နိုင်ငံတစ်နိုင်ငံအနေဖြင့် အဓိကအကျဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို ခိုင်မာအောင်အုတ်မြစ်ချ၍ တည်ဆောက်ရလေ့ရှိသည်။ နိုင်ငံစီးပွားရေးအင်အားတောင့်တင်းစေရန် စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီထူထောင်ရန်လိုပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ငွေကြေးလည်ပတ်စီးဆင်းမှုအားကောင်းစေသကဲ့သို့ ကုန်ထုတ်လုပ်မှုကဏ္ဍအသီးသီးကိုတိုးတက်စေနိုင်သည်။ နိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာဝင့်ထည်နိုင်သည်။ ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲခြင်းကိုတားဆီးနိုင်ပြီး ပြည်ပသွင်းကုန်အစား ပြည်ပပို့ကုန်များကိုလည်း အရည်အသွေးမြှင့်တင်ပြောင်းလဲ၍ တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေစီးဆင်းမှုအားကောင်းစေပြီး နိုင်ငံတော်အတွက် လိုအပ်သည့်ကဏ္ဍအသီးသီးကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါ ဒေသထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့်ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များ၌ ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း ပုံစံတူအတုအပသတိပြုစရာအခြေအနေများပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ်တစ်ခုသည် သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင်ထုတ်လုပ်မှုကိုကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကိုထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအားကျဆင်းသွားစေနိုင်သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်များလည်းရှိရန်လိုအပ်သည်။
မြန်မာ့ရှားပါးဒေသထွက်ကုန်များထဲမှ တစ်မျိုးဖြစ်သည့်ကရမက်သည် နံ့သာနီ၊ နံ့သာဖြူ၊ အကျော်၊ စမ္ပာ၊ ကရမက်ဟူသော နံ့သာငါးမျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ၎င်းတို့သည် အဖိုးတန်သော အပင်ထွက်ဆေးပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ တနင်္သာရီတိုင်းရှိ အမြဲစိမ်းသစ်တောများထဲတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိပြီး ပူအိုက်စိုစွတ်သောဒေသများတွင် ဖြစ်ထွန်းပါသည်။ အာရှနိုင်ငံများတွင်မူ အိန္ဒိယ၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများတွင် တွေ့ရလေ့ရှိပါသည်။ ယခုနောက်ပိုင်းတွင်မူ ဥယျာဉ်ခြံများ၌ အစေ့များမျိုးပွားပြီး စိုက်ပျိုးကြသည်။
အပင်ပုံစံသည် ရွက်ပြားကြီး၍ ထီးပုံသဏ္ဌာန်ရှိကာ ရွက်ထိပ်မှာ ချွန်ပြီး အရွက်ရင်းမှာ ဝိုင်းပါသည်။ ပွင့်သည် ရှည်လျားပြီး ညိုဝါရောင်အဆင်းရှိသည်။ ကရမက်အပင်၌ လူသတ်ပင်နှင့် နတ်သတ်ပင်ဟူ၍နှစ်မျိုးရှိသည်။ "သက်တမ်းမရင့်သေးဘဲ ခုတ်လှဲရောင်းချသောအပင်များ”သည် ထင်သလောက် မမွှေးသည့်အတွက် ထိုအပင်မျိုးကို လူသတ်ပင်ဟုခေါ်ကြသည်။ နတ်သတ်ပင်သည် သဘာ၀အတိုင်း သက်တမ်းရင့်၊ သဘာ၀အတိုင်းသေ၊ လွန်စွာမွှေးကြိုင်သည့် နံ့သာအနှစ် ကရမက်အစစ်ဖြစ်ပြီး ဆေးဖက်၀င်၍ တန်ဖိုးကြီးပြီးအလွန်ရှားသည်။ ၄င်းအသားကိုလိမ်းပြီး ရေချိုးလျှင်တောင် ခန္ဓာကိုယ်၌ ရနံ့စွဲနေသဖြင့် ရှေးမြန်မာလူကြီးများက " ရေချိုးခံကရမက်" ဟုခေါ်ဆိုကြသည်။
