Main menu

ခေတ်စားလာသော ဒန့်ဒလွန်ပင်စိုက်ပျိုးခြင်းနှင့် အမှုန့်ကြိတ်ခြင်း

Powered by Drupal
Mon, 07/08/2024 - 11:19 -- consumer_admin

     ယနေ့ခေတ်မှာ ဒန့်ဒလွန်ပင်အရွက် နဲ့ အသီးတွေဟာ ၎င်းတို့၏ ဆေးဖက်ဝင်အာနိသင်ကြောင့် လူအများ စိတ်ဝင်စားလာကြပါပြီ။ စာရေးသူရဲ့ အတွေ့အကြုံအရ နိုင်ငံခြားသားဧည့်သည်များဟာ ဒန့်သလွန်ပင်၏ အကျိုးများကြောင့် အလွန်နှစ်သက်ကြောင်း ပြောခဲ့ဖူးပါတယ်။အိန္ဒိယမှာဆိုလျှင်လည်း ဒန့်သလွန်အရွက်ကို စားတာထက် အမှုန့်ကြိတ်ပြီး အသုံးပြုမှုတွေက ပိုခေတ်စားတယ်လို့ သိရှိရတဲ့ အတွက် ဒီအကြောင်းအရာလေးကို ဖော်ပြလိုက်ပါတယ်။

     မြန်မာအမည် - ဒန့်ဒလွန်ပင်

     အင်္ဂလိပ်အမည် - drumstick tree

     Botanical Name - Moringa oleifera

     ဒန့်ဒလွန်ပင်ဟာ အိန္ဒိယမျိုးနွယ်ဝင် သစ်ပျော့ပင်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာအနှံ့ အပူပိုင်းရော သမပိုင်းဒေသများတွင်ပါ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဒီအပင်ဟာ ကြီးထွားလွယ်ပြီး ရေသောက်သုံးမှု နည်းတဲ့အတွက် နေရာဒေသတော်တော်များများမှာ စိုက်ပျိုးနိုင်တာပဲဖြစ်ပါတယ်။

      စိုက်ပျိုးရန် လိုအပ်ချက်များ

   ညအပူချိန် -၂၅-၃၀ဒီဂရီစင်တီဂရိတ်၊ မိုးခေါင်ဒဏ်ခံနိုင်ပြီး မိုးရေချိန် နှစ်စဉ်၂၅၀-၁၅၀၀မီလီမီတာ ရွာသွန်းပါက ကောင်းစွာဖြစ်ထွန်းပါသည်။ ပင်လယ်မြေမျက်နှာပြင်အထက် -၁၈၀၀-၃၆၀၀ပေအထိ စိုက်နိုက်ပါတယ်။ မြေအမျိုးအစားတော်တော်များများတွင်ဖြစ်ထွန်းသော်လည်း အချိန်အတော်အကြာ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။

      မြေချဥ်ငန်ဓာတ် pH - 5.0-9.0ထိ

     အစိုက်များသော ဒန့်ဒလွန်ပင်မျိုး - PKM1

     ဒီမျိုးဟာ အထွက်နှုန်းမြင့်မားတဲ့အပြင် ရေငတ်ဒဏ် ပိုးကျမှုဒဏ်ကို အတော်အသင့်ခံနိုင်ရည် ရှိတယ်လို့ဆိုထားပါတယ်။

      စိုက်ပျိုးရန်အချိန်

      မိုးရာသီမှာစိုက်ခြင်းဟာ အပင်ကြီးထွားဖို့အတွက် အလွန်ကောင်းတဲ့ရာသီပဲ ဖြစ်ပါတယ်။ မျိုးစေ့ချ၍ စိုက်ခြင်း ပျိုးထောင်၍စိုက်ခြင်း နှစ်သက်သလိုလုပ်ဆောင်နိုင်ပါတယ်။ ပင်ကြားတန်းကြား အကွာအဝေး ၂.၅မီတာ ပတ်လည်ဖြင့်စိုက်ပါက တစ်ဧကလျှင် အပင်ရေ ၄၀၀၀ထိစိုက်ပျိုးနိုင်ပါတယ်။

