Main menu

စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification)

Powered by Drupal
Tue, 07/09/2024 - 10:24 -- consumer_admin

      ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စားသုံးသူပြည်သူများ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်များစားသုံးနိုင်စေရန်အတွက် စားသောက်ကုန်များကို ဈေးကွက်မတင်မီစိစစ်ခြင်း၊ ဈေးကွက်တင်ပြီးနောက် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း စသည့် အစားအသောက်ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုများအား အစဉ်တစိုက် ကြိုတင်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူအများအဖို့ စားသောက်ကုန်များကို ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူစားသုံးနိုင်ရန်အတွက် “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်”အား မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၂၀-၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ်များပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) များဖော်ပြနိုင်ရေးအတွက် စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) ကို လျှောက်ထားနိုင်ရန်ဖြစ်ပါသည်။

        ဈေးကွက်အတွင်းရှိ အသင့်ထုပ်ပိုးထားသော အစားအသောက်များအားလုံးကို စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) လျှောက်ထားစေခြင်းအားဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်မည့် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code)တစ်ခုသတ်သတ်မှတ်မှတ်ရရှိသွားမည်ဖြစ်၍ အဆိုပါသတ်မှတ်နံပါတ်ကို စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြခြင်းဖြင့် စားသုံးသူများသည် စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ယင်းသတ်မှတ်နံပါတ်ကို လွယ်ကူစွာတွေ့ရှိနိုင်မည်ဖြစ်သောကြောင့် အစားအသောက်အခြေအနေကိုစိစစ်သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအ သောက်များအား ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။

       စားသောက်ကုန်လုပ်ငန်းများအနေဖြင့်လည်း အမှတ်တံဆိပ်ပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) ပါရှိသည့်အတွက် မိမိထုတ်ကုန်အား စားသုံးသူကသိရှိလွယ်ပြီး မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ခြင်း၊ ထုတ်ကုန်ဂုဏ်သတင်းမြှင့်တင်နိုင်ခြင်း (Business Opportunity) နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်သောအခါ ပိုမိုအဆင်ပြေချောမွေ့လွယ်ကူစေခြင်း၊ အဆင့်ဆင့်သော အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများအနေဖြင့် အသင့်ထုပ်ပိုးရောင်းချနေသော အစားအသောက်များ၏ ဘေးအန္တရာယ်ဖြစ်မှုကို နောက်ကြောင်းပြန်ခြေရာခံ(Traceability) နိုင်ခြင်း၊ ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချနေသော အစားအသောက်များ၏ဘေးအန္တရာယ်ဖြစ်နိုင်ခြေ (Risk) ရှိလျှင်လည်း လျင်မြန်စွာအရေးယူဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

        စားသောက်ကုန်မှတ်တမ်းတင်ခြင်းစနစ် (Food Product Notification System) ကို ပညာပေးကာလတွင် ဆန္ဒအလျောက် လျှောက်ထားဆောင်ရွက်ပေးမည်ဖြစ်သော်လည်း ပညာပေးကာလပြီးဆုံးပြီးနောက် ပြုပြင်တည့်မတ်ကာလသတ်မှတ်ပြီး “အသင့်ထုပ်ပိုးထားသောအစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်” ဖြင့်ချိတ်ဆက်၍ ဥပဒေနှင့်အညီ အရေးယူမှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) လျှောက်ထားရာတွင်-

(၁) အစားအသောက်အမျိုးအစား၊

(၂) အမှတ်တံဆိပ်၊

(၃) အသားတင်အလေးချိန်/ ပမာဏ၊

(၄) ထုပ်ပိုးအရွယ်အစားနှင့် ထုပ်ပိုးပစ္စည်းအမျိုးအစား၊

(၅) ထုတ်လုပ်သည့် လုပ်ငန်းအမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်၊

(၆) ထုတ်လုပ်သည့်နိုင်ငံ၊

(၇) အခြားသက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပေးသည့် ထောက်ခံချက်တို့အား ဖြည့်သွင်းပြီး ထုတ်ကုန်၏အမှတ်တံဆိပ်ဓာတ်ပုံ (PDF File) ဖြင့် ပူးတွဲ၍ Online E-submission မှတစ်ဆင့် လျှောက်ထားနိုင်သည်။

စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) ကို အောက်ပါအစားအသောက်လုပ်ငန်းများအနေဖြင့် လျှောက်ထားရယူနိုင်ပါသည်-

(၁) အမှတ်တံဆိပ်ကပ်ထားသော အသင့်ထုပ်ပိုးထားသည့် စားသောက်ကုန်များအားလုံး၊

(၂) ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိပြီးနောက် တိုးချဲ့လျှောက်ထားမည့် စားသောက်ကုန်များ (ယင်းစားသောက်ကုန်များအနေဖြင့် Manual စနစ်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တိုးချဲ့ထုတ်လုပ်ခြင်းလျှောက်ထားပြီးပါက Food Product Code ကို လျှောက်ထားရယူရမည်ဖြစ်ပြီး ရရှိလာသည့် Product Code ကို ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။)

သီးခြားလျှောက်ထားရန်မလိုသော စားသောက်ကုန်များမှာ-

(၁) E-submission မှတစ်ဆင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားမည့် စားသောက်ကုန်များ၊ သွင်းကုန်ထောက်ခံချက်လျှောက်ထားမည့် စားသောက်ကုန်များ၊

(၂) ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိပြီးသော စားသောက်ကုန်များနှင့် သွင်းကုန်ထောက်ခံချက်ရရှိပြီးသော စားသောက်ကုန်များ။

     စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) လုပ်ငန်းစဉ်တွင် အစားအသောက်အမျိုးအစားအလိုက် မှတ်တမ်းတင်၍ Product Code ကို ထုတ်ပေးမည်ဖြစ်ပြီး အစားအသောက်၏ အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြခွင့်ပြုမည်ဖြစ်သည်။ သွင်းကုန်ထောက်ခံချက်ရရှိထားပါက သွင်းကုန်ထောက်ခံချက်အမှတ်စဉ် (IR Product Code) နှင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိပြီးပါက (Product Serial No.) တို့အား အသင့်ထုပ်ပိုးထားသော အစားအသောက်များ၏ အမှတ်တံဆိပ်ပေါ်တွင်ဖော်ပြရမည်။ အဆိုပါ Product Code ကို လက်ကိုင်ဖုန်းဖြင့် https://esubmission.fda.gov.mm/search-product တွင် Product Code စိစစ်၍ရသောနေရာ၌ အမှတ်စဉ်ရိုက်ထည့်ပါက လုပ်ငန်း၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ၊ အစားအသောက်၏ အမှတ်တံဆိပ်၊ အမျိုးအစား၊ အလေးချိန်တို့အပြင် သွင်းကုန်ထောက်ခံချက် (IR) (သို့မဟုတ်) Product Registration (PR) ရယူထားခြင်းရှိ/မရှိကိုပါ သိရှိနိုင်မည်ဖြစ်ပါသည်။

        စားသောက်ကုန်လုပ်ငန်းများသည် စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) ကို (၉-၅-၂၀၂၄) ရက်နေ့မှစ၍ FDA Website - www.fda.gov.mm ၏ e-Submission System, Food product notification မှတစ်ဆင့် e-Payment (Electronic Payment) - ကျပ်၁၀၀၀ဝဖြင့် ဝင်ရောက်၍လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မှတ်ချက် ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ရှင်းလင်းချက်မှကောက်နှုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။

 

DOCA(ဧရာဝတီ)