Main menu

သာယာဝေစည် မြန်မာပြည်

Powered by Drupal
Tue, 05/28/2024 - 11:53 -- consumer_admin

     ကမ္ဘာပေါ်တွင် တိုက်ကြီး(၇)တိုက်ရှိသည့်အနက် အာရှတိုက်သည် အကြီးဆုံးနှင့် အကျယ်ဆုံးတိုက်ဖြစ်သည်။ အာရှတိုက်တွင် နိုင်ငံပေါင်း(၅၀)ရှိပြီး ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစနစ်နှင့် ယဉ်ကျေးမှုပေါင်းစုံတို့ ကြွယ်ဝထွန်းကားရာ ဒေသလည်းဖြစ်သည်။

   အာရှတိုက်၏ နိုင်ငံများထဲတွင်အပါအဝင်ဖြစ်သော မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များထဲတွင် မြေဧရိယာအားဖြင့် အကျယ်ဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်းတွင် ဖြတ်သန်းစီးဆင်းနေသော မြစ်ကြီးလေးစင်းရှိပြီး ရေချိုအိုင်ပေါင်းမြောက်များစွာရှိကာ ရှည်လျားသောကမ်းရိုးတန်း ကိုလည်း ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတ များစွာကြွယ်ဝပြီး အလုပ်လုပ်နိုင်သော လူငယ်အရေအတွက်သည် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ရှိပါသည်။

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ခြင်းကြောင့် ပင်လယ်ထွက်ပေါက်ရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်ပြီး မွေးမြူရေးကိုပါ တွဲဖက်လုပ်ဆောင်ကြသည်။ နိုင်ငံတော် ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်ထဲတွင် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်‌အောင် တည်ဆောက်ရေး” ဟူသည့်အချက်လည်း ပါဝင်ပါသည်။

    ထို့အပြင်မြန်မာနိုင်ငံသည် လူဦးရေအားဖြင့် သန်းထောင်ကျော်ရှိသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး နိုင်ငံ၏ပထဝီဝင်အနေအထားအရ မဟာဗျူဟာကျသော အနေအထားတွင်တည်ရှိပါသည်။ နိုင်ငံ၏အနောက်ဘက်တွင်လည်း လူဦးရေသန်း(၁၅၀) ကျော် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ရှိနေပါသည်။

     မြန်မာနိုင်ငံသည် မြေဧရိယာကျယ်ဝန်းခြင်း၊ မြစ်ချောင်းအင်းအိုင်ပေါများခြင်းတို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ်ဆောင်နိုင်သည့်အပြင် အခြားသဘာဝသယံဇာတများဖြစ် သည့် ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ စသည်တို့ကြွယ်ဝသည့်နိုင်ငံလည်း ဖြစ်သည်။

   မြန်မာနိုင်ငံသည် သဘာဝက ပေးအပ်ထားသော ဆုလာဘ်များဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတတို့ ပြည့်စုံပြီး စည်းကမ်းစနစ်ကျစွာ ထုတ်ယူသုံးစွဲမည်ဆိုလျှင် ဒေသတွင်း နိုင်ငံများထက် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် သဘာဝ အလှအပများ ပေါကြွယ်သည့်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

   မြန်မာနိုင်ငံသည် အာရှတွင် သဘာဝအတိုင်း ကျန်ရှိနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာလူမျိုးများသည် ပင်ကိုယ်သဘာဝအားဖြင့် ရိုးသားဖော်ရွေသော လူမျိုးများဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေအနုပညာတို့ဖြင့် ကမ္ဘာ့အလယ်တွင် ကျက်သရေရှိစွာ တည်ရှိနေသော နိုင်ငံတစ်နိုင်ငံပင်ဖြစ်ပါသည်။

DOCA(ပဲခူး)