Main menu

ပဲပင်ပေါက်အကြောင်းသိကောင်းစရာ

Powered by Drupal
Thu, 05/30/2024 - 11:54 -- consumer_admin

     ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌ပင် အပင်ဖောက်ကာ စိုက်ပျိုးရလွယ်ကူသော အစားအသောက်တစ်မျိုးပင်ဖြစ်သည့်အလျောက် ပြန်လည် ရောင်းချမည့်သူများအတွက်လည်း အလွန်စီးပွားရေး တွက်ချေကိုက်သော အပင်တစ်မျိုးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဲတီစိမ်းတပြည်လျှင် ၆၄ဝဝကျပ်၊ နို့ဆီဗူးတစ်ဘူးလျှင် ၈ဝဝကျပ်၊ နို့ဆီတစ်ဘူးအား ပဲပင်ဖောက်လျှင် ၁ပိဿာ နှင့် ၅၀သားရသည်။

     စားသုံးသူများအနေဖြင့်လည်း အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက် လွန်စွာ အထောက်အကူပြုစေသည်။ ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို လိုအပ်သည့် ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါသည်။ ပဲပင်ပေါက်စားရင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအား ကောင်းစေပြီးရောဂါပိုးများကူးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဇီဝကမ္မဖြစ်စဉ်များကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည့် အင်ဇိုင်းတစ်မျိုးပါဝင်နေသောကြောင့် ဆဲလ်အတွင်းဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါ ကျန်းမာအောင် ထောက်ပံ့မှုနှင့် ကြွက်သားများကျန်းမာအောင်လုပ်ဆောင်ပေးသည့် ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်နေသည်ကိုလည်း တွေ့ရှိရပါသည်။ ပဲပင်ပေါက်မှာပါဝင်သည့် အင်ဇိုင်းဓာတ်ကို အခြားအစားအစာများမှ ရရှိဖို့ရာခက်ခဲလှပါသည်။ ၎င်းအင်ဇိုင်းမှာ အစာချေစနစ်ကို ကျန်းမာစေ နိုင်ပြီး အစာကြေစေနိုင်သလို အူနံရံတွေကိုအာဟာရဓာတ်များ အကောင်းဆုံး စုပ်ယူနိုင်အောင် ထောက်ပံ့ပေးနိုင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်မှုကနေ ကင်းဝေးနိုင်အောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသေးသည်။

    သို့သော် ပဲပင်ပေါက်ကို အစိမ်းစားလျှင် ကျန်းမာရေးအန္တရာယ်များ ဖြစ်လာစေနိုင်ပါတယ်။ အကြောင်းမှာပဲပင်ပေါက်၌ ​Salmonella(သို့) E-coliကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ ပဲပင်ပေါက်ကြီးထွားမှုအတွက် စိုထိုင်းဆနှင့် အပူချိန်သည် ပိုးမွှားများ၏ကြီးထွားမှုကို အထူးလှုံ့ဆော်ပေးသည်။ ထို့အပြင်အချို့သော ထုတ်လုပ်သူများက ပဲပင်ပေါက်များ စားချင်စဖွယ်ဖြစ်အောင်နှင့် တာရှည်ခံအောင် အရောင်ချွတ်ဆေးပမာဏမြင့်မားစွာ အသုံးပြုထားသည်ကို လေ့လာချက်များအရသိရသည်။ အစားအစာများတွင် အသုံးပြုရန်ခွင့်ပြုထား သော Sodium Sulphide ကဲ့သို့ အရောင်ချွတ်ဆေးမှာ အရောင်ချွတ်စွမ်းအားနည်းသည့်အတွက် အစားအစာ၌ ခွင့်မပြုထားသော Sodium Hydrosulphide ကိုသာ အသုံးပြုခဲ့ကြသည်ဟုတွေ့ ရှိရပါသည်။ ထို့ကြောင့် အလွန်အမင်းစားသုံးပါက အသက်ရှုရခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောဖြစ်ခြင်းများ ဖြစ်ပေါ် နိုင်သည်။

     ထို့ကြောင့်တိကျသေချာသည့် ထုတ်လုပ်မှုမသိပါက ပဲပင်ပေါက်အစိမ်းအား စားသုံးခြင်းကို ရှောင်ကြဉ်ရန်နှင့် ပဲပင်ပေါက်တွင်ပါဝင်သည့် ဓာတုပစ္စည်းများသည် မီးအပူပေးသောအခါ ပျက်ပြယ်သွားသောကြောင့် အစိမ်းစားခြင်းထက် ကျက်အောင်ချက်၍ စားသင့်ပါသည်။ သာမန်ထက်အရောင် ပိုဖြူနေသော ပဲပင်ပေါက်များကိုမရွေးချယ်သင့်ပါ။ ပဲပင်ပေါက်စားတော့မည်ဆိုလျှင် မဲနေသောနေရာများနှင့် ပုပ်နေသောနေရာများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည်ဟု လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။

DOCA(ပဲခူး)