Main menu

သောက်ရေသန့်

Powered by Drupal
Wed, 06/05/2024 - 11:22 -- consumer_admin

         လူတွေ အသက်ရှင်နေထိုင်ဖို့အတွက် အစားအသောက်ကအရေးကြီးပါတယ်။ အဲ့ဒီမှာအစားဆိုတာကတော့ လူတွေနေ့စဉ်စားသောက်နေတဲ့  ထမင်း၊ ဟင်း၊ သွားရည်စာများဖြစ်ပြီး၊ အသောက်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေဖြစ်ပါတယ်၊ “ ထမင်းအသက် (၇) ရက်၊ရေအသက် တမနက်” ဆိုတဲ့အတိုင်း  သောက်ရေက လူတစ်ဦးအတွက် မဖြစ်မနေ အဓိကလိုအပ်ပါတယ်။  ကျန်းမာချင်ရင် အမျိုးသမီးတွေ အသားအရည်လှချင်ရင်ရေ ကို များများသောက်ပါလို့ ဆိုပါတယ်၊ ဆရာဝန်တွေကတော့ ကျန်းမာချင်ရင်တရက်ကို ရေ(၈)ခွက်သောက်ပါလို့ဆိုထားတာကိုလည်းလူတိုင်းလောက်နီးနီး သိကြမှာဖြစ်ပါတယ်၊ ကျန်းမာခြင်းဆိုတာ သူ့ဘာသာသူ အလိုအလျောက်ဖြစ်လာတဲ့ ကိစ္စရပ်မဟုတ်ပါဘူး၊ အမြဲတမ်း ကျန်းမာနေဖို့ ကိုယ်တိုင်လုပ်ယူရမှာဖြစ်တယ်လို့လည်း ဒေါက်တာ ခင်မောင်လွင် (Fame) ရေးတဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်၊ ကျန်းမာရေးအတွက်ဆိုရင်လည်း သန့်ရှင်းတဲ့သောက်သုံးရေက ပဓာနကျပါတယ်။ အာရုံကြောတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ ရေအမျိုးအစား၊ ပမာဏ အလုံအလောက်ရှိရန်လည်း လိုအပ်ပါတယ်။ နေ့စဉ်ရေနှစ်လီတာ ခန့်သောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝကမ္မကို ဖြည့်တင်းပေးပါတယ်၊ မိမိခန္ဓာကိုယ်ကျန်းမာ အသက်ရှည်ဖို့အတွက် ကောင်းမွန်သန့်ရှင်းသော သောက်သုံးရေကို ရွေးချယ်သောက်သုံးရန်ပင် အရေးကြီးကြောင်းကိုလည်း မျှဝေပေးချင်ပါတယ်။

          အရင်တုန်းကတော့ ကျွန်မတို့နိုင်ငံမှာ ရေသန့်ဆိုတာမရှိသေးပါဘူး၊ ရေသန့်ဆိုပြီးပေါ်လာတာကလည်း ဆယ်စုနှစ်စု၊ သုံးစုခန့်သာရှိပါသေးတယ်၊ ယခင်က ရေဆိုရင်လမ်းဘေးမှာ အများ သူ/ငါ သောက်သုံးဖို့အတွက် ရေချမ်းစင်များကိုသာ တွေ့ရမှာဖြစ်ပြီး၊ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနှင့်အတူ ရေသန့်ဆိုတာလည်း လူ့ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုတစ်ခုလို စီးဆင်းလာတာကိုတွေ့ ရမှာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ ရှမ်းပြည်နယ်က ရေ တွေက ထုံးဓါတ်များတာကြောင့် ရေကိုကျိုချက်ပြီး သောက်ဖို့လိုပါတယ်၊ ရေကိုမကျိုချက်ရင်တော့ ခန္ဓာကိုယ်မှာ ကျောက်တည်တာတွေဖြစ်တတ်ပါတယ်၊  ဒါကြောင့်‌ ရေကို ကျိုချက်သောက်ချင်သောက်ဒါမှမဟုတ်ရင် ‌ရေသန့်ကိုဝယ်ယူသောက်ကြရပါတယ်၊ ရေမသန့်ရင် ဝမ်းပျက်၊ ဝမ်းလျော ဖြစ်တတ်တာကြောင့် နောက်ပိုင်းအသိပညာ၊ ဗဟုသုတ ရှိလာတဲ့စားသုံးသူတွေကြောင့်၊ရေသန့်ကဈေးကွက်ဝင်ပစ္စည်းဖြစ်လာပါတယ်။ အခုခေတ်ကလူတိုင်းစေ့ အလုပ်လုပ်နိုင်မှ စားဝတ်နေရေးကအဆင်ပြေတာကြောင့် ခေတ်နဲ့အညီ အသင့်စားသောက်သည့် စားစရာ/ သောက်စရာတွေကို အသုံးပြုလာကြပါတယ်၊ ဒီလိုနဲ့ပဲ ရေသန့်ဆိုပြီး တံဆိပ်တွေအမျိုးမျိုး နဲ့ဈေးကွက်မှာ ရောင်းဝယ်လာကြတာကိုလည်းတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရေသန့်ထုတ်လုပ်တဲ့ စက်ရုံ နဲ့ အမှတ်တံဆိပ်တွေကို နိုင်ငံအနှံ့အပြားမှာတွေ့နေရပါတယ်၊ ရေသန့်ထုတ်လုပ်တဲ့နည်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တိကျတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်၊ သောက်ရေသန့် ထုတ်လုပ်တဲ့ စက်ရုံတွေမှာလည်း နာမည်သိပ်ကြီးတဲ့ ရေသန့်အမှတ်တံဆိပ် အနည်းအကျဉ်းလောက်က လွဲရင် ကျန်ရေသန့်ထုတ်လုပ်သူအများစုက အဲ့ဒီနည်းစဉ်တွေကို အတိ အကျ မလိုက်နာကြပါဘူး၊ ဥပမာ- ရေသန့်ဗူးအဟောင်းကို နောက်ဆုံးအဆင့်မှာ ရေသန့်ကိုပဲအသုံးပြုပြီး သန့်စင်ဆေးကြောရမယ်ဆိုတာမျိုးကို ပါ လိုက်နာတဲ့စက်ရုံတွေကနည်းပါးလွန်းပါတယ်။

