ပိန္နဲသီးစိမ်းဆိုတာက အပေါ်ခွံမှာ ဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေရှိပြီး အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲသီးမွှာ ချိုချိုလေးတွေပါ ရှိတာပဲဖြစ်တယ်။ ပိန္နဲသီးတွင် အိမ်မာနှင့် အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ကျန်းမာရေး အာနိသင်ကတော့ အတူတူပဲဖြစ်ပါတယ်။ ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်ပြီး အတို့အမြှုပ်အနေနဲ့ တို့စားခြင်း၊ ပြုတ်စားခြင်း၊ အတုံးလေးတွေတုံးပြီး ချက်စားရင်လည်း အတော်စားကောင်းတဲ့ အသီးလေးပဲဖြစ်ပါတယ်။ ချက်ပဲစားစား၊ တို့စရာအနေနဲ့ တို့ပဲစားစား အရသာရှိရှိလေးနဲ့ ချက်စားလို့စားကောင်းတဲ့ ပိန္နဲသီးစိမ်းက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ပိန္နဲသီးစိမ်းမှာပါတဲ့ အာဟာရဓာတ်များကတော့ ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C ၊ Pyridoxine (ဗီတာမင် B6 )၊ Niacin (ဗီတာမင် B3 )၊ Riboflavin (ဗီတာမင် B2 )၊ Folic acid (ဗီတာမင် B9)၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Phosphorus တို့ ပါဝင်သည်။
ပိန္နဲသီးမှာ အဆီပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် အမျှင် ဓာတ်ကြွယ်ဝစွာပါဝင်မှုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထောက်အကူပြုပါသည်။ ပိုတက်ဆီယမ် ပါဝင်သည့်အတွက် သွေးတိုးကျစေနိုင်ပြီး သွေးပေါင် ထိန်းညှိပေးနိုင်သည့်အတွက် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်သည်။ ပိန္နဲသီးစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်သည့်အတွက် နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေ နိုင်သည့်အပြင် ဗီတာမင် C ပါဝင်မှုကလည်း ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ခြင်းနှင့် သွေးကြော ကျဉ်းတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေပြီး ဆဲလ်များကို ပြုပြင်ပေးပါတယ်။ သံဓာတ်အပါအဝင် ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးနိုင်သည့်အတွက် မကြာခဏ ဖျားနာတတ်သူတွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်သူတွေ၊ ရာသီဥတု အရမ်းအေးတဲ့နေရာမှာ နေထိုင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အနာကျက်စေနိုင်ပြီး ကော်လာဂျင် ထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်သလို ကိုယ်ခံအားစနစ်ဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။
မဂ္ဂနီဆီယမ် ပါဝင်မှုက ညဘက်တွင် အိပ်မပျော်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် ပိန္နဲသီးအစိမ်းစားပေးသင့်ပါတယ်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် လျော့နည်းလာတာကြောင့် ညဘက်အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ တစ်နေ့တာကို မဂ္ဂနီဆီယမ် ပမာဏ ၃၀၀ မီလီဂရမ်ကနေ ၃၅၀ မီလီဂရမ်တို့ လိုအပ်ကြောင်း သိရပါတယ်။
မဂ္ဂနိက အရိုးတွေ သန်မာစေဖို့ မဖြစ်မနေလိုအပ်တဲ့ ဓာတ်တစ်ခုပဲဖြစ်ပါသည်။ သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေ အနေဖြင့် အရိုးမပွစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အသက်ရလာလေ အရိုး သိပ်သည်းဆတွေက နည်းလာလေပဲဖြစ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အရိုးသိပ်သည်းဆကို အကောင်းဆုံးအားဖြည့်နိုင်ဖို့အတွက် မဂ္ဂနိကို လိုအပ်မှာပါပဲဖြစ်ပါတယ်။ လူသားတို့အနေဖြင့် အသက်အရွယ် ကြောင့် အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့ဆိုရင် တစ်နေ့ကို မဂ္ဂနိ ၁.၈ မီလီဂရမ်ကနေ ၂.၃ မီလီ ဂရမ် လိုအပ်မှာပဲဖြစ်ပါတယ်။
ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ ပိန္နဲသီးစိမ်းကို အသားအစားထိုးအနေဖြင့် ချက်၍လည်း စားသုံးနိုင်ပါတယ်။ အဲလိုချက်စားခြင်းက ကယ်လ်လိုရီ စားသုံးမှုကို လျော့ကျစေနိုင်ပြီး ပြည့်ဝဆီကို လျှော့ချပြီးသားလည်း ဖြစ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ စားသုံးခြင်းနှင့် အဆီလျှော့စားခြင်းတို့က အင်ဆူလင် ထုတ်လုပ်မှုကိုကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်၍ ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သလို ဆီးချိုရှိနေသူတွေအနေဖြင့်လည်း ဆေးဖြစ်ဝါးဖြစ် အနေဖြင့် စားသုံးသင့်ပါတယ်။ အမဆင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သည့်အပြင် ဝမ်းမှန်စေနိုင်ပြီး အူလမ်းကြောင်းတစ်လျှောက်ရှိ အဆိပ်အတောက်နှင့်အညစ်အကြေးများကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်၍ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ပိန္နဲသီးစိမ်းကို အစာအိမ်ရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ကြောင်း လေ့လာသိရှိရသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။
DOCA(ကရင်)