Main menu

*စစ်မှန်သောအရည်အသွေးရဖို့ဘာပေးရမလဲ*

Powered by Drupal
Mon, 07/15/2024 - 14:53 -- consumer_admin

       ဖြစ်စဉ်(၁)      ယခင်တစ်ပတ်က သူငယ်ချင်းတစ်ဦးအိမ်ဆောက်နေသည့်အတွက် သွားလာ လည်ပတ်ရာမှ ဆောက်လက်စလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပါသည်။လုပ်ငန်းခွင်တွင် ဖြုန်းအုတ်များ ဖြုန်းကျောက်များ၊ ကျောက်စရစ်များ၊ သံချောင်းများ၊ ဘိလပ်မြေ၊ ထုံးနှင့်မြန်မာ အုတ်ခေါ်(အုတ်နီ) များတွေ့မြင်ခဲ့ရပါသည်။စပ်စုလိုသည့် စိတ်ဓာတ်အခံကြောင့် ဘိလပ်မြေနှင့်အုတ်သဲ ကျောက်ဈေးနှုန်း များမေးမြန်း နေခဲ့ပါသည်။ ဆောက်လုပ်ရေးတာဝန်ယူနေသည့် ကန်ထရိုက်က ဝန်ဆောင်မှုကို အကောင်းဆုံးတာဝန်ယူ ဆောက်လုပ်ပေးနေကြောင်း အဆောက်အဦးမည်မျှအောင်မြင်စွာ ဆောက် လုပ်ပြီးစီးခဲ့ကြောင်း ရွှန်းရွှန်းဝေအောင် ပြောကြားနေသည်ကို ကြားသိခဲ့ရပြီး အလုပ်တစ်ဖက်နှင့်မို့ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တော်လည်း ဆက်လက်လေ့လာချင်သဖြင့် ပန်းရံခေါင်း ဆောင်နှင့်လည်း ရင်းနှီးကျွမ်းဝင်နေရာ သူတို့၏လုပ်အားခများ ကုန်ပစ္စည်းအရည်အသွေးများအား လေ့လာမေးမြန်းနေပါသည်။ ထိုသို့ မေးမြန်းလေ့လာနေစဉ် ကျွန်တော့အမြင်မှာ ထူးဆန်းမှု့ တစ်ခု တွေ့လိုက်ရပါသည်။ ကျွန်တော် ပဲခူးတွင်နေထိုင်စဉ်က ဆန်စက်မှ စပါးခွံများဖြင့် အုတ်ဖုတ်သော လုပ်ငန်းများ တွေ့ကြုံဖူးပါသည်။ မြေကြီးကိုတူးဆွ၍ ရေနှင့်သမအောင်နယ်ရပါသည်။ ထို့နောက် ပုံစံခွက်တွင်ထည့်၍ အုတ်စိမ်းရအောင် ရိုက်ရပါသည်။ ထိုအုတ်စိမ်းများကို နေလှန်း၍ ခြောက်သော အခါစပါးခွံများအနှံ့ရောက်အောင်ချိတ်ဆက်၍ စီကာစပါးခွံလောင်း၍မီးရှို့လိုက်ပါက အနီရင့်ရောင် အုတ်အကျက်များ ရလာပါသည်။ ထိုအထဲတွင် မီးကျက်လွန်းအုတ်သည် အနီရင့်ရောင်တွင် မီးကျွမ်း အနက်စက်ကလေးများပါပြီး တစ်ခုနှင့်တစ်ခုထိခတ်လျှင် အသံတထင်ထင်နှင့်အရည်အ‌သွေးကောင်း အုတ်အဖြစ်သတ်မှတ်ကြပါသည်။ ထိုသို့သော အုတ်များသည် မီးပြင်းသည့် နေရာများတွင်သာတွေ့ ရသည်။ မီးမပြင်းသောနေရာများ တွင်အုတ်သားအနီရောင် ဖျော့၍ ဝါကျင့်ကျင့်အရောင်သာရှိ တော့သည်။ အရည်အသွေးညံ့သည်ဟု သတ်မှတ်ပါသည်။ ယခုကျွန်တော် တွေ့လိုက်ရသည်က အုတ်ပုံတစ်ပုံရှိ အုတ်တစ်ချပ်စီ၏ ဘေးတစ်ဖက်တစ်ချက်တွင် အနက်ရောင်အကွက်များက နေရာတူ အရောင်တူ ဖြစ်နေပေသည်။ ထူးဆန်းပေစွဟုရေရွတ်ယုံသာပင် ကျွန်တော့ ရင်ထဲမရှင်းသဖြင့် ပန်းရံ ခေါင်းဆောင်ကိုခေါ်မေးရာ ဦးလေးတို့ခေတ်နဲ့ မတူတော့ဘူးဗျာ ဒီလို အုတ်ကျက်ပုံစံ အရည်အသွေး မြင့်တယ်ထင်အောင် အုတ်အစိမ်းမှာထဲက ဆေးတို့ထားရတယ်။ ဆေးတို့ပြီးသား အုတ်စိမ်းကိုမီး ဖုတ်လိုက်လျှင် အခုဦးတွေ့နေရတဲ့ တစ်ပုံလုံးအရည်အသွေးပြည့် အုတ်အကျက်တွေရရော ပေါ့ဗျာတဲ့, သံစီသံကွေးလုပ်တဲ့သံချောင်း တွေဆိုရင်လည်း ငါးမူးလုံးသုံးမတ်လုံးဆိုက်စုံ စင်္ကာပူထုတ်နှင့်မြန်မာ မြောင်းတကာဒေသထုတ် တစ်တန်ကို သိန်းနှစ်ဆယ် လောက်ကွာတယ် ဦးလေးရဲ့ လုပ်ငန်းအဆင် ပြေအောင် လုပ်ရတာဘဲ ဦးလေးရေ ရှင်းပြီလားတဲ့ ကျွန်တော့ရင်ထဲရှင်း သွားပါပြီ။ကျွန်တော့်

