Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်ရှိ တပိုင်တနိုင် ညဈေးတန်း

Powered by Drupal
Fri, 09/08/2023 - 15:34 -- consumer_admin

    ရှမ်းပြည်နယ်သည် ကျယ်ဝန်းလှပ၍ ခရီးသွားများစိတ်ဝင်စားသည့်  ပြည်နယ်တစ်ခုဖြစ်ပြီး တိုင်းရင်းသားများ စုပေါင်းနေထိုင်ရာ ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သော Tourist Attraction နေရာအများအပြားနှင့် မြည်းစမ်းခံစားနိုင်သော တိုင်းရင်းသား ရိုးရာအစားအစားများ  ၊ ဒေသထွက်ကုန်များ ပေါကြွယ်ဝပါသည်။

      ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ညနေ့ပိုင်းတွင်သာ ဖွင့်လှစ်သည့် ညဈေးတန်းတွင် ဒေသထွက်သီးနှံနှင့် အစားစားများ၊ တိုင်းရင်းသားရိုးရာလက်မှုပစ္စည်းများအား တစ်ပိုင် တစ်နိုင်ရောင်းချလျက်ရှိသည်။ ညဈေးတန်း ဟုခေါ်ဆိုသည့်အတိုင်း နေ့စဉ် ညနေ့ပိုင်း (၃) နာရီ မှ ည(၁၀) နာရီအထိ ဖွင့်လှစ်ရောင်းချလေ့ရှိသည်။ လာရောက်လည်ပတ်သူများနှင့် စိတ်ဝင်စားစရာကောင်းသည့် တောင်ကြီးမြို့မှ ညဈေးတန်းတွင် ဆိုင်ခန်းနှင့်သော်လည်းကောင်း၊ Mobile Shop (ကား ၊တွန်းလှည်း) စသည့်ဖြင့်သော်လည်းကောင်း၊ စည်ပင်ဈေးများ၌သော်လည်းကောင်းရောင်းချကြပါသည်။ ရိုးရာအစား အသောက်များ၊ ဒေသထွက်ကုန်များ ရောင်းချရာတွင် ဒေသခံများကြားတွင်သာမက  ပြည်တွင်း၊ ပြည်ပ ခရီးသွားများကြား၌ ရေပန်းစားလျက်ရှိသောနေရာမှာ တောင်ကြီးမြို့ရှိ သစ်တောရပ်ကွက်၌ ဖွင့်လှစ်ထားသည့် Night 38 Market နှင့် မြို့မဈေးတောင်ဘက်ရှိ ညဈေးတန်း ဖြစ်ပါသည်။ ရှမ်းပြည်နယ်ဒေသထွက် ပစ္စည်းများ ဖြစ်သည့် လက်ဖက်ခြောက်၊ နေကြာစေ့၊ ကြက်သွန်ဖြူ၊ ပဲပုတ်ချပ်၊ ပဲပုတ်စေ့၊ မုန့်ညှင်းချဉ်၊ ရာသီချိန်သီးနှံများ၊ ရှမ်းခေါက်ဆွဲ၊ ခေါက်ဆင့်ပလာတူး၊ ထိုဖူးနွေးကဲ့သို့သော ရှမ်းအစားအစာများ၊ မာလာဟင်း၊ မာလာရှမ်းကော၊ မာလာမောက်ချိုက် ကဲ့သို့သော တရုတ်အစားအစာများ၊ Street Food အစားအစာများ၊ ဟင်းထုပ်၊ ဝက်သားချဉ်၊ ငါးထမင်းနယ် ကဲ့သို့သော အင်းလေးအစားစာများမျိုးစုံ စုံလင်စွာ ရောင်းချလျက်ရှိသည့်အပြင် ရိုးရာအထည်များကိုပါ ရောင်းချလျက်ရှိပါသည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့၏ဆွဲဆောင်မှုရှိသော ညဈေးတန်းသည် ဒေသခံများကြားတွင် သာမက Online ပေါ်တွင် Travel Blogger ၊ Food Blogger များကလည်း တောင်ကြီးမြို့၏ ဆွဲဆောင်မှုရှိသောနေရာ တစ်နေရာ အဖြစ်လာရောက် လည်ပတ်၍ Videos များရိုက်ကူးလေ့ရှိကြပြီး အများစိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည့် နေရာတစ်ခု ဖြစ်သဖြင့်  တပိုင်တနိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရတဲ့ ညဈေးတန်းလေးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)