ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးသော အစားအစာတွင် ပါဝင်သည်။ စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချရသောကြောင့် ကောက်ရိုးမှိုစိုက်ပျိုးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အရည်အသွေးပြည့်ဝသော မှိုထုပ်များကို ရွေးချယ်စိုက်ပျိုးမှသာ အထွက်နှုန်းကောင်းနိုင်မည်ဖြစ်သည်။ မှိုမျိုးထုပ်များကို ဖြည်ကြည့်သောအခါ အချဉ်နံ့ ထွက်ပြီး မှိုမျှင်များသည် အဖြူရောင်မှ အဝါရောင် သို့မဟုတ် အစိမ်းရောင်သို့ ကူးပြောင်းနေသည့် မှိုထုပ်များကို အသုံးမပြုသင့်ပေ။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံ ကုန်ကြမ်း ဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုးထုံး၊ ရိုးပြတ်များကို စုဆောင်းပြီး ရေစိမ်ထားရန် လိုသည်။ ရေစိမ်ပြီး ကုန်ကြမ်းများကို မှိုပုံမပြုလုပ်မီ ရေစစ်ပြီး အသင့်အနေအထားဖြစ်အောင် ပြုလုပ်ရပါမည်။
မှိုပုံအတွက် အာဟာရဓာတ်ထောက်ပံ့နိုင်ရန် အပူနှင့် အစိုဓာတ်ကို ထိန်းထားရန် နုတ်နုတ် စင်းပြီး အခြောက်ခံထားသည့်ဗေဒါ၊ နေကြာ၊လဲမှိုအူတိုင် သို့မဟုတ် အလေအလွင့် ပဲပင်အမျိုးမျိုး၊ ငှက်ပျောရွက်၊ ငှက်ပျောအူ နှစ်ပြည်ခန့်နှင့်နွားချေးခြောက် တစ်ပြည်၊ ဖွဲနု နို့ဆီဘူး သုံးဘူးတို့ကို သမအောင် ရောစပ်၍ ဖြည့်စွက်အစာအဖြစ် ပြင်ဆင်ထားရပါမည်။
ကောက်ရိုးမှို စိုက်ပျိုးရန်အတွက် ညီညာ၍ ရေမဝပ်သောနေရာကို ရွေးချယ်ထားရမည်။ အရိပ်ရပြီး လေဝင်လေထွက်ကောင်းသောနေရာမျိုးတွင် ပိုမိုသင့်လျော်သည်။ လယ်မြေ သို့မဟုတ် ခြံမြေနှင့် အလင်းရောင် ကောင်းစွာရရှိသော မည်သည့်မြေနေရာမျိုးမဆို ကောင်းစွာ စိုက်ပျိုးနိုင်ပါသည်။ နေရာသန့်ရှင်းရန်အတွက် ထုံးဖြူးပေးရန် လိုအပ်ပါသည်။ ၆၅ မူး သစ်ပြား ဖြင့် ပြုလုပ် သော အခြေအကျယ် တစ်ပေခွဲ၊ အပေါ်အကျယ်တစ်ပေ၊ အမြင့် တစ်ပေခွဲရှိသော ပုံစံခွက် လိုအပ်ပါသည်။ သို့မဟုတ် ယင်းအရွယ်ပမာဏအတိုင်းး ထောင့်တိုင်လေးတိုင် စိုက်၍ ပုံပေးရမည်။ ကောက်ရိုးမှို တစ်ပုံစာအတွက် ကောက်ရိုးခြောက် ငါးပိဿာခန့် လိုအပ်ပါသည်။ လက်ဖြင့်ပွေ့လျှင် သုံးပွေ့စာခန့် ရေစိမ်ရမည်ဖြစ်ပါသည်။
ကောက်ရိုးရေစိမ်ရမည်အချိန်မှာ နွေရာသီတွင် ခြောက်နာရီ၊ မိုးရာသီတွင် တစ်နာရီနှင့် ဆောင်းရာသီတွင် သုံးနာရီရေစိမ်ထားပြီး ပုံစံခွက်ထဲ ခြောက်လက်မထုရအောင် နင်းပေးရမည်။ ထို့နောက် ငှက်ပျောရွက်ခြောက် သို့မဟုတ် ဓားဖြင့်စဉ်းထားသည့် ဗေဒါခြောက် သုံးပြည်၊ နွားချေး ခြောက်တစ်ပြည်၊ ဖွဲနု နို့ဆီဘူးတစ်ဘူးတို့အား ရေနှင့်သမအောင် ရော၍ ကောက်ရိုးမျက်နှာပြင် ဘေးပတ်လည် သုံးလက်မကျယ်ခန့် ဖြူးပေးရမည်။ ထို့နောက် ကောက်ရိုးမှိုမျိုးစေ့ကို အပေါ်မှ တစ်လက်မခွဲ အကျယ်ပတ်လည် အနားစွန်းပေါ်မှ ဖြူးချပေး၍ ရေစိမ်ထားသောကောက်ရိုးကို နောက်တစ်ထပ် ခြောက်လက်မထုရအောင် ထပ်တင်ပေးပြီး ကောက်ရိုးသိပ်ညပ်နေအောင် နင်းပေး၍ သုံးလွှာပြုလုပ်ပေးရပါမည်။ ပြီးလျှင် အပေါ်မှ ကောက်ရိုးအုပ်ပြီး ပလတ်စတစ်ဖြင့် လေလုံအောင် ဖုံးပေးရမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အစိုဓာတ်နှင့် အပူချိန် ရရှိမည်ဖြစ်ပါသည်။ ထိုသို့လေးရက်ဆက်တိုက် ပလတ်စတစ်အုပ်ပေးပြီး ငါးရက်မြောက်နေ့မှစ၍ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မိနစ် ၃၀ ခန့် လှပ်ပေးရပါမည်။
ကောက်ရိုးမှိုစိုက်ပျိုးပြီး ၁၄ရက် ၁၅ ရက်သားတွင် စတင်ခူးဆွတ်ရပါသည်။ ကောက်ရိုးမှို မျိုးစေ့ ၁ ထုပ်လျှင် ၅၀၀ ကျပ်ပေးရပြီး တစ်ဘောင်အတွက် မျိုးစေ့ ၅ ထုပ် သုံးရပါသည်။ ကောက်ရိုးမှို တစ်ဘောင်ဆိုလျှင် အထွက်ပိဿာ ၅ ပိဿာမှ ၁၀ ပိဿာအထိ ထွက်ရှိပါသည်။ ကောက်ရိုးမှို ဖောက်သည်ဈေးမှာ ကျပ် တစ်သောင်း ဖြစ်ပြီး လက်လီရောင်းဈေးမှာ ကျပ် တစ်သောင်းသုံးထောင်ဖြစ်၍ ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် အိမ်ထောင်စုတစ်စု၏ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)