Main menu

လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိသောပြောင်းဖူး

Powered by Drupal
Tue, 06/11/2024 - 12:31 -- consumer_admin

        ပြောင်းဖူးသည် ပြည်ပသို့အဓိကတင်ပို့သည့် သီးနှံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူကြိုက်များသောသီးနှံဖြစ်သည်။ သကြားပြောင်း၊ ထောပတ်ပြောင်း၊ အနီရောင်ရှမ်းပြောင်းဟူ၍ ယေဘုယျအားဖြင့်ရှိပြီး သကြားပြောင်းမှာ လူကြိုက်များထင်ရှားပါသည်။

          ပြောင်းဖူးကို နိုင်ငံအတွင်း၌ ရာသီမရွေး သီးထပ်အဖြစ်စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတို့တွင် အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရသည်။ ပြောင်းဖူးကို လူအများစားသုံးသည်သာမက ကျွဲ၊ နွား စသောတိရစ္ဆာန်များ အတွက်ပါ အစာအဖြစ်အသုံးဝင်ကြောင်းသိရှိရသည်။

         ပြောင်းဖူးကို သားရေစာအဖြစ် အမယ်မျိုးစုံလုပ်စားကြသည်။ ထို့ပြင် ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့်လည်းအထူးညီညွတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းဖူးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်ထဲရှိ နှလုံး၊ ကျောက်ကပ်တို့ကို ကျန်းမာသန်စွမ်းစေပြီး တချို့သောရောဂါဘယများကိုလည်းပျောက်ကင်းစေနိုင်ကြောင်းသိရှိရပါသည်။

       ပြောင်းဖူးတွင် အဓိကအားဖြင့် ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ Beta Cryptoxanthin ၊ Linoleic အက်ဆစ်၊ ကစီဓာတ်၊ ဗီတာမင်အေ၊ Ferulic အက်ဆစ်၊ ဗီတာမင်ဘီဓာတ်ပေါင်းစု၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်ဘီ ၁၂နှင့် Biotin ဓာတ်၊ ဗီတာမင် B5တို့ကြွယ်ဝစွာပါဝင်ကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ပြောင်းဖူးသည် ကောက်ပဲသီးနှံများတွင် ကယ်လိုရီဓာတ်အမြင့်မားဆုံးပါဝင်သောကြောင့် လူကို ခွန်အားဖြစ်စေပါသည်။            

         ပြောင်းဖူးတွင်ပါဝင်သော သဘာဝကော်ရည်ကစီဓာတ်ပေါင်းစုနှင့် အမျှင်ဓာတ်များသည် လူ့ခန္ဓာကိုယ်ထဲရှိ ဂလူးကို့စ်ကိုပုံမှန်ဖြစ်စေကာ သွေးထဲရှိ သကြားဓာတ်ကိုလျော့ကျစေပါသည်။ ပြောင်းဖူးကို မကြာခဏစားသုံးသော အမျိုးသမီးများသည် ဆီးချိုဖြစ်နိုင်ချေကို ၃၀ရာခိုင်နှုန်းအထိလျော့ကျစေပါသည်။ ပြောင်းဖူးငချိတ် (ခေါ်) ခရမ်းရင့်ရောင်ပြောင်းဖူးသည် ဆီးချိုရောဂါကို ဘေးဥပဒ်ကင်းဝေးစွာကုသပေးနိုင်ကြောင်း ဂျပန်နိုင်ငံ Biochemical and Biophysical Research Communications ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သော ရောဂါအမျိုးမျိုးကိုကုသပေးနိုင်စွမ်းရှိပါသည်။

          ပြောင်းဖူးစားသုံးခြင်းဖြင့် သက်လုံကောင်းစေခြင်း၊ ခန္ဓာကိုယ်ထဲတွင်ရှိသော မကောင်းသောကိုလက်စထရောများကို လျှော့ချပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းသိမ်းထားနိုင်ခြင်း၊ နှလုံးသွေးကြောများကိုသန်မာစေပြီး နှလုံးသွေးစီးဆင်းမှုကိုအထောက်အကူပြုကာ နှလုံးကိုကျန်းမာစေခြင်း၊ နှလုံးရောဂါနှင့်ဆိုင်သော လေဖြတ်ခြင်းကိုလည်းကာကွယ်နိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းကျန်းမာရေးကိုအကျိုးပြုစေနိုင်ခြင်း စသည့် ဖော်ပြ၍မဆုံးနိုင်သော အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။ ထို့ပြင် ပြောင်းဖူးငချိတ်သည် အဝလွန်ခြင်းကိုလည်းကာကွယ်ပေးနိုင်ကြောင်းသိရှိရပါသည်။

          ပြောင်းဖူးကို ကလေးငယ်များလည်းစားသုံးနိုင်ပြီး ၎င်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း အထူးကောင်းမွန်ကြောင်းသိရပါသည်။ ပြောင်းဖူးပုံမှန်စားသုံးခြင်းသည် သက်ကြီးရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် အသီးအနှံများ၌ ရှားရှားပါးပါးတွေ့ရသော ဗီတာမင်ဘီ 5 ကို ပြောင်းဖူးတွင်တွေ့ရသည်။

         အချုပ်အားဖြင့်ဆိုသော် ပြောင်းဖူးတွင် လူ့ခန္ဓာကိုယ်ကိုအကျိုးပြုသော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပါသည်။‌ ပြောင်းဖူးသည် လူတိုင်းနီးပါးစားသုံးသော အစားအစာဖြစ်ပြီး ၎င်းကို တစ်ကမ္ဘာလုံးစားသုံးကြပါသည်။ ဆန်၊ ဂျုံ၊ မုယောနှင့် ပြောင်းဖူးသည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကြီးရှိသော အသီးအနှံတစ်မျိုးပင်ဖြစ်သည်။ ထို့ကြောင့် ပြည်ပပို့ကုန်အဖြစ်သာမက ပြည်တွင်း၌ပါ စားသုံးသူဈေးကွက်အခိုင်အမာရှိသော ပြောင်းဖူးကို တိုးမြှင့်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)