        သူငယ်ချင်းဝယ်ယူထားတဲ့ ဝန်ဆောင်မှုအတွက်တော့ ရင်လေးရပါသည်။ကျွန်တော့သူငယ်ချင်း ကို ခေါ်၍ ဝန်ဆောင်မှုအကြောင်းရှင်းလင်းဆွေးနွေးရဦးမည် ဖြစ်ပါသည်။

      ဖြစ်စဉ်(၂) ကျွန်တော့သူငယ်ချင်း တစ်ဦးက ဆန် ဆီနှင့်ကုန်စုံရောင်းပါသည်။သူငယ်ချင်း နောက်တစ်ဦးက တို့ဟူးလုပ်ငန်းလုပ်၍ ဇနီးကတို့ဟူးသုပ်နှင့် မုန့်ဖတ်သုပ် ရောင်းပါသည်။ တို့ဟူး သူငယ်ချင်းက ကုန်စုံရောင်းသူ သူငယ်ချင်းထံမှ တို့ဟူးလုပ်ရန် ကုလားပဲ ဝယ်ရပါသည်။ရောင်းသူ သူငယ်ချင်းမှလည်း ပဲရောင်းရန်နှစ်မျိုးရှိပါသည် တစ်မျိုးမှာ ကုလားပဲအစစ်ဖြစ်ပြီး တစ်ပိဿာ ၇၀၀၀၊၈၀၀၀ ကျပ်ရှိပါသည်။ ကျန်တစ်မျိုးမှာ စာတော်ပဲခြမ်း ဖြစ်ပြီး တစ်ပိဿာ၄၀၀၀၊ ၄၅၀၀ ကျပ်ခန့်ဖြစ်နေပါသည်။ တို့ဟူးစစ်စစ်မှာ ကုလားပဲကို စက်နှင့်ကြိတ်ချေပြီး အနှစ်များစစ်ယူရပါ သည်။ပဲခွံနှင့်အကြမ်းဖက်များ ဖယ်၍အနှစ်များကို ကြိုချက်ပြီးဗန်းများဖြင့် တို့ဟူးပြုလုပ်ရပါသည်။ တို့ဟူး၏အရောင်မှာ အဝါရင့်ရောင်ဖြစ်၍ တို့ဟူးကြော် တို့ဟူးသုပ်မှာ တောင်ပေါ်ဒေသ၏ ရိုးရာ အစားအစာတစ်ခု ဖြစ်ပါသည်။ တို့ဟူးလုပ်သည့် သူငယ်ချင်းမှာ တို့ဟူးလုပ်ငန်းသည် မိဖ လက်ထပ် မှလုပ်ငန်းဖြစ်၍ လုပ်ကိုင်နေရသော်လည်း တွက်ခြေမကိုက်ကြောင်း  တစ်ခါတစ်ရံ လုပ်အားခပင် မကျန်ဘဲ ဇနီးသည်၏ တို့ဟူးသုပ်နှင့် မုန့်ဖတ်သုပ် လုပ်ရောင်းခြင်းကြောင့်သာ ဆက်လက်လုပ်ကိုင် နေရကြောင်း ညည်းတွားနေပါသည်။ တစ်ခါတွင် မှာတော့ ဝိတ်လျော့သည် ဟုဆိုကာ ကုလားပဲခြမ်း နှင့်စားတော်ပဲခြမ်း တစ်ဝက်စီဝယ်ယူနေ၍ မေးမြန်းကြည့်ရာ ပဲနှစ်မျိုး ဈေးနှုန်းကွာနေ၍ ဈေးကွက် တွက်ခြေကိုက်ရန် ပဲနှစ်မျိုးရော၍ တို့ဟူးလုပ် နေရကြောင်း ရှင်းပြပါသည်။

