Main menu

ကြက်ဟင်းခါးသီး စိုက်ပျိုးနည်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Thu, 08/17/2023 - 10:21 -- consumer_admin

   ကြက်ဟင်းခါးသီး၏ မူရင်းဒေသမှာ အာရှတိုက်၊ အာဖရိကတိုက်တို့ဖြစ်ပါသည်။ မြေအမျိုး အစားမရွေးစိုက်ပျိုးနိုင်ပြီး မြေဩဇာကောင်းသော မြေမျိုးတွင် ပိုမိုပေါက်ရောက်နိုင်သောအပင် အမျိုးအစားဖြစ်ပါသည်။ ရေကြိုက်သောအပင်အမျိုးအစားဖြစ်သော်လည်း ရေဝပ်တာကို မနှစ်သက်ပါ။

          ကြက်ဟင်းခါးသီးပင်စိုက်ပျိုးမည်ဆိုပါက ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။  စိုက်တန်းတစ်တန်းကို (၃)ပေ သို့မဟုတ် (၅)ပေ ခွာ၍ တစ်ပင်နှင့် တစ်ပင်ကို (၁)ပေ သို့မဟုတ်(၂)ပေ ခွာပြီးစိုက်ပျိုးရပါသည်။ အပင်များဖြစ်ထွန်း၍ မြေဩဇာကောင်းရန် အမိုနီယမ်ဆာလဖိတ်ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာများဖြစ်သော  နွားချေး၊ မီးသွေး၊ ပြာ၊ အုန်းခွံတို့ကို ထည့်၍ စိုက်ပျိုးလျှင် ပို၍ကောင်းမွန်ကြောင်းသိရသည်။ အပင်စထွက်လာပြီးဆိုပါက မြေပေါင်းသင်းခြင်း၊ မြက်နုတ်ခြင်း၊ မြေကြပ်မည်ဆိုပါက မြေဆွပေးခြင်းတို့ကို လုပ်ပေးရပါသည်။ အပင် (၄)ပေမှ(၅)ပေထိရှိလာပါက ကြက်ဟင်းခါးသီးသည် နွယ်အမျိုး အစားတွင် ပါဝင်သောကြောင့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ ရက် ၅၀-၆၀ တွင်စတင်၍ အသီးအပွင့်များကို လိုရာခူးဆွတ်၍ စားသုံးနိုင်ပါသည်။

     ကြက်ဟင်းခါးသီးသည် ဆေးဖက်ဝင်အာနိသင်အပြည့်အဝရရှိသော အသီးဖြစ်၍ ကြက်ဟင်းခါးသီးအညွှန့်ကို ပြုတ်တို့၍ လည်းကောင်း၊ အသီးကို အခွံခြစ်၍ လှီး၍ ဆားနှင့်နယ်၊ အခါးရည် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့် ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲ၊ ပုစွန်တို့နှင့် ရောနှောချက်ပြုတ်၍ လည်းကောင်း၊ အသီးကင်းများကို ပြုတ်၍ အတို့အမြှပ်အဖြစ်လည်းကောင်း စားသောက်ကြသည်။ ကြက်ဟင်းခါးသီးကိုစားသုံးခြင်းဖြင့် သွေးထဲရှိသည့် မကောင်းသော အဆီဓာတ်တွေကို လျော့ချပေးခြင်း၊ ကင်ဆာရောဂါပြန့်ပွားမှုကို လျော့ချတားဆီးပေးခြင်း၊ ဆီချိုးရောဂါကို ထိန်းချုပ် ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်းတိုးတက်စေ၍ အမြင်အာရုံကိုလည်း ကောင်းမွန်စေပါသည်။

    တခြားအာနိသင်များဖြစ်သော အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ပန်းနာရင်ကြပ်၊ အဆုပ်ပွ၊ ချောင်းဆိုးစသည့် အသက်ရှုလမ်းကြောင်းပြဿနာများဖြစ်လျှင် လတ်ဆက်သော ကြက်ဟင်းခါးသီးကို အရည်ကြိတ်၍ ရရှိလာသော အရည်နှင့် ပျားရည်တို့ကိုရောပြီး သောက်လျှင် သက်သာပျောက်ကင်း၍ ယခုအချိန်မိုးရာသီတွင် ရာသီတုတ်ကွေးများဖြစ်များပြီး ကြက်ဟင်းခါးသီး အညွှန့်ကိုကြိတ်၍ ရရှိလာသော အရည်ကို ပျားရည်နှင့် ရော၍ သောက်ပါက ရာသီတုတ်ကွေးကို ကာကွယ်နိုင်ကြောင်း လေ့လာသိရှိရသည်။

    ကြက်ဟင်းခါးသီးကို အလေ့အကျပေါက်သော အပင်များမှသော်လည်းကောင်း၊ ဈေးမှသော်လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်သောကြောင့် အကုန်အကျနည်းစွားဖြင့် အသုံးပြုနိုင်မည့် လူတိုင်းအတွက် ဆေးစွမ်းတစ်လက် ကြက်ဟင်းခါးသီးအကြောင်းကို ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)