ကရက်မက်သည် အရသာ အေး၊ ချို၊ မွှေး စသည့်သတ္တိတို့ကြောင့် နှလုံးကိုငြိမ်းစေသည်။ နှလုံးခုန်သည့်စည်းချက်ကို ပုံမှန်ဖြစ်စေသောသတ္တိရှိသည်။ အပူကိုငြိမ်းစေပြီး ရနံ့သည် စိတ်နှလုံးကိုကြည်စေသည်။ အမျိုးသမီးများမီးယပ်နှင့်ပတ်သက်သည့် မီးယပ်နည်းခြင်း၊ များခြင်း၊ မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍ ခန္ဓာကိုယ်တစ်ကိုယ်လုံး (သို့) အစိတ်အပိုင်းအလိုက် ပူခြင်း၊ ချွေးထွက်များခြင်း၊ ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊ မီးယပ်ချမ်းထ၊ သားအိမ်တွင်း အခိုးအပူအောင်းခြင်း၊ သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းတို့ကို ကရမက်မှာ ကာကွယ်ပေးနိုင်စွမ်းရှိသည်။ မြန်မာ့ဆေးကျမ်းများအလိုအရ ကရမက်သည် ခါးသက်သောအရသာရှိပြီး သွေးလိမ်းခြင်း၊ သောက်ခြင်းများပြုလုပ်နိုင်သည်။ သလိပ်ကိုကြေစေပြီး နှာခေါင်းသွေးလျှံခြင်း၊ နှလုံးရောဂါ၊ ဆီးရောဂါ၊ ညောင်းကျရောဂါများကိုပျောက်ကင်းစေနိုင်ပါသည်။ သွေးလိမ်းခြင်းဖြင့် အသားအရည်ကိုအေးမြစေပြီး ယားယံခြင်းများသက်သာ ပျောက်ကင်းနိုင်ပါသည်။ မိန်းမတို့အသက် ကရမက်ဆိုသည့်အတိုင်း အမျိုးသမီးများသွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကိုလိမ်းပေးခြင်း၊ သောက်ပေးခြင်းများပြုလုပ်နိုင်ပါသည်။
ကရမက်ပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေမှာ ပေ(၄၀)ကျော်ထိရှိသည်။ အပင်လုံးပတ်မှာ (၅)ပေ၊ (၆)ပေအထိရှိသည်။ အညိုရောင်ရှိ၍ မာကျောသောအနှစ်ပါသည့် အပင်မျိုး ဖြစ်သည်။ အသားသည် စန္ဒကူးအသားနှင့်တူသည်။ အရွက်သည်ရွက်ပြားကြီး၍ ထီးပုံသဏ္ဌာန်ရှိသည်။ ကတ္တီပါမွှေးနုများရှိပြီး အပွင့်သည် ညိုဝါရောင်အဆင်းရှိသည်။ ရနံ့မှာ အလွန်မွှေးသည်။ အသီးသည် အတောင့်ပါအသီးဖြစ်၍ တစ်လက်မခန့်ရှည်သည်။ အစေ့တစ်ခုတည်းသာရှိပြီး ရင့်သောအခါ အက်ကွဲသွားသည်။
ကရက်မက်သည် အသားစိုသည့်အချိန်တွင် မွေးကြိုင်သည့်အနံ့လုံးဝမရှိဘဲ ခုတ်လှဲပြီးနောက် ဆွေးမြေ့စေသည့် မှိုတစ်မျိုးဝင်ရောက်လာမှသာ မွှေးကြိုင်သောအနံ့တစ်မျိုးဖြစ်ပေါ်လာကြောင်းသိရှိရပါသည်။ ယခုတွင်မူ များသောအားဖြင့် သက်တမ်းနုချိန်၌ ခုတ်၍ရောင်းချကြသည့်အတွက် အသားကျစ်ကရမက်များမရရှိဘဲ သက်တမ်းရင့်ပြီး သဘာဝအတိုင်းခြောက်သွေ့သည့် အပင်အမျိုးအစားလောက် ဈေးနှုန်းမရရှိပါ။ ကရမက်ကို အသုံးပြုနိုင်သည့်အစိတ်အပိုင်းသည် အမြစ်နှင့် အသားဖြစ်ပါသည်။ ကရမက်ကို ကရမက်အခဲ၊ ကရမက်အမွေးတိုင်၊ ကရမက်အရည်ဘူး၊ ကရမက်အမှုန့်၊ ကရမက်အနှစ်၊ ကရမက်ပုတီးများ၊ ကရက်မက်ယပ်တောင်များအဖြစ် အသေးစား၊ အလတ်စား စီးပွားဖြစ်ထုတ်လုပ်ရောင်းချလျက်ရှိကြပါသည်။ ကရမက်ကို ဈေးနှုန်းဈေးကွက်အနေဖြင့် ကရမက်လက်သွေးခဲတစ်ခဲလျှင် ကျပ်(၂၀၀၀)၊ ကရမက်အမွှေးတိုင်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)၊ အသင့်လိမ်းနိုင်သော ကရမက်အရည်ဘူးတစ်ဘူးလျှင် ကျပ်(၂၅၀၀)၊ ကရမက်အမှုန့် (၁၀၀)ဂရမ်ပါ တစ်ဘူးလျှင် ကျပ် (၅၅၀၀)၊ ကရမက်အနှစ်(၁၅၀)ဂရမ်ပါ တစ်ဘူးလျှင် ကျပ်(၆၀၀၀)၊ နတ်သတ်ကရမက်(၁)ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ ကရမက်အနှစ်တုံး(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ကရမက်အတုံး(၁၀)ကျပ်သားလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုလျှင် ကရမက်ပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး အဖိုးတန်သည့်အပင်ဖြစ်သောကြောင့် ကရမက်ဖြစ်ထွန်းနိုင်သည့်ဒေသများအဖို့ နောင်ရေးအတွက် အားထားစိုက်ပျိုးသင့်ကြောင်း၊ ဈေးနှုန်းမှာလည်း အဖိုးတန်သည့်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပိုမိုအားကောင်းလာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းမှတစ်ဆင့် စီးပွားရေးသမားတစ်ယောက်ဖြစ်လာနိုင်သည်။ တစ်နိုင်တစ်ပိုင်အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ပြည်တွင်း/ပြည်ပအရည်အသွေးမြှင့်ထုတ်ကုန်များထုတ်လုပ်လျက် နိုင်ငံတော်၏ အကျိုးစီးပွား၊ လူမှုစီးပွားဘဝတိုးတက်ရေးကိုဖြည့်စွမ်းပေးနိုင်ခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများတိုးတက်ခိုင်မာလာစေရေး တိုက်တွန်းရေးသားလိုက်ရပါသည်။
DOCA(မကွေး)