Main menu

မိုးရာသီနှင့် ကျန်းမာရေး ပြသနာအထူးအလေးထား

Powered by Drupal
Wed, 07/03/2024 - 15:24 -- consumer_admin

   မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိုးရာသီမှာ ခြင်ကျားပေါက်ပွားမှု  များလာတာနဲ့အမျှ ခြင်ကတစ်ဆင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလာတယ်။ အစာမသန့်၊ ရေမသန့်လို့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ သန်ကောင်ရောဂါ ရနိုင်တယ်။ ကျောင်းကျန်းမာရေး ဆောင်ရွက်တဲ့ကာလဖြစ်တာနဲ့အညီ ကျောင်းပရိဝုဏ်အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ လေဝင်လေထွက် ကောင်း မွန်ရေး၊ ခြင်ကျားခိုအောင်းနိုင်တဲ့ နေရာ နည်းပါးပပျောက်ရေး ကျောင်းတွင်းဈေးဆိုင်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ ရောင်းချခွင့်မပြုဖို့ စီမံချက်တွေနဲ့ မိဘ၊ ဆရာ၊ ကျောင်းကျန်းမာရေး ဆရာဝန်တို့ ပူးပေါင်းကာ  ထိရောက်စွာကြပ်မတ် ဆောင်ရွက်လျက်ရှိ တယ်။ ကျောင်းသားထုအတွင်း သန့်ရှင်းလတ်ဆတ်ပြီး ဓာတုဆိုးဆေးကင်းတဲ့ အစားအသောက်များ စီမံကာ စနစ်တကျ စားသောက်တတ်ဖို့၊ ဓာတုဆိုးဆေးကင်းတဲ့ အစားအသောက်တွေ၊ အာဟာရဖြည့်တင်းရေး၊ နို့နဲ့ နို့ထွက်ပစ္စည်းတိုက်ကျွေးခြင်း တွေပြုလုပ်သင့်တယ်။

    သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါကူးစက်နေတဲ့ လူနာကို ခြင်ကျားကကိုက်ပြီး  အခြားသူကိုက်ခြင်းကနေ ကူးစက်ရခြင်းဖြစ်တယ်။ အသက်ငါးလမှ အသက် ၁၉ နှစ်ထိ ဖြစ်ပွားပြီး နေ့ဘက်မှာ ကလေးတွေကိုပြန်ကိုက်တဲ့အတွက် ငယ်ရွယ်တဲ့ ကလေးတွေမှာ ခုခံမှုစနစ်အားနည်းတတ်လို့ ဆိုးကျိုးပိုမိုခံစားရကာ အသက်သေဆုံးရတဲ့အထိ   ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ မှိန်းခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များထွက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ပြသကာ ဆေးရုံ၊ ဆေးခန်းသွားရောက် ကုသမှု ခံယူသင့်ပါတယ်။

     မိုးရာသီတွင် ယင်ပေါက်ဖွားလွယ်၍ သရက်သီးမှည့်လဲ ပေါများလာပြီဖြစ်၍ သရက်သီးမှည့် စားပြီးလျှင် စနစ်တကျစွန်ပစ်သင့်သည်။ ယင်နားစာနဲ့ အမှည့်လွန်သစ်သီးတွေ မစားသင့်ဘူး။ မိုးတွင်းကာလမှာ အစာမသန့်၊ ရေမသန့်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်တတ်လို့ ရေကိုကျိုချက်သောက် သုံးခြင်း၊ရေသန့်သောက်ခြင်းနဲ့ ယင်နားစာ ရှောင်သင့်ပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မစင်များ စနစ်တကျစွန့်ပစ်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအပိုင်းမှာ  ရေကောင်းရေသန့်ရရှိရေး၊ အညစ် အကြေး၊   အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ ယင်၊ ခြင်၊ ကြွက်နဲ့ အခြားကူးစက်နိုင်တဲ့ ပိုးများနှိမ်နင်း ရေး၊ ရောင်းဝယ်ချက်ပြုတ်နေတဲ့ အစားအသောက်သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး လေဝင်လေထွက် ကောင်းတဲ့  အဆောက်အအုံများ ဆောက်လုပ်နေထိုင်ရေး၊ အလင်းရောင်ကောင်းစွာ ရရှိရေး၊ ဆူညံသံများ ကင်းဝေးရေးတို့ လိုက်နာသင့်ပါတယ်။

    ရေကောင်းရေသန့် ရရှိရေးဟာ အလွန်အရေးကြီးတယ်။ မြေအောက်ရေတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ အာဆင်းနစ်ပါဝင်မှုများနေတယ်။  မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်ဒေသ ပါဝင်မှုများပြားနေလို့ သေချာဓာတ်ခွဲစစ်ဆေး စမ်းသပ်ပြီးအာဆင်းနစ်ကင်းမှ သောက်သုံးသင့်ပါတယ်။ ရေသန့်ဆိုတာ အနည်အနှစ်၊ အရောင်အဆင်း၊ အနံ့အရသာ၊ ထုံးဓာတ်၊ သံဓာတ်၊ ခဲဓာတ်စတဲ့  သတ္တုဓာတ်တွေလိုတာထက်မပိုဖို့နဲ့ ကာလဝမ်း၊ ဝမ်းပျက်ဝမ်းလျှောဝမ်းကိုက်၊ အူရောင်ငန်းဖျား၊ သန်ကောင်ရောဂါ၊ ပိုလီယိုစတဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများနဲ့အီးကိုလိုင်း ကင်းစင်ခြင်းနဲ့ ပြည့်စုံရမယ်။PH7 ရှိရမယ်။ ရေသန့်မရနိုင်ရင် ရေကိုကျိုချက် သောက်သုံးသင့်ပါတယ်။

   ရောဂါမျိုးစုံကာကွယ်နိုင်ရန်နှင့် ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ဖြစ်စေရေးအတွက် အဓိက အရေးအကြီးဆုံး အရာမှာ ရေဓာတ်ပင်ဖြစ်သည်။ ရာသီဥတုအေးချိန်များတွင် ရေမဆာသဖြင့် ပုံမှန်ထက်ရေသောက်နည်း တတ်ပြီး ရောဂါများဖြစ်ပွားရန် အခွင့်အလမ်း  ဖြစ်စေနိုင်သဖြင့် ရေသောက်ခြင်းကို အထူးဂရုပြု၍ ပြုလုပ်ပေးသင့်သည့်။ တနေ့လျှင် အနည်းဆုံး ရေသန့်(၂)ဘူးခန့် သောက်သုံးပေးသင့်သည်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေအိမ်ဆောက်လုပ်နေထိုင်ရေး၊ လုံလောက်တဲ့ အကျယ်အဝန်း၊ အလင်းရောင်၊ လေဝင်လေထွက်ရရှိရေး၊ ရာသီဥတုနဲ့သဘာဝ ဘေးဒဏ်ခံနိုင်ဖို့၊  ပြတင်းပေါက် လုံလောက်စွာရှိဖို့ လိုအပ်တယ်။ အလင်းရောင်ကောင်းကောင်းမရရင် စာကြည့်တဲ့အခါ အားစိုက်ရလို့ ခေါင်းကိုက်တတ်ပါတယ်။ ရေဒီယိုကနေ မိုးလေဝသ၊ မုန်တိုင်းသတင်းနဲ့ မြစ်ရေကြီးမှု အခြေအနေတွေ တစ်ရံမလပ်ကြားနာကာ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် အနိုင်ယူကြရမှာဖြစ်ပါတယ်။  

DOCA(ဧရာဝတီ)