Main menu

စာကြည့်တိုက်တစ်ခု၏ ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်စေရန် မှတ်သားစရာ

Powered by Drupal
Thu, 07/11/2024 - 15:35 -- consumer_admin

    စာကြည့်တိုက်ဟူသည်  စာအုပ်စာပေများကြည့်ရှုမှတ်သားစေရန် အစုအ‌ဝေးရှိသည့်နေရာ (စာ-စာအုပ်စာပေ၊ ကြည့်-ကြည့်ရှုမှတ်သားရာနေရာ၊ တိုက်-အစုအဝေး)ဖြစ်သည်။ စာကြည့်တိုက်ဟူသည်မှာ “ဉာဏအလုပ်ရုံ၊ လောက၏ ပြတင်းပေါက်၊ လူထုတက္ကသိုလ်၊ အသံတိတ်တက္ကသိုလ်၊ နိုင်ငံ၏ဦးနှောက်” ဟုလည်း တင်စားနိုင်သည်။ ထို့အပြင် စာကြည့်တိုက်ဆိုသည်မှာ စုဆောင်းထားသော စာအုပ်၊ စာတမ်းများကို စာဖတ်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် စနစ်တကျ စီစဉ်ထားရှိသော နေရာလည်းကောင်း၊ ဖတ်ရှူ့သူကို အသိပညာဗဟုသုတ ဖြန့်ဖြူးပေးရာနေရာ လည်းကောင်း၊ ပညာဗဟုသုတ လိုလားသူများအတွက် လွတ်လပ်စွာပညာရှာဖွေနိုင်သည့် ပညာဘဏ်တိုက်နေရာလည်းကောင်း  စာကြည့်တိုက်မှရရှိသည့် အသိပညာကြောင့် ပညာရှင်များ မွေးထုတ်ပေးရာ ဉာဏအလုပ်ရုံနေရာလည်းကောင်း သတ်မှတ်ရသည်။

     စာကြည့်တိုက်မှ ရရှိသည့် အသိပညာနှင့်ဗဟုသုတများသည် လူတို့၏ဘဝတစ်စိတ်တစ်ဒေသကို ပြောင်းလဲနိုင်သည်။ “ရယ်မောသူသည် အသက်ရှည်၏” ဆိုရိုးရှိသကဲ့သို့ “ စာဖတ်သူသည်လည်း ကိုယ်စိတ်နှစ်ပါးနူးညံ့သိမ်မွေ့စေသည်” ဟု  သိမှတ်ရသည်။ စာအုပ်စာပေများစွာရှိသည့်အနက် အားလုံးကိုမဆို လက်လှမ်းမှီသလောက် ရှာဖွေ၍ လေ့လာဖို့နှင့် စာပေ၏အနှစ်သာရ ရရှိဖို့ အကြံပြုရပါသည်။ ယင်းနှင့်ဆက်စပ်၍ စာကြည့်တိုက်ပညာသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ စာပေကို အလွယ်တကူလေ့လာနိုင်ရန် စာအုပ်စာပေများကို တစ်စုတစ်စည်း ထဲရှိစေရန်၊ စာပေမှဗဟုသုတရရှိစေရန်  ရည်ရွယ်ချက်တို့ဖြင့်  သက်ဆိုင်သည့်နေရာများရှိ လူကြီး၊ မိဘ၊ ဆရာသမား၊ ရပ်ရေးရွာရေးအုပ်ချုပ်သူများ၊ စာပေကို ချစ်မြတ်နိုးသူများက ဦးဆောင်ဦးရွက်ပြု၍ စာကြည့်တိုက်ကို ဖွင့်လှစ်ကြရာ ကျောင်းစာကြည့် တိုက်၊ အိမ်စာကြည့်တိုက်၊ ရုံးစာကြည့်တိုက်၊ ရပ်ကွက်စာကြည့်တိုက်၊ ကျေးရွာစာကြည့်တိုက်ဟူသော စာကြည့်တိုက် များဖွင့်လှစ်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သည်။ ရေရှည်တည်တံ့ဖွံဖြိုးတိုး တက်စေသော စာကြည့်တိုက်တစ်ခု ဖြစ်မြောက်ရန်နှင့်လိုအပ်ချက်များကို ဘက်ပေါင်းစုံတို့မှ ဖြည့်ဆည်းကြရသည်။