     တို့ဟူးအရည်အသွေးတစ်ဝက်ကျသွားလည်း ဈေးနှုန်းဈေးကွက်အရ စားသုံးသူအတွက်မငြင်း သာသော ဖြစ်စဉ်ဖြစ်ပါသည်။နောက်တစ်ပတ် တွင်ဈေးမကိုက်ဟူဆိုကာ ကုလားပဲမသုံးတော့ဘဲ စားတော်ပဲခြမ်းကိုသာသုံး၍ တို့ဟူးလုပ်လေတော့သည်။အရည်အ‌သွေးကို ဈေးကွက်ဈေးနှုန်းက    အသာရ သွားသည်ဟု သုံးသပ်မိပါသည်။တစ်လခန့်ကြာသောအခါ ဆန်၊ ဆီနှင့်ကုန်မျိုးစုံရောင်းသူ သူငယ်ချင်းမှ တို့ဟူးလုပ်ငန်းသူငယ်ချင်း၏ကုန်ကြမ်းအတွက် ကုလားပဲအိတ် (၂၀)ခန့်မှာယူထားရာ ၎င်းက ဈေးကွက်ကွာခြားချက်ကြောင့် စားတော်ခြမ်းသာပြောင်းလည်းသုံးလာသဖြင့် ကုလားပဲအိတ် (၂၀)ခန့် မရောင်းရဘဲ လှောင်ကုန်ဖြစ်နေကြောင်းညည်းတွားပြန်ပါသည်။

      ဈေးကွက်အရအရည်အသွေးလျော့သုံးသည့်သူငယ်ချင်းကို သနားရမည်လား။ အရည်အသွေး  လျော့သုံးသူများကြောင့်စစ်မှန်သောကုန်စည်များမရောင်းရဘဲလှောင်ကုန်ဖြစ်နေရ သောသူငယ်ချင်း ကိုသနားရမည်လား ။ ကုလားပဲအစစ်နှင့်ပြုလုပ်သော အဝါရင့်ရောင် ပဲသားအနှစ်နှင့်တို့ဟူး အစစ် အစား စားတော်ခြမ်းဖြင့်ပြုလုပ်သော အဝါရောင်ဖျော့ဖျော့ ဂျယ်လီသား လိုအရည် အသွေးလျော့သော တို့ဟူးကို ဝယ်ယူစားသုံးနေရသည့် စားသုံးသူတို့၏အဖြစ်ကိုသနားရမည်လား။ ထိုသို့သော ဖြစ်စဉ်များသည် စားသုံးသူတို့ ပတ်ဝန်းကျင်တွင် အမြဲဒွန်တွဲလျက် ရှိပေသည်။

