Main menu

ကောင်းကျိုးများပြားသည့် နှစ်ရှည်သီးနှံ မက္ကဒေးမီးယား (Macadamia)

Powered by Drupal
Wed, 08/16/2023 - 14:16 -- consumer_admin

   မက္ကဒေးမီးယားသည် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ပြီး Proteaceae မျိုးရင်းဖြစ်၍ ရုက္ခဗေဒအမည်မှာ Macadamia intergrifolia ဖြစ်ပါသည်။ ၁၈၅၇ခုနှစ်တွင် Scottish-Australian လူမျိုး၊ ဓာတုဗေဒနှင့် ဆေးပညာရှင်၊ နိုင်ငံရေးသမား John Macadam ကို ဂုဏ်ပြုသောအားဖြင့် မက္ကဒေးမီးယား (Macadamia) မျိုးစုဟုအမည်ပေးခဲ့ပါသည်။ မက္ကဒေးမီးယားအပင်၏မူရင်းဒေသမှာ ဩစတေးလျတိုက်၊ Queensland နှင့်  New South Wales ဒေသတို့ဖြစ်ပါသည်။ ထို့ကြောင့် တချို့က Queensland Nut ဟုခေါ်ဆိုကြပါသည်။ မက္ကဒေးမီးယာအစေ့သည် ထူးခြားနုညက်၍ ဆိမ့်သောအရသာရှိပြီး ကျန်းမာရေးအတွက် အကျိုးပြုသော အာဟာရဓာတ်ပါဝင်မှုကြောင့် ကမ္ဘာ့အကောင်းဆုံးအစေ့အဆန်အဖြစ် ထင်ရှားပါသည်။ မက္ကဒေးမီးယားကို ယခုအခါ မြောက်အမေရိကတိုက်၊ လက်တင်အမေရိက၊ အာဖရိကတိုက်၊ အရှေ့တောင်အာရှနှင့် နယူးဇီလန်နိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားကို ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ မက္ကဒေးမီးယားတွင် မျိုးကွဲပေါင်းများစွာရှိပြီး အခွံချော၍ အသီးလုံးဝန်းကာ  အရွယ်ကြီးသော Macadamia intergrifolia နှင့် အခွံကြမ်းကာ အသီးချွန်၍ အရွယ်သေးသော Macadamia tetraphylla တို့ကိုအဓိကစိုက်ပျိုးကြပါသည်။ မက္ကဒေးမီးယားပင်ကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း ရေဝပ်၍ သဲဆန်သောမြေ၊ ကျောက်သားမြေ စသည့်မြေများကို ကြိုက်နှစ်သက်မှုမရှိပေ။ အပူပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၅၀၀မှ ပေ၃၀၀၀အတွင်း စိုက်ပျိုးနိုင်ပြီး သမပိုင်းရာသီဥတုရှိသောဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၀၀၀၀ထက်နိမ့်သည့် မြေနိမ့်မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။ နှစ်စဉ်မိုးရေချိန်လက်မ ၆၀နှင့်အထက် ရွာသွန်းသောဒေသများတွင် စိုက်ပျိုးရှင်သန်နိုင်သော်လည်း ပန်းပွင့်ချိန်ကာလဖြစ်သော ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အနိမ့်ဆုံး အပူချိန် ၁၄ဒီဂရီဆဲလ်စီယပ်နှင့် ၁၈ဒီဂရီဆဲလ်စီယပ်ရရှိရန်လိုအပ်ပါသည်။ ထိုအချိန်တွင် ပန်းပွင့်နှုန်း အကောင်းဆုံးဖြစ်ပြီး အဆိုပါအပူချိန်များထက် အပူချိန်နိမ့်သွားလျှင်သော်လည်းကောင်း၊ မြင့်သွား လျှင်သော်လည်းကောင်း ပန်းပွင့်နှုန်းသိသာစွာလျော့နည်းသွားပါသည်။ မက္ကဒေးမီးယားအပင်၏ ရေလိုအပ်ချက်မှာ စိုက်ပျိုးမြေအမျိုးအစား၊ မြေမျက်နှာပြင်အနေအထား၊ လေတိုက်နှုန်း၊ တိမ်ထူထပ်မှုအခြေအနေ စသည်တို့အပေါ် များစွာမူတည်ပါသည်။ မက္ကဒေးမီးယားသည် ဇန်နဝါရီလမှ မတ်လအထိပန်းပွင့်ပြီး ဩဂုတ်လလယ်မှစတင်၍ အောက်တိုဘာလအထိ အသီးထွက်ရှိပါသည်။ မက္ကဒေးမီးယားစိုက်ပျိုးရာ၌ ယခင်တွင် အစေ့ကိုပျိုးထောင်စိုက်ပျိုးကြသည့်အတွက် သီးပွင့်မှုမတည်ငြိမ်ခြင်း၊ အသီးရင့်မှည့်မှုမညီညာခြင်း၊ အစေ့အဆံအထူးအပါးမညီခြင်း၊ စိုက်ပျိုးကာလ (၇)နှစ်မှ (၈)နှစ်အထိကြာမြင့်ခြင်းများရှိသော်လည်း ယခုအခါ ကိုင်းကူးကိုင်းဆက် နည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးလာကြသဖြင့် ယခင်ထက် အရည်အသွေးပိုင်းသာလွန်ကောင်းမွန်ပြီး စိုက်ပျိုးကာလမှာလည်း (၄)နှစ်မှ (၅)နှစ်အထိတိုတောင်းခြင်းကြောင့် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်ကြောင်းသိရှိရပါသည်။ ထို့ပြင် မက္ကဒေးမီးယားတွင် ပိုးမွှားရောဂါထူးခြားစွာကျရောက်နိုင်ခြင်းမရှိကြောင်း လေ့လာသိရှိရပါသည်။ မက္ကဒေးမီးယားပင်သည် သက်တမ်းအားဖြင့် (၆၀)နှစ်မှ (၁၀၀)နှစ်ခန့်အထိ စီးပွားဖြစ်ထုတ်လုပ်စိုက်ပျိုးနိုင်ပါသည်။ မက္ကဒေးမီးယားအစေ့ကို ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၌အသုံးပြုလျက်ရှိပြီး အစေ့အဆံကိုလှော်၍ အိတ်၊ သံဘူးများနှင့်ထည့်သွင်း၍ ရောင်းချပြီးစားသုံးကြသည့်အပြင် ချောကလက်၊ ရေခဲမုန့်၊ ကိတ်မုန့်၊ သကြားလုံး စသည့်စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းထုတ်လုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုလျက်ရှိကြပါသည်။ မက္ကဒေးမီးယားအစေ့သည် သွေးတွင်းအဆီဓာတ်များကိုလျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများကိုကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာဖြစ်ပွားမှုကို လျော့ချကာကွယ်ပေးနိုင်သော Antioxident ဓာတ်အလုံအလောက်ပါဝင်ခြင်း၊ ကစီဓာတ်များ၊ အမျှင်ဓာတ်များ၊ အသားဓာတ်၊ သတ္တုဓာတ်များ၊ ကျန်းမာရေးအတွက်လိုအပ်သော ဗီတာမင်ဓာတ်များစွာပါဝင်သဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေသည်။ မက္ကဒေးမီးယားအစေ့ကို တစ်နေ့လျှင် (၆)ဆံ မှ (၂၀)ဆံအထိစားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ကြောင်းသိရပါသည်။  မက္ကဒေးမီးယားအစေ့ကိုစားသုံး၍ရသည့်အပြင် အစေ့ကိုကြိတ်ခွဲ၍ မက္ကဒေးမီးယားဆီအဖြစ်လည်းအသုံးပြုနိုင်ပါသည်။ ထို့ပြင် မက္ကဒေးမီးယားအပွင့်ပွင့်၍ ဝတ်မှုန်ကူးချိန်တွင် ပျားမွေးမြူခြင်းဖြင့် ဝတ်မှုန်ကူးမှုပိုမိုလျင်မြန်စေပြီး အသီးသီးချိန်၌ ပိုးမွှားကျရောက်မှုနည်းပြီး အထွက်နှုန်းတိုးပွားနိုင်သည့်အပြင် မက္ကဒေးမီးယားပျားရည်ကိုလည်း ထုတ်လုပ်နိုင်သည့်အတွက် သီးနှံတစ်မျိုးတည်းမှ ဝင်ငွေအမျိုးမျိုးရရှိနိုင်ပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသော မက္ကဒေးမီးယားများကို ပြည်တွင်း၌လည်းသုံးစွဲပြီး ပြည်ပသို့တင်ပို့ရာတွင် အသီးအစိမ်း တိုင်းအဖြစ်လည်းကောင်း၊ အခြောက်ခံ၍ အသင့်စားအစေ့အဖြစ်လည်းကောင်း တင်ပို့ပြီး အဓိကအနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ပြည်တင်းဈေးကွက်အနေဖြင့် မက္ကဒေးမီးယားအစေ့အား အိတ်ငယ်ဖြင့်သော်လည်းကောင်း၊ ဘူးဖြင့်သော်လည်းကောင်း ထုပ်ပိုး၍ အသင့်စားအစေ့ ၁၀၀g လျှင် ၆၅၀၀ကျပ်မှ ၈၅၀၀ကျပ်အထိပေါက်ဈေးရှိကြောင်းသိရပါသည်။ ပြည်ပသို့တင်ပို့ရောင်းချမှုအနေဖြင့် ယခင်နှစ်တွင် မက္ကဒေးမီးယား အသီးစိမ်းတစ်တန်လျှင် အနိမ့်ဆုံး ၁၈သိန်းကျပ်တိတိဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ မက္ကဒေးမီးယားသည် ဝယ်လိုအားများပြားခြင်း၊ တန်ဖိုးကြီးမြှင့်ခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊ အစားအသောက်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်း၊ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ အကျိုးအမြတ်များပြားခြင်း၊ အပင်သက်တမ်းကြာမြင့်စွာထုတ်လုပ်နိုင်ခြင်း စသည်တို့ကြောင့် ပြည်တွင်းတွင် စိုက်ပျိုးသူများတိုးပွားလျက်ရှိပါသည်။ သို့သော် မက္ကဒေးမီးယားသည် နှစ်ရှည်သီးနှံပင်ဖြစ်သဖြင့် အရင်းကျေကာလမှာ ကြာမြင့်ပြီး ပြည်တွင်းတွင် တန်ဖိုးမြင့်ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာလိုအပ်ချက်၊ စက်ကိရိယာလိုအပ်ချက် စသည့်အခက်အခဲများကြုံတွေ့လျက်ရှိကြောင်း သိရပါသည်။

DOCA(ရှမ်း)