       ထိုသို့ စာကြည့်တိုက်တစ်ခု ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လေ့လာမှတ်သားရသည်။ စာကြည့်တိုက်တစ်ခု တည်ထောင်ရန် ကြိုတင်ပြင်ဆင်ရာတွင်  ဦးစွာ ရည်ရွယ်ချက်ရှိခြင်း၊ စာကြည့်တိုက်ကော်မတီဖွဲ့စည်းခြင်း၊ ဝန်ထမ်းထားရှိခြင်း၊ တည်နေရာနှင့် အကျယ်အဝန်း ကောင်းမွန်စွာရှိခြင်း၊ ပရိဘောဂပစ္စည်းအသုံးအဆောင်ပြင်ဆင်ရသည်။ စာကြည့် တိုက်ဝန်ဆောင် မှုဆိုင်ရာဥပဒေသ(၅)ချက်တွင် စာအုပ်များသည်ဖတ်ရှု့ရန်အတွက်ဖြစ်သည်။ လူတိုင်းသည် စိတ်ကြိုက်စာအုပ်များရှိသည်။ စာအုပ်တိုင်းအတွက် စာဖတ်သူရှိသည်။ စာဖတ်သူ၏ အချိန်ကို လေးစားရသည်။  စာကြည့်တိုက်များသည် အစဉ်တိုးတက်နေသော အဖွဲ့အစည်းများ ဖြစ်သည်။

     စာကြည့်တိုက်အင်္ဂါရပ်များအနေဖြင့် စာကြည့်တိုက်မှူး၊ စာကြည့်တိုက်တာဝန်ခံ၊ အဆောက်အဦနေရာ၊ ရန်ပုံငွေ၊ စာဖတ်သူ၊ ငှားသူ၊  စာဖတ်ပရိသတ် ဖြစ်သည်။   စာကြည့်တိုက် အမျိုးအစားများမှာ အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်/ ကောလိပ်စာကြည့်တိုက်၊ ပြည်သူ့ စာကြည့်တိုက်၊ အထူးစာကြည့်တိုက်တို့ဖြစ်သည်။

      ၎င်းစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ စုဆောင်းရာတွင် မိမိစာကြည့်တိုက်နှင့် သင့်လျော်သည့် စာအုပ်စာတမ်းနှင့်  စာဖတ်သူစိတ်ဝင်စားသည့် စာအုပ်ဖြစ်ရသည်။ စာဖတ်သူကို ပညာဗဟုသုတ တိုးပွားစေမည့်စာအုပ်ဖြစ်ရသည်။ စာကြည့်တိုက်မှူးနှင့်တာဝန်ခံသည် မိမိစိတ်ကြိုက် စာအုပ်များကိုသာ ဝယ်ယူခြင်းမပြုရန် သတိပြုဖွယ်ဖြစ်သည်။ စာအုပ်စာတမ်းများစု ဆောင်းရာတွင် ဝယ်ယူခြင်းဖြင့်လည်းကောင်း၊  လှူဒါန်းခြင်းဖြင့်လည်းကောင်း၊  ဖြန့်ဝေခြင်းဖြင့်လည်းကောင်း၊ လဲလှယ်ခြင်းဖြင့်လည်းကောင်း စသည်တို့မှ စုဆောင်းရသည်။ ထိုစာကြည့် တိုက်အတွက် ဝယ်ယူသော စာအုပ်များ စာမျက်နှာကျော်ခြင်း၊ စုတ်ပြဲခြင်း ရှိ/ မရှိ စစ်ဆေးရသည်။  စာဖတ်သူအား လမ်းမှားရောက်စေမည့် လှုံ့ဆော်ရေးသားထားသော စာအုပ်များ မဖြစ်စေရန်နှင့် တရားမဝင်ထုတ်ဝေသော စာအုပ်များမဖြစ်စေရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းသော စာအုပ်များ ဖြစ်ရသည်။

