Main menu

ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

Powered by Drupal
Tue, 07/02/2024 - 15:30 -- consumer_admin

     မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးဘဲ အတွေးမှား၊ အမြင်မှား၊ ယုံကြည်မှုများ လွဲမှား၍ လမ်းမှားသို့ရောက်ရှိခဲ့ကြပြီး အပြစ်ကျွေးဆပ်နေရသော လူငယ်လေးများအား မိမိကိုယ်ကိုအားကိုးပြီး ယုံကြည်မှုရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံကိန်းကို တာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းတွင် ၂၄-၆-၂၀၂၄ ရက်နေ့၌ သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

      ကမ္ဘာပေါ်တွင် အလုပ်လုပ်နိုင်သည့် ကမ္ဘာ့လူငယ်လူရွယ်စုစုပေါင်း ၁၈%ခန့်ရှိပြီး၊ ကမ္ဘာ့လူငယ်လူရွယ်ထု၏ အခြေအနေသည် ဒေသတွင်းနိုင်ငံများ၌ လူမှုအဖွဲ့အစည်းများအကြား စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ယဉ်ကျေးမှုကွာဟမှုများနှင့်မတူဘဲ ကွဲပြားမှုများကြုံတွေ့ကြရပါတယ်။

       ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာပေါ်တွင် ၅နှစ်မှ ၁၇နှစ်အကြား ကလေးအလုပ်သမား ၁၅၂သန်းခန့်ရှိခဲ့ရာ ၇၄%သည် အာရှနှင့်ပစိဖိတ်ဒေသတွင်ရှိနေပြီး စိုက်ပျိုးရေးကဏ္ဍများတွင် အများစုရှိနေကာ အလုပ်လုပ်ကိုင်နေရကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။

       နိုင်ငံများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘ၀မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း ကလေးအလုပ်သမားအသုံးပြုရသည့် အဓိကအခြေခံအကြောင်းရင်းများနှင့် တိုက်ရိုက်ဆက်စပ်နေပြီး ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ Global Climate Change ၏အကျိုးဆက်များဖြစ်သည့် မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကျရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊  ပြည်တွင်းပဋိပက္ခတချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနဲ့ ရွှေ့ပြောင်းနေထိုင်ရမှုများရှိနေတာကြောင့် လူမှုစီးပွားရေးဘဝအကြပ်အတည်းများမှတစ်ဆင့် ကလေးလုပ်သား၊ လူငယ်လူရွယ်အလုပ်သမားများဟာ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်သည့်အခွင့်အလမ်းများကို ရွေးချယ်နိုင်မှုမရှိဘဲ ကလေးအလုပ်သမားအဖြစ် အသုံးပြုခံနေရမှုများကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့ နေရကြောင်းသိရပါတယ်။

     မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးစီမံကိန်းသည် ကဏ္ဍပေါင်းစုံမှ တာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို လုပ်ငန်းတာဝန်(၈)ရပ်ဖြင့်ဖွဲ့စည်းခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ပင်မလုပ်ငန်းကော်မတီ(၈)ခုကိုလည်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

       မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီကိုလည်း ၁၆-၂-၂၀၂၄ရက်နေ့တွင် ဝန်ကြီးချုပ်နာယကအဖြစ်ပါဝင်သော အဖွဲ့ဝင်(၂၅)ဦးဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်းကော်မတီ(၈)ရပ်ကိုလည်း ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

    လုပ်ငန်းကော်မတီများအနက် တစ်ခုဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ အရွယ်ရောက်သောလူငယ်တိုင်းသည် ကျွမ်းကျင်မှုအတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေလိုသောဆန္ဒဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သဘာဝဆေးဆိုးနည်းသင်တန်း၊ Botancil Printing သင်တန်း၊ Aircon တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းအခြေခံသင်တန်းနှင့် အိမ်သုံးလျှပ်စစ်ပြုပြင်ခြင်းသင်တန်းတို့ကိုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခုဖွင့်လှစ်မည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသည် ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါတယ်။

    ယနေ့ဖွင့်လှစ်တဲ့ အိမ်သုံးလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကိုတက်ရောက်ကြတဲ့ လူငယ်များအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သည့်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး၍ လက်တွေ့အသုံးချနိုင်အောင်/ ယခုထက်ပိုမိုကျွမ်းကျင်မှုရှိအောင် ထပ်မံလေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ အိမ်ပြန်ရောက်ရင် မိမိအတတ်ပညာဖြင့် ဝင်ငွေရှာနိုင်ကြမှာဖြစ်ပြီး တစ်နည်းအားဖြင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသည့်ပညာရပ်တစ်ခုတတ်မြောက်ခြင်းသည် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိတို့၏မိသားစုကို အကျိုးကျေးဇူးများစွာအထောက်အကူဖြစ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

     ထို့နောက် လူငယ်ရေးရာသင်တန်းကျောင်းနည်းပြက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကလိုအပ်ကြောင်း၊ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေတိုးတက်မှုဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အခြေခံပညာကျွမ်းကျင်တတ်မြောက်ထားပြီး လုပ်ငန်းနယ်ပယ်အသီးသီးမှာ သက်မွေးပညာရပ်ဖြင့် ယနေ့ခေတ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိပြီး၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သက်မွေးပညာရပ်ဖြင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ယနေ့ထိရှိနေဆဲဖြစ်ကြောင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းတွင် စာတွေ့၃၀%၊ လက်တွေ့၇၀% သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ တတ်နိုင်သမျှ ဒေသတွင်းကျွမ်းကျင်လျှပ်စစ်လုပ်သားလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှု နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရအောင် ဖြေဆိုနိုင်သည်အထိ သင်ကြားပို့ချပေးမှာဖြစ်ပြီး အခြေခံအတန်းပညာမရှိသောသူများနားလည်နိုင်စေရန် မြန်မာအသုံးအနှုန်းများဖြင့် နားလည်လွယ်အောင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

      မြန်မာနိုင်ငံတွင် အခက်အခဲအမျိုးမျိုးကြောင့် စီးပွားရေး၊ လူမှုရေးအကြပ်အတည်းများကြားမှ ပညာရေးဆုံးခန်းတိုင်သင်ကြားခွင့်မရရှိသည့် လူငယ်လူရွယ်များ အတွေးအခေါ် အယူအဆအမှားများဖြင့် ပြစ်ဒဏ်အသီးသီးကျခံရသည့် လူငယ်လူရွယ်များအား ကလေးအလုပ်သမားအဖြစ် အသုံးပြုခံနေရမှုများပပျောက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အရွယ်ရောက်သော လူငယ်တိုင်းကျွမ်းကျင်မှုအတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေရန်ရည်ရွယ်၍ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီးသောလူငယ်များအနေဖြင့် မိမိကိုယ်ကိုအားကိုးပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဗဟုသုတများ၊ မိမိတို့၏ လူမှုပတ်ဝန်းကျင်တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ရန်ဖြစ်ပြီး၊ မိမိလူမျိုးနှင့် မိမိနိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ အားကိုးအားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရေးနှင့်  နိုင်ငံသူ/ သားများအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန်ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)