     ရိတ်သိမ်းခြင်း

      မျိုးပေါ်မူတည်ပြီး အထွက်တိုးမျိုးများသည် (ဥပမာ -PKM1မျိုး) စိုက်ပြီး ၅လအကြာ အသီးများကို သီးလာပါက ခူးဆွတ်နိုင်ပါပြီ။ အပွင့် ပွင့်ချိန်မှ ရိတ်သိမ်းသည်ထိ မတ်-ဇူလိုင် လထိကြာမြင့်ပါတယ်။ ခူးဆွတ်ချိန် ၂-၃လထိကြာမြင့်ပြီး တစ်ပင်လျှင် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ ၄၀၀ထိထွက်နိုင်တယ်လို့ သိရပါတယ်။ အရွက်ပဲခူးမယ်ဆိုပါက ကိုယ်လိုအပ်သည့် အနေအထားရောက်ပါက စိတ်ကြိုက်ရိတ်သိမ်းခူးဆွတ်နိုင်ပါတယ်။ ထုတ်လုပ်မှုမြင့်မားသောခြံများတွင် အပင်အမြင့် ၁ပေခွဲလောက်သာချန်ပြီး ခုတ်ပေးကြပါတယ်။ တစ်နှစ်လျှင် ၉ကြိမ်ထိ ပြုလုပ်ကြပါတယ်။ အပင်ကြီးမှ ရိတ်သိမ်းမယ်ဆိုပါက အပင်အမြင့် ၃-၆ပေထိသာချန်ပြီး ရိတ်သိမ်းကြပါတယ်။ ထိုသို့ ပြုလုပ်မယ်ဆိုပါက မိုးရာသီက အကောင်းဆုံးပဲဖြစ်ပါတယ်။

     သီးညှပ်စိုက်ပျိုးနိုင်ခြင်း

      နှမ်း၊ သခွား၊ ကြက်သွန်၊ မတ်ပဲ စတဲ့ ကောက်ပဲသီးနှံတွေနဲ့လဲ ရောနှောစိုက်နိုင်တဲ့အပြင် အုန်း၊ သရက် တို့နဲ့လဲ တွဲစိုက်နိုင်ပါတယ်။ အထွက်နှုန်းကတော့ နွေရာသီတွင် နည်းပါးပြီး မိုးရာသီနဲ့ ဆောင်းရာသီမှာအထွက်များပါတယ်။

     ကိုင်းဖြတ်ခြင်း

     သီးတောင့်ယူသော အခင်းဖြစ်ပါက အတောင့်များရိတ်သိမ်းပြီးချိန် စတင်ဘာလတွင် မြေပေါ်ပိုင်းပင်စည် ၃ပေသာချန်ပြီး ခုတ်နိုင်ပါတယ်။ ထိုအချိန်တွင် အထွက်ကောင်းအောင် ရေသွင်းရေလောင်းလုပ်ပေးရန်လိုအပ်ပါတယ်။ ရေမရရှိသော နေရာများတွင်မူ မိုးရွာသွန်းမှုအပေါ် ချိန်တွယ်ပြီးမှ ကိုင်းခုတ်သင့်ပါတယ်။

     အသုံးပြုပုံများ

     အသီးကိုတော့ စျေးကွက်ထဲမှာ အများအပြာရောင်းချလေ့ရှိပါတယ်။ ဒါ့အပြင် အရွက်အမှုန့်ကြိတ်ပြီးလဲ ရောင်းချနိုင်ပါတယ်။ အမှုန့်ကြိတ်မယ်ဆိုပါက ကွင်းထဲမှာ ခူးလာသော အရွက်များအား ရေစနစ်တကျ ဆေးကြောပြီးပါက အရွက်မှာ ဗီတာမင်များလျော့နည်းခြင်း၊ ဖုန်မှုန့် နှင့် အခြား မလိုလားအပ်သော ရောနှောမှုများမဖြစ်စေရန် အဝတ်ပါးပါးသို့ ခြင်ထောင်ပုံစံ စကာလေးများဖြင့် စနစ်တကျ အခြောက်ခံသင့်ပါတယ်။ အိမ်ထဲသို့မဟုတ် လုံခြုံသောအဆောက်အဦးထဲတွင် အဝတ်ပါးစဖြန့်ခင်းပြီးလဲ အခြောက်ခံနိုင်ပါတယ်။ အကိုင်းလိုက်လဲ တွဲလျားချိတ်ပြီး အခြောက်ခံနိုင် ပါတယ်။ ခြောက်လာသောအရွက်များကို အမှုန့်ကြိတ်နိုင်ပါပြီ။ ရလာသောအမှုန့်များကို အစိုဓာတ်မပြန်အောင် လေလုံသော ဖန်ပုလင်း /ဘူးများထဲထည့်ပြီး သုံးနိုင်ပါတယ်။ ထိုသို့မဟုတ်ပါက အာဟာရဓာတ်များလျော့နည်းသွားစေနိုင်ပါတယ်။ ထိုသို့ စနစ်တကျ သိုလှောင်သိမ်းဆည်ပါက အပူချိန် ၂၄ဒီဂရီ (အခန်းတွင်းအပူချိန်) ၆လအထိ သိမ်းဆည်းနိုင်ပါတယ်။

   ထိုသို့ အမှုန့်ကြိတ်စားသုံးခြင်းဖြင့် ပါဝင်သောအာဟာရဓာတ်များကို မလျော့ပဲစားသုံးနိုင်ပါတယ်။ နောက်ထပ်အနေနဲ့ကတော့ သွေးတိုးရောဂါတွေကုသဖို့အတွက် အဓိကထားအသုံးပြုကြပါတယ်။

ကိုးကား- အစိမ်းအရောင်းလမ်း၊ အင်တာနတ်။

DOCA(ရှမ်း)