      စာကြည့်တိုက်စာအုပ်များ ထိန်းသိမ်းရာတွင်  စာအုပ်စာတမ်းများ စာကြည့်တိုက်သို့ ရောက်ရှိလျှင် စာကြည့်တိုက်တံဆိပ်ရိုက်နှိပ်ခြင်း၊ စာကြည့်တိုက်မှတ်ပုံတင်စာရင်းသွင်းခြင်း၊ မျိုးတူနေရာချခြင်းတို့ပြုလုပ်ရသည်။  စာအုပ်ငှားပေးမှတ်ပုံတင်ရာတွင်၊ ငှားရမ်းသူ၏ အမည်၊ ရာထူးရေးသွင်းရသည်။   ငှားရမ်းသည့်ရက်   ပြန်အပ်သည့်ရက် ဖော်ပြရသည်။   ငှားရမ်းသည့် စာအုပ်အမည်၊ စာရေးသူတို့ကို ဖော်ပြရသည်။ စာအုပ်ပြန်အပ်လျှင် ငှားရမ်းသည့် စာအုပ် မှန်/ မမှန် စစ်ဆေးရသည်။ စာအုပ် စုတ်ပြဲ၊ ပျက်စီးမှု ရှိ/ မရှိ စစ်ဆေးရမည်။ ငှားရမ်းသည့် ကာလ ကျော်/ မကျော် စစ်ဆေးရသည်။ ပြည့်စုံပါက မူလထားသည့်နေရာ၌ ပြန်ထားရသည်။

       စာကြည့်တိုက် ကြီးကြပ်သူ စာကြည့်တိုက်ဝန်ထမ်းများ၏ အရည်အချင်းတွင် လူအများနှင့် ပြေပြစ်စွာ ပေါင်းသင်းဆက်ဆံနိုင်ခြင်း၊ သည်းခံ၍ စိတ်ရှည်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊  စာပေ ဝါသနာပါခြင်း၊ ပညာဗဟုသုတ ပြုလိုစိတ်ရှိခြင်း၊ သုတေသန ပြုလိုစိတ်ရှိခြင်း၊ ခေါင်းဆောင်လို စိတ်ရှိခြင်း တာဝန်ယူလိုစိတ်ရှိခြင်း၊ လူမှုဝန်ထမ်းစိတ်ရှိခြင်း၊ နိုးကြားထကြွသော စိတ်ရှိခြင်း၊ ခေတ်နှင့်အမီ ရင်ဘောင်တန်းလိုစိတ်ရှိခြင်းဖြင့် တာဝန်ယူ လုပ်ဆောင်ရသည်။

    အဆိုပါ သက်ဆိုင်သည့် စာကြည့်တိုက်တို့၌   အရေးကြီးသော စာအုပ်အဝင်စာရင်း ထားရှိ ရသည်။ စာအုပ်အဝင်မှတ်ပုံတင်စာရင်းသွင်းရန် လယ်ဂျာစာအုပ်ဖြင့် ပြုစုထားသည်။ ရေးသားပြုစု ရာတွင် (၁)စဉ်၊ (၂)စာကြည့်တိုက်အမှတ်စဉ်၊ (၃)နေ့စွဲ၊ (၄)စာရေးသူအမည်၊ (၅)စာအုပ်အမည်၊ (၆)ထုတ်ဝေသည့်အကြိမ်ရေနှင့်ခုနှစ်၊ (၇)စာအုပ်တန်ဖိုး၊ (၈)မျိုးတူစု (သုတ၊ ရသ)၊ (၉) မည်ကဲ့ သို့ရရှိသည် ဝယ်ယူခြင်း / လှူဒါန်းခြင်း/ ဖြန့်ဝေခြင်းတို့အား အမှတ်စဉ်စနစ်တကျဖြင့် မှတ်တမ်း ရေးသွင်း ပြုလုပ်ထားရသည်။

