Main menu

စျေးကွက်တွင် နွေနှမ်းပေါ်ချိန် နှမ်းစျေးမြင့်တက်နေ

Powered by Drupal
Wed, 07/24/2024 - 14:13 -- consumer_admin

     နွေနှမ်းပေါ်ချိန်အစ နှမ်းစျေးအနည်းငယ် မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များနှင့် တောင်သူများထံမှ သိရသည်။လက်ရှိဆောင်းနှမ်းအကုန် နွေနှမ်းစတင်ပေါ် ချိန်ဖြစ်ပြီး နွေနှမ်းများ စတင်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ရိတ်သိမ်းချိန်တွင်လည်း ရာသီဥတုကောင်းမွန်သည့်အတွက် အထွက်နှုန်းများ ကောင်းမွန်ကြောင်းလည်း သိရသည်။

     "နှမ်းဖြူနဲ့ နှမ်းနက် တရုတ်ကို ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့အတွက် ရန်ကုန် ဝယ်လက်နဲ့ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိလို့ ဈေးမြင့်တယ်လို့ ကြားတယ်။ စျေးကွက်သဘောအရ စပေါ်ချိန် စျေးတက်တယ်။ ထပ်ပြီး လှိုင်လှိုင်ပေါ်လာရင် စျေးကျ၊  ပြီးရင် လက်ကျန် နည်းသွားရင် ပြန်ကျ အဲ့ဒီလိုပဲ သွားကြတယ်။ “ ဟု နှမ်းကုန်သည်တစ်ဦးက ပြောသည်။

      မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမုန် ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၄၅၅၀၀၀ မှ ၅၀၀၀၀၀ ကြား ထိ ပေါက်စျေးရှိပြီး တစ်အိတ်လျှင် ၅၀၀၀ မှ ၁၀၀၀၀ အထိ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ထို့အပြင် နှမ်းဖြူ (ဂျပန်) မှာ ၄၅ပိဿာဝင် တစ်အိတ်လျှင် ဇူလိုင် ၈ရက်နေ့ က ၃၉၀၀၀၀မှ ၃၉၅၀၀၀ ကျပ် အထိသာရှိပြီး လက်ရှိတွင် ၄၅ပိဿာဝင် တစ်အိတ်လျှင် ၄၁၈၀၀၀ မှ ၄၂၀၀၀၀ အထိ အမြင့်စျေးတွင်ရှိကြောင်း သိရသည်။

    အောင်လံကုန်စည်ဒိုင်တွင်ဖုန်း ဖြင့် ဝယ်ရောင်းစျေး နှမ်းနက် (Aအက်စစ်မလွတ်) ၄၅ပိဿာဝင် တစ်အိတ် လျှင် ၃၇၀၀၀၀ မှ ၃၈၅၀၀၀ကျပ် ဖြင့် ရောင်းဝယ်ဖြစ်နေပြီး နှမ်းဖြူမှာ စျေးနှုန်း အတိအကျ စျေးဖွင့်ထားခြင်းမရှိကြောင်း သိရသည်။စျေးကွက်မှာ အရည်အသွေးရှိသည့် မိုးလွတ်အက်စစ်အောင်သည့် နှမ်းများကိုသာ အဓိကထား အရောင်းအဝယ်လုပ်ကြကြောင်း သိရသည်။"လက်ရှိတော့ အရင်အပတ်ထပ် စျေးလေးတက်လာတယ်။ နှမ်းက အရည်အသွေးကောင်းရင် စျေးကောင်းရတယ်။ နှမ်းစျေးကွက်မှာက မိုးမမိတဲ့ အက်စစ်အောင်တဲ့ နှမ်းတွေပဲ အရောင်းဝယ်ဖြစ်တာများတယ် “ဟုအောင်လံမှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိနှမ်းဈေးနှုန်းမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုကောင်းလာပြီး အရောင်းဝယ်ဖြစ်နေကြောင်း နွေနှမ်းစိုက်ပျိုးသည့် တောင်သူတစ်ချို့ထံမှ သိရသည်။

       ယခု ဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ပြည်တွင်းတွင် ပုံမှန်နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင်  တန်ချိန် ၆ သိန်းမှ  ၈  သိန်းထိထွက်လေ့ရှိကြောင်း သိရသည်။မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံတစ်ခုတည်းသာ အားထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည်း သိရသည်။

      မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ရှမ်း)