Main menu

ချင်း၏ အကျိုးကျေးဇူးများ

Powered by Drupal
Thu, 08/17/2023 - 14:14 -- consumer_admin

   မီးဖိုချောင်သုံးဟင်းများတွင် မပါမဖြစ်အသုံးပြုသော ချင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြားလှပါသည်။ ချင်းဆိုသည်မှာ ဟင်းလျာများကို အနံ့အရသာတိုးစေသည့်အပြင် အညှီကိုနိုင်စေရန်အတွက်လည်းအသုံးပြုကြပါသည်။ ချောင်းဆိုး၊ ရင်ကြပ်၊ အမျိုးသမီးမီးယပ်မှန်စေရန်အတွက် ချင်းကိုအသုံးပြုကြပါသည်။ ချင်းကို တရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် အပူပိုင်းနိုင်ငံများတွင် စတင်အသုံးပြုခဲ့ကြပါသည်။ ချင်းတွင် အကျိုးကျေးဇူးများစွာပါဝင်သောကြောင့် တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းနေရာများနှင့် ကမ္ဘာတဝှမ်းတွင် စိုက်ပျိုးလာကြသည်။ အနောက်တိုင်းနိုင်ငံများတွင် ၁၇၄၀ခုနှစ်လောက်တည်းက ချင်းကို သကြားလုံး၊ ပေါင်မုန့်၊ ချင်းဂျာဝိုင်၊ ချင်းဘီယာ၊ ကွတ်ကီးနှင့် ကိတ်မုန့်များအဖြစ် အသုံးပြုနေသည်ကိုလေ့လာတွေ့ရှိရပါသည်။

   ချင်းသည် အိန္ဒိယနိုင်ငံတွင် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်၊ ဂျပန်နိုင်ငံတွင် ချင်းကိုကြိတ်ချေပြီး ခေါက်ဆွဲ၊ တို့ဟူးတို့တွင် အသုံးပြုကြသည့်အပြင် သကြားလုံးပြုလုပ်ရာနှင့် အားတိုးဆေးဖော်စပ်ရာတွင်လည်း ချင်းကိုအသုံးပြု၍ ထုတ်လုပ်ထားပါသည်။ ထိုင်းနိုင်ငံတွင် ချင်းကို ကြက်သွန်နီနှင့်ရောစပ်၍ ဟင်းချက်ရာတွင်လည်းအသုံးပြုပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ချင်းနှင့်ထန်းလျက်ကိုအခြေခံ၍ အဖျော်ယမကာအဖြစ်း ထုတ်လုပ်ထားပါသည်။

    ချင်း၏အကျိုးကျေးဇူးများမှာ အစာမကြေလေရောဂါ၊ ကိုယ်တွင်းအဆီများခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ အအေးမိခြင်း၊ အဖျားအမျိုးမျိုး၊ ခေါင်းကိုက်ရောဂါ၊ ချောင်းဆိုးရောဂါ၊ သွေးအားနည်းခြင်း၊ ကြွက်သားအဆစ်ရောင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ ခရီးပန်းခြင်း၊ ဗိုက်ကယ်ပြီး လေပွ၍ပျို့အန်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ချွေးငုတ်သောရောဂါ၊ သွေးမသန့်သောရောဂါတို့ကိုပျောက်ကင်းစေပါသည်။ ချင်း၏အရသာမှာ ပူစပ်ပြီး ဝမ်းမီးကိုတောက်စေ၏။ ထို့ပြင် လေသလိပ်များကိုနိုင်ခြင်း၊ အစာကြေခြင်း၊ လေကိုကြေစေခြင်း၊ ချမ်းတုန်အဖျားကိုနိုင်စေခြင်း၊ သွေးမပေါ်လျှင် ပေါ်စေခြင်း၊ နှလုံးကျဉ်းနာကိုပွင့်စေခြင်း၊ ရာသီပြောင်းအာဂန္တုအဖျားများနှင့် ချောင်းဆိုးခြင်းတို့ကို ရေနွေးပူပူနှင့်ကြိုတင်သောက်ပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါသည်။

   ချင်းသည် ဖောရောင်ရောဂါများကိုလည်း ချင်းသတ္တုစိမ်းရည်နှင့် ထန်းလျက် (အဟောင်း)၊ ဆိတ်နို့ရောစပ်၍ သောက်ပေးပါက သက်သာပျောက်ကင်းစေပါသည်။ နားကိုက်လျှင် ချင်းစိမ်းသတ္တုရည်ကို မီးနှင့် နွေးရုံအပူပေးပြီး အရည်ကို နားတွင်း၌ခတ်ပေးပါကလည်း သက်သာပျောက်ကင်းစေပါသည်။ အစာမကြေဖြစ်ခြင်း ဝမ်းမီးနံခြင်းများဖြစ်ပါက ချင်းကို ပျားရည် (သို့မဟုတ်) ရှောက်ရည်၊ ရေနွေး (သို့) ရေနှင့် ရော၍သောက်ခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ချင်းမှုန့်ကို ထန်းလျက်နှင့်ရော၍ သင့်တော်ရုံစားပေးပါက ဝမ်းမီးအနှံ့အစာမကြေခြင်းကိုပျောက်ကင်းစေပါသည်။ ချင်းခြောက်နှင့် ဆင်တုံးမနွယ်တို့ကို ဆတူရောပြီး လေးပုံတစ်ပုံကျန်အောင် ရေထည့်ပြုတ်၍ သောက်ပေးပါက နာတာရှည်အဆစ်အမြစ်ရောင်၍ ဖြစ်တတ်သောအဖျားရောဂါကိုပျောက်ကင်းစေပါသည်။ ချင်းခြောက်ကို ရေနှင့်သွေးပြီး မျက်စိတွင်ခတ်ခြင်း၊ မျက်စိနာယားယံခြင်းကိုပျောက်ကင်းစေပါသည်။ ချင်းကို ပုံမှန်မှီဝဲပေးပါက အသက်ရှည်ပြီး အနာရောဂါများကိုကာကွယ်ပေးကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)