      စာကြည့်တိုက်တွင် ထိန်းသိမ်းရာ၌  စာအုပ်များ ပျက်စီးစေသည့် အကြောင်းရင်းများလည်း ရှိသည်။  ရာသီဥတုကြောင့် ဖြစ်နိုင်ချေရှိပြီး အပူရှိန်လွန်ကဲခြင်း၊ စိုထိုင်းဆများပြားခြင်း၊ သဘာဝ ဘေးအန္တရာယ်များကြုံတွေ့ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ပိုးမွှား၊ မသာမာသူများ ဖျက်ဆီးခြင်း၊ ဂရုတစိုက် မကိုင်တွယ်ခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ဖြစ်နိုင်သည်။  ၎င်းအန္တရာယ်များမှ ကာကွယ်ထားရှိပြီး စာအုပ်များ ရေရှည်တည်တံ့ရေးအတွက် အပူရှိန်ကာကွယ်ရန် နေရောင်ခြည် တိုက်ရိုက် ကျဆင်းသောနေရာ၌ စာအုပ်များမထားရ။ ရေဝင်နိုင်သည့် စိုစွတ်နိုင်သည့် နေရာများမှ လွက်ကင်းရာနေရာ၌ ထားရသည်။ မိးခိုးထွက်သောနေရာ၊ စက်ရုံ၊ အလုပ်ရုံများနှင့် နီးသောနေရာတွင် မထားရ။ ပိုးမွှားအင်းဆက်များ    အန္တရာယ်မှကာကွယ်ထားရသည်။    လုံခြုံသောနေရာတွင် သော့ခတ်ထိန်းသိမ်းရသည်။ စာဖတ်သူ၊ စာအုပ်ငှားသူများအား ဂရုတစိုက်ကိုင်တွယ်ရန် စည်းကမ်း သတ်မှတ်ထားရသည်။ စာကြည့်တိုက်မှူး၊ တာဝန်ခံသည် စာအုပ်၊ စာတမ်းများအား လစဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။ စာအုပ်မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရမည် ထိုအချက် အလက်များစွာတို့ သိရှိလိုက်နာရသည်။

    စာကြည့်တိုက်စည်းကမ်းအရ တစ်ကြိမ်ငှားလျှင် စာအုပ် (၃)အုပ်သာ ငှားရမ်းခွင့်ရှိသည်။ တစ်ကြိမ်ငှားလျှင် ရက်သတ္တပတ်သာ ခွင့်ပြုသည်။ စာအုပ်များကို ရိုသေစွာ ကိုင်တွယ်ဖတ်ရှု့ ရမည်။ စာအုပ်များအား ငှားရမ်းခြင်းမပြုမီ သေချာစွာ စစ်ဆေးရသည်။ စာအုပ်များ ပျက်စီးခြင်း၊ အတွင်းစာမျက်နှာများ စုတ်ဖြဲခံရခြင်း၊ ပျောက်ဆုံးခြင်းများဖြစ်ပါက စာအုပ်အစားထိုး ပြန်လည် ဝယ်ယူပေးရသည်။  ကျန်စာဖတ်သူများ ဖတ်ရှု့လေ့လာနိုင်ရန်     စာအုပ်များအား သတ်မှတ်ရက် အတွင်း မပျက်မကွက် ပြန်လည်အပ်နှံရသည်။ မိမိငှားရမ်းမည့် စာအုပ်များအား မိမိစိတ်ကြိုက် ရွေးချယ်ပြီးပါက စာကြည့်တိုက်မှူး/ တာဝန်ခံထံ ပြသ၍ မှတ်ပုံတင်ရမည်။ စာကြည့်တိုက်များသည် စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် လူသားတို့၏ ဉာဏ်စမ်းရည်ကို လေ့ကျင့်ပေးသည့် နေရာဖြစ်၍ “မျိုးဆက်သစ်လူငယ်မောင်မယ်တို့ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့” တိုက်တွန်းလျက် စာကြည့်တိုက်တစ်ခု ၏ ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်စေရန် မှတ်သားစရာအကြောင်း ရေးသားတင်ပြပါသည်။

မှီငြိမ်းကိုးကားချက်။   မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ ဖွင့်လှစ်သော စာကြည့်တိုက်ပညာ  အခြေခံကျွမ်းကျင်မှု သင်တန်းမှတ်စုမှ အကျဉ်းချုပ်ဖော်ပြခြင်း ဖြစ်ပါသည်။

DOCA(မွန်)