         အခုနောက်ပိုင်းမှာတော့ သောက်သုံးရန် မသင့်တဲ့ ရေသန့်တွေ၊ တံဆိပ်တွေကို ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာနကထုတ်ပြန်ပေးလေ့ရှိတာ ကိုလည်း သိရှိရပါတယ်။ သောက်သုံးရန် မသင့်တဲ့ မသန့်ရှင်းတဲ့ရေသန့်မှာ ၂၀ လီတာသောက်ရေ သန့်ဗူးကြီးတွေဖြစ်ပါတယ်၊ အဲဒီမှာ အစိုးရ ( F.D.A) က ခွင့်ပြုချက်ပေးထားတဲ့ အမှတ်တံဆိပ်ရော၊ ခွင့်ပြုချက်မရထားတဲ့ရေသန့် အမှတ်တံဆိပ်တွေပါ ပါဝင်ပါတယ်၊ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းမှာ ရေသန့် စထုတ်ကတည်းက ပင်မရေ အရင်းအမြစ်ကောင်းမွန် မှု့မရှိတာ၊ သိုလှောင်ထုတ်လုပ်မှုနည်း စံနစ်အားနည်းတာ၊ ရေသန့်ဗူး ခွံတွေကို ကောင်းကောင်းမဆေးကြောတာ၊ သယ်ယူပို့ဆောင်မှု့မှာ သန့်ရှင်းမှုအားနည်းတာ စတဲ့အချက်တွေကြောင့်လိုဆိုပါတယ်။

          ပြည်သူတွေကရေသန့်ဟု ယုံကြည်၍ ပိုက်ဆံပေးပြီးသောက်ခဲ့သောရေသန့်တွေက ရေသန့်အ စစ်မဟုတ်ပဲ၊ သောက်သုံးရန် မသင့်သောရေများဖြစ်နေတာကိုလည်းတွေ့နေရပါတယ်၊ ရေသန့်တွေ ခေတ်စားလာသောအခါမှာ မှန်မှန်ကန်ကန် အဆင့်မီမီ ထုတ်လုပ်နေကြတဲ့သူတွေရှိသလို၊ မရိုးမသား လုပ်တဲ့သူတွေလည်းရှိနေပါတယ်၊ အစားအစာ မသန့်တာ၊ နေ့စဉ်သောက်သုံးနေရတဲ့ သောက်ရေသန့် တွေ မသန့်တာဖြစ်နေတော့  ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပုံခဲ‌နေရတာတွေလည်းတွေ့ရပါတယ် ကျန်းမာရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာအစိုးရဌာနများ ကဝင်ရောက်စစ်ဆေးမှုများပြုလုပ်ပေမဲ့ စီးပွား ရေး သမားတွေကလည်း အကျိုးအမြတ်ရဖို့ သောက်ရေသန့် တွေကို ထုတ်လုပ်ရောင်းချနေကြဆဲပါပဲ ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးမမီတဲ့ ရေသန့်တွေကို တော့ သောက်သုံးရန်မသင့်ဆိုပြီး တွေ့ပါက ပြန်လည်ပြုပြင်ခိုင်းပါတယ်၊ ဒါပေမဲ့ အချို့သော လုပ်ငန်းရှင်များက ပြန်လည်ပြုပြင်ခြင်း မရှိကြပါဘူး၊ ဒါကြောင့်  မိမိကိုယ်ခန္ဓာ ကျန်းမာအသက်ရှည်ဖို့ အတွက် ကောင်းမွန်သန့်ရှင်းသော သောက်သုံးရေကို ရွေးချယ်သောက်သုံးရန်ပင် အရေးကြီးပါကြောင်း မျှဝေပေးလိုက်ပါတယ်။

DOCA(ရှမ်း)