမ်းကြောင်းရောဂါများစသည်ဖြင့် ဖြစ်ပွားစေနိုင်ပါသည်။  ထို့အပြင် ထိုပလတ်စတစ် အမှိုက်များ ကို ရေမြောင်းများထဲသို့ စွန့်ပစ်မိပါက ထိုပလတ်စတစ်အမှိုက်များသည် မြစ်ချောင်းများနှင့် ပင်လယ်ထဲ ထိမျှောပါသွားပြီး ရေအရင်းအမြစ်ကိုထိခိုက်စေနိုင်ပါသည်။

    စက္ကူ၊ သစ်သားတို့သည် ဆွေးမြည့်ပျက်စီးလွယ်သော်လည်း ပလတ်စတစ်အပိုင်းအစလေးတစ်ခု ပျက်စီးသွားရန် အနှစ် ၇၀၀ ကြာမြင့်ပြီး အလုံးစုံ ပျက်စီးဆွေးမြည့်ရန်မှာ အနှစ် ၁၀၀၀ အထိကြာပါ သည်။ သာဓကဆိုရပါမူ လူ့သက်တမ်းကို ပျမ်းမျှအသက် ၇၀ ဖြင့်တွက်လျှင် ထိုသူစွန့်ပစ်လိုက် သော ပလတ်စတစ်အမှိုက်တစ်စက ထိုသူ၏ နောင်ဆယ်ဘဝမက ကြာမြင့်သည်အထိ ပလတ်စတစ် အမှိုက်က မပျက်စီးမဆွေးမြည့်နိုင်သောကြောင့် အလွန်စိုးရိမ်ဖွယ်ဖြစ်ပါသည်။ ပလတ်စတစ် အမှိုက်များသည် ရာသီ ဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ နေရောင်ခြည်ကပါလာသည့် ခရမ်းလွန် ရောင်ခြည်ကြောင့် လည်းကောင်း ကြွပ်ဆတ်ပြီး အပိုင်းအစလေးသဖွယ် ဖြစ်သွားသည်။ ထိုအပိုင်းအစလေးများကို ကုန်းနေ ရေနေသတ္တဝါများက စားမိသည်။ ဆက်လက်၍ ၎င်းသတ္တဝါများကို လူတို့က စားကြသည်။ ထိုအခါ လူတို့၏ဝမ်းဗိုက်ထဲကို ပလတ်စတစ်အမှုန်များ ရောက်ကုန်သည်။  ထို့ကြောင့် အလွန်အန္တရာယ် များသော ပလတ်စတစ် သုံးစွဲမှုကို ယခုအချိန်မှစ၍ ထိန်းချုပ်ရန် လိုအပ်ပါသည်။

ပလတ်စတစ်သုံးစွဲမှုကို ဘယ်လိုလျော့ချနိုင်မလဲ

   ပလတ်စတစ်အိတ်ကို တတ်နိုင်သမျှ အသုံးမပြုဘဲ ပလတ်စတစ်အစားထိုး အင်ဖက်များ၊ သတင်းစာစက္ကူများ၊ ငှက်ပျောဖက်များ၊ စတီးလ်ချိုင့်များကို အသုံးပြုနိုင်ပါသည်။ ပလတ်စတစ်ရေခွက် များအစား ဖန်ခွက်များ၊ ကြွေခွက်များကို အသုံးပြုနိုင်ပါသည်။ ပလတ်စတစ်၏ ဆိုးမွေများကြောင့်

     ပလတ်စတစ်အသုံးပြုမှုကို လျှော့ချဖြတ်တောက်ရန်လိုပါသည်။ တစ်ခါသုံး ပလတ်စတစ်အိတ် သုံးစွဲမှု ကိုငြင်းပယ်ခြင်း၊ စက္ကူအိတ်ကဲ့သို့သော အလွယ်တကူဆွေးမြည့်နိုင်သည့် ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ဓလေ့ကောင်းကို ကျင့်ကြံမွေးမြူရပါမည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၂ ခုနှစ် (လွန်ခဲ့သော အနှစ်နှစ်ဆယ်)ကပင် ပလတ်စတစ်အိတ်များကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ပလတ်စတစ် ပစ္စည်းသုံးစွဲမှုကို တားမြစ်နေပြီ ဖြစ်ပါသည်။  မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် ၁၀စင်း စာရင်းတွင် ပါဝင် ကြောင်း မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI)၏ ၂၀၂၁ခုနှစ် စစ်တမ်းအရ သိရပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း လုံး ပလတ်စတစ်ညစ်ညမ်းမှုကိုလျော့ချစေရန် (5R) စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကို လျော့ချခြင်း (Reduce)၊ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှုကို ရှောင်ကြဉ်ပြီးပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ် ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)၊ Return ဆိုင်များသို့ပြန်လည်ပေးအပ်ခြင်း၊ Reject ပလတ်စတစ်အသုံးပြုခြင်းကိုငြင်းပယ်ခြင်း  တို့ဖြင့် ရေရှည် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီး အတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်ချက်ဖြင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပလတ် စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျှက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊  ဈေးကော်မတီအဖွဲ့ဝင်များ ပါဝင်လျှက် မြို့နယ်တိုင်းရှိ စည်ပင်သာယာဈေးများတွင်  ဈေး‌သူ/ ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ပလတ်စတစ် အစားထိုး အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်၊ စက္ကူများ အသုံးပြု နိုင်ရေး  အသိပညာပေးခြင်း၊  ဝေငှခြင်းနှင့်  ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ လည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   အချုပ်အားဖြင့်ဆိုသော် တကမ္ဘာလုံး ပလတ်စတစ်အမှိုက်ကင်းစင်ရေးသည် လူသားတိုင်းတွင် တာဝန် အပြည့်ရှိပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာတခွင် ပလတ်စတစ်ကင်းစင်ရေးအတွက် အားလုံးပူးပေါင်း ကြိုးစား ဆောင်ရွက်ရပါမည်။ လူသားများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာရသည့် ကမ္ဘာလုံး ဆိုင်ရာ ပလတ်စတစ်ကပ်ဘေးကို သက်ရှိလူသားတို့ကသာလျှင် ပြန်လည်ကုစားသည့်အနေဖြင့် ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သုံးစွဲမှုကို ဖြတ်တောက်ရပါမည်။ ပလတ်စတစ်အစားထိုး ကုန်ပစ္စည်း များ ထုတ်လုပ်နိုင်ရန်အတွက် အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်းရှင်များမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။  သို့ဖြစ်ပါ၍ ပလတ်စတစ်အမှိုက် ကင်းစင် ပပျောက်ရေးအတွက် လူသားတိုင်းတွင် တာဝန်မကင်းသဖြင့်  ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ဟူ၍ တစ်ဖက်တလမ်းမှ တိုက်တွန်းနိုးဆော်ရေးသားလိုက်ရပါသည်။

DOCA (မကွေး)