Main menu

ဝင်ငွေတိုးစေမည့် သံပုရာပင် စိုက်ပျိုးနည်း

Powered by Drupal
Tue, 06/11/2024 - 13:14 -- consumer_admin

    သံပုရာပင်၊ သံပုယိုပင်၊ ရှောက်ချို ပင်၊ ရှောက်ပန်းပင်၊ ကျွဲကောပင်တို့ပါဝင်သော  အပင်မျိုးစုကို ရှောက်ပင်မျိုးဟုခေါ်ကြသည်။  ထိုမျိုးစုတွင် စုစုပေါင်းမျိုးစိတ် ၃၀ ခန့်  ပါဝင်သည်။   ရှောက်ပင် မျိုးသည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ၌ စိုက်ပျိုးဖြစ်ထွန်း၍ ဆီးနှင်းနှင့် အလွန်အေးမြသော ဆောင်းရာသီဒဏ်ကို မခံနိုင်ကြချေ။ ယင်းတို့၏ မူလပေါက် ရောက်ရာဒေသများသည် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံတို့ဖြစ်ကြပြီး ဘီစီ ၁၀၀၀ ခန့်က တရုတ်လူမျိုးတို့က စတင်စိုက်ပျိုးခဲ့ကြသည်ဟုလည်းဆိုကြသည်။ တောင်သူများအတွက် စီးပွားဝင်ငွေ တိုးစေရန် သံပုရာပင်စိုက်ပျိုးနည်းစနစ်အား အောက်ပါအတိုင်း မျှဝေပေးလိုက်ပါ သည်-

    (၁) မျိုးရွေးချယ်ခြင်း။ မျိုးရွေးချယ်ရာတွင် ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး သီးထွက်နှင့် အသီးအရည်အသွေး ကောင်းမွန်သော အပင်မျိုးကို ရွေးချယ်ရပါမည်။ သံပုရာပင်ကို အစေ့မှ ပျိုးထောင်စိုက်ပျိုးပြီး ရှောက်ပင်ကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားစိုက်ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။

   (၂)   စိုက်ပျိုးခြင်း။    စိုက်ပျိုးရာတွင် စိုက်ကျင်းအရွယ် (၂ ပေ x ၂ ပေ x ၂ ပေ) ကျင်းတူးပြီး အပေါ်ယံမြေနှင့် မြေဆွေးရောစပ်၍ ကျင်းစာကျွေးကာ သံပုရာပျိုးပင်ကို  (၁၂ ပေ x ၁၂ ပေ) ဖြင့် တစ်ဧက ၃၀၂ ပင်နှုန်းဖြင့် ဝင်အောင်စိုက်ပျိုးရပါသည်။

    (၃)  အပင်ပြုစုခြင်း။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် ၃ ပေ မှ ၃ ဒသမ ၅ ပေ အထိ ပင်စည်တစ်ခုတည်း ရှိနေစေရန်နှင့် ကိုင်းမကြီး သုံးကိုင်းမှ ငါးကိုင်း မွေးမြူ ပုံသွင်းပြီးသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို နှစ်ကြိမ်ခွဲ၍ ကျွေးရ ပါသည်။ ဇင့်၊ ကော့ပါး ကဲ့သို့သော အနည်း လိုအာဟာရဓာတ်များ ပါဝင်သည့် ဓာတ်မြေဩဇာ ဆေးရည်ကို မဖြစ်မနေပက်ဖျန်းပေးရပါသည်။ အပင် လျင်မြန်စွာ ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ပေါ်ချိန်တွင် ရေလုံလောက်စွာ သွင်းပေးပြီး ရေမဝပ် စေရန် ဂရုစိုက်ရပါသည်။စိုက်ခင်းရေသွင်းရာတွင် ပင်စည်သို့ တိုက်ရိုက်ရေမထိစေသင့်ပါ။ အပင်အရွယ်အစားအလိုက် ရေဝပ်ကျင်းကို ပြုလုပ် အသုံးပြုနိုင်ပါသည်။ စိုက်ခင်းအတွင်း ရေသွင်းခြင်းကို နွေရာသီတွင် တစ်ပတ် တစ်ကြိမ် ဆောင်ရွက်သင့်ပါသည်။     ပန်းပွင့်မှုညီညွတ်စေရန် ဒေသအလိုက် သီးထွက်ချိန်ကို ချိန်ဆပြီး အပင်ညှိုးသည်အထိ ရေဖြတ်ပြီးမှ အပင်ကိုရေဝအောင် သွင်းပေးပြီး ဓာတ်မြေဩဇာကျွေးပေးခြင်းဖြင့် ပန်းပွင့် အောင်ဆောင်ရွက်ရ ပါသည်။ အသီးခူးပြီးတိုင်း ရေတက်များ၊ အတွင်းဘက်လှည့်ထွက်လာသော အကိုင်းများ၊ ကိုင်းသေး၊ ကိုင်းညှပ်များ၊ မြေကြီးနှင့် ထိနေသောကိုင်းများ၊ ရောဂါရကိုင်းများကို ရှင်းလင်း ဖြတ်တောက် ဖယ်ရှားပေးရပါသည်။ အပင်၏ အစိုဓာတ်နှင့် အမြစ်၏ အပူရှိန်ထိန်းသိမ်းရန် ဒီဇင်ဘာလမှစ၍ ပင်ခြေ၏ ပတ်လည်တွင် ကောက်ရိုး သို့မဟုတ် မြက်ခြောက်များဖြင့် ထူထူဖုံးပေးရပါသည်။ ရွက်ထွင်းစားပိုး၊ ပင်စည်ဖောက်ပိုးနှင့်ပျ ရောဂါများကို မျက်ခြေမပြတ် ကာကွယ် နှိမ်နင်း ပေးရပါသည်။   သံပုရာပင်တွင် ဘက်တီးရီးယားရောဂါများ ကျရောက်လေ့ ရှိရာ ဘော်ဒို ဆေးရည်ဖြင့် အချိန်မီပက်ဖျန်း ကာကွယ်နှိမ်နင်းရပါသည်။

     ဤသို့ပြုလုပ်​ပေးခြင်းဖြစ် စီးပွားဖြစ်သံပုရာပင်များကို စိုက်ပျိုးနိုင်ပါကြောင်း အကြံပြု ရေးသားတင်ပြအပ်ပါသည်။

DOCA(မွန်)