      ဥပမာ အရည်အသွေးကို စားသုံးသူထင်ရောင်ထင်မှားဖြစ်စေရန် ထုတ်လုပ်မှုနည်းစဉ်ကို လိမ်လည်ထုတ်လုပ်သည်? အထက်ပါအုတ်လုပ်ငန်းဖြစ်စဉ်မျိုး၊ ဈေးကွက်တွင် ရောင်းကုန်ကို တာရှည်ခံရန် အသား၊ ငါးနှင့်ပဲပြားကဲ့သို့သောတာရှည်ဆေး (ဖော်မလင်)သုံးစွဲသည့်ဖြစ်စဉ်မျိုး၊ ဈေးကွက်တွင် ရောင်းပန်းလှစေရန် ငြုပ်သီးမုန့်၊ လဖက်၊ အချိုရည်နှင့် ပုဇွန်ငပိတို့တွင် ဓါတုဆေးဝါး အရောင်မှုန့်များသုံးစွဲမှုဖြစ်စဉ်မျိုး၊ ကုန်စည်အရည်အသွေးကိုထုတ်ပိုးမှု ပြင်ဆင်လိမ်လည် ရောင်းချ သည့် တရုတ်ပုလဲဓါတ်မြဩဇာကို အာမိုအိတ်ခွံသွတ်ရောင်းချသည့်ဖြစ်စဉ်မျိုး၊ဈေးနှုန်းဈေးကွက် လိုအပ်ချက်နှင့်အညီ မိမိကုန်စည်အချိန်ကိုက်ဈေးကွက်ဝင်ရန် အချိန်ကိုက်မှည့်ဆေးအသုံးပြုသည့်  ခရမ်းချဉ်၊  ငှက်ပျော၊ သရက် ကုန်စည်တို့၏ ထုတ်လုပ်မှုဖြစ်စဉ်မျိုးစသည်တို့သည် မကြာခဏကြုံတွေ့ နေရသည့် ဖြစ်စဉ်များဖြစ်ပေသည်။

      တစ်ချို့စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူများ၏လိုအပ်ချက်နှင့် လိုချင်သည့်ကုန်စည် များအစား စားသုံးသူ၏အားနည်းချက်ကိုရှာဖွေ၍  စီးပွားရှာနေကြပေသည်။ကုန်အမှတ်တံဆိပ်ထင်ရှား ပြီးသားအာလူးကြော်လုပ်ငန်းရှင်များသည်(အကြော်သီး)မားကစ် S1 S2များကိုရွေးချယ် ဝယ်ယူ၍ လုပ်ငန်း၏ကုန်အမှတ်တံဆိပ်ကို ထိမ်းသိမ်းနေသလို အချို့သောလုပ်ငန်းရှင်များသည် ကုန်သည် ပွဲစားများနှင့်ချိတ်ဆက်၍ အသုံးမပြုသင့်သောအာလူးများ(တစ်ခြမ်းပုတ်/တစ်ခြမ်းပဲ့)များကို အသုံး ပြု၍တံဆိပ်အမျိုးမျိုးဖြင့် ၂၀၀/၅၀၀တန်ထုပ်လုပ်ရောင်းချနေပါသည်။၎င်းတို့၏ ဈေးကွက်ဖြစ်‌သော အခြေခံလူနေမှုအားနည်းသည့် ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သည့် စားသုံးသူအုပ်စု ဖြစ်ပါသည်။ ကြော်သည့်ဆီက ဘယ်နှစ်ခါကြော်ပြီးပြီလဲမရေတွက်နိုင်/အသုံးပြုသည့်ကုန်ကြမ်းက အသုံးပြုရန် မသင့်သောကုန်စည်/ကုန်ကြမ်းပေးသူရော ကုန်ချောထုတ်သူပါကျင့်ဝတ်စည်းကမ်း များကို သိလျက် နှင့်ကျူးလွန်နေကြပေသည်။

      အထက်ပါဖြစ်စဉ်ဖြစ်ရပ်များက စားသုံးသူတို့အတွက် ဘေးကင်းလုံခြုံပြီး စစ်မှန်ပြည့်စုံသော သတင်းအချက်အလက်နှင့်ကိုက်ညီသည့် ကုန်စည်နှင့်ဝန်ဆောင်မှုကိုရရှိရန်ငွေကြေး၊ အတွေ့အကြုံ နှင့်သင်ခန်းစာများကိုရင်းနှီးပေးဆပ်နေရဦးမည်ဖြစ်ကြောင်း အသိပေးရေးသားအပ်ပါသည်။

DOCA(ရှမ်း)