Main menu

ပန်းတို့ဘုရင် နှင်းဆီသခင်

Powered by Drupal
Fri, 07/26/2024 - 10:27 -- consumer_admin

     နှင်းဆီပန်းကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိပြီး ဂန္တဝင်ဆန်သည့် လှပမှုနှင့် အကျော်ကြားဆုံးပန်းအဖြစ် လူအများ၏ အသိအမှတ်ပြုခြင်းခံထား ရသည့် ပန်းမျိုးပင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နှင်းဆီအမျိုးပေါင်း ထောင်ကျော်ရှိပြီး မျိုးစိတ်ရာကျော်ရှိပါသည်။ ဆူးခက်များစွာပါရှိသည့် နှင်းဆီပန်းသည် ပန်းတို့၏ဘုရင်၊ ပျိုမေတို့၏ အသည်းစွဲဖြစ်ပြီး အရောင်အသွေး၊ အဆင်းရနံ့များစွာဖြင့် လျှို့ဝှက်နက်နဲသည့် အဓိပ္ပါယ်များနှင့် သမိုင်းကြောင်းများလည်း ရှိပါသည်။

      နှင်းဆီပန်းသည် ခေတ်အဆက်ဆက်ကပင် လူတို့အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း (၃၀)ကျော်တွင် နှင်းဆီ၏ ပင်စည်အစိတ်အပိုင်းနှင့် ဆူးများ၊ အရွက်များကို ရုပ်ကြွင်းအဖြစ် တွေ့ရှိခဲ့ကြပြီး ရှေးဟောင်းလူများ၏ ကဗျာများ၊ တေးဂီတ များနှင့် ရှေးဟောင်း ဒဏ္ဍာရီသမိုင်းများတွင် နှင်းဆီနှင့်ပတ်သက်သော အကြောင်းအရာများ ပါရှိခဲ့သည်။ ထိုအချိန်က နှင်းဆီကို အနုပညာလက်ရာများ၊ ကျောက်မျက်ရတနာများ၊ အိုးများနှင့် ပန်းအလှထိုးခြင်းလုပ်ငန်းများတွင် ဒီဇိုင်းလက်ရာများအဖြစ် တွေ့ရှိကြရပါသည်။ ယနေ့ချိန်ထိပင် နှင်းဆီနှင့်ပတ်သက်သည့် အကြောင်းအရာများသည် ယခင်ကဲ့သို့ ရေပန်းစားဆဲပင် ဖြစ်ပေသည်။

    ယခင်နှစ်ပေါင်းများစွာကပင် ချစ်ခြင်းမေတ္တာကို ဖော်ပြသည့်အနေဖြင့် နှင်းဆီပန်းကို အသုံးပြုခဲ့ကြပြီး ချစ်ခြင်း၏ သင်္ကေတအဖြစ် ချစ်ရေးချစ်ရာ၊ မေတ္တာရေးရာများတွင် တန်ဖိုးထား ခြင်းခံရသည့် ပန်းပင်ဖြစ်ပါသည်။ ချစ်သူမိန်းကလေးများအတွက် အံ့အားသင့်စေမည့် ချစ်သက် လက်ဆောင်အဖြစ် နှင်းဆီပန်းလှလှများကို ပေးလေ့ရှိကြပြီး ယနေ့ထိတိုင် ချစ်သူများအကြားတွင် ပေါင်းကူးတံတားသဖွယ် နေရာယူမြဲဖြစ်ပါသည်။ နှင်းဆီပန်းသည် အင်္ဂလန်နိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်ပြီး ခရစ်စမတ်ပွဲတော်၊ အီစတာပွဲတော်၊ အမေများနေ့၊ ချစ်သူများနေ့စသည့် နေ့ထူးနေ့မြတ်များတွင် အဓိကအသုံးပြုကြသည့် ပန်းဖြစ်ပါသည်။

     နှင်းဆီပန်းတွင် အနီ၊ အဝါ၊ အဖြူ၊ အစိမ်း၊ အနက်၊ လိမ္မော်ဝါ၊ ခရမ်း၊ ပန်းရောင်စသည် တို့ဖြင့် အရောင်မျိုးစုံရှိပြီး နှင်းဆီစပ်ကြားအရောင်များလည်းရှိပါသည်။ နှင်းဆီအရောင် တစ်မျိုးစီတွင် အဓိပ္ပါယ်ကိုယ်စီဖြင့် လူအများ တင်စားဖော်ကျူးသည့်ပန်းဖြစ်ပါသည်။

 

   အနီရောင်နှင်းဆီသည် နက်ရှိုင်းသည့် အချစ်၏ကိုယ်စား အဖြစ် သတ်မှတ်ပြီး Valentine’s Day အတွက် ပြီးပြည့်စုံသော လက်ဆောင်တစ်ခုအဖြစ် လူအများအကြား ရေပန်းစားသော အရောင်ဖြစ်ပါသည်။ အဝါရောင်နှင်းဆီသည် နွေးထွေးမှုနှင့် ပျော်ရွှင်မှုအတွက် ချစ်ကြည်ရေးပန်းအဖြစ် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လက်ဆောင်ပေးလေ့ ရှိကြပါသည်။ အဖြူရောင်နှင်းဆီသည် သန့်ရှင်းမှုနှင့် ကျေးဇူးတရားသိတတ်မှုကို ပုံဖော်စေပြီး ထာဝရသစ္စာ စောင့်သိခြင်း အဓိပ္ပါယ်ရှိသောကြောင့် မင်္ဂလာပွဲတွင် အလှဆင်ခြင်း၊ ဆရာသမားများအား ကန်တော့ခြင်းများတွင် အသုံးပြုကြပါသည်။

      အစိမ်းရောင်နှင်းဆီသည် သဘာဝတရား၊ ပြန်လည်နုပျိုမှုနှင့် မွေးဖွားမှုကို ကိုယ်စားပြု ခြင်းကြောင့် အောင်မြင်မှုရရှိစေရေး ကြိုးစားနေချိန်များတွင် မျှော်လင့်ချက်များ ရှင်သန်စေရန် အတွက် ရည်ရွယ်၍ ပေးပို့ကြပါသည်။ လိမ္မော်ဝါရောင်နှင်းဆီသည် အသိအမှတ်ပြုခြင်းနှင့် သဘောတူညီချက်ရရှိသည့် အထိမ်းအမှတ်အတွက် ချီးမွမ်းမှု သင်္ကေတအနေဖြင့် အလုပ်သစ်ရရှိခြင်းနှင့် ရာထူးတိုးခြင်းများတွင် အသုံးပြုကြပါသည်။ ပန်းရောင်နှင်းဆီသည် ကျေးဇူးသိတတ်ခြင်းနှင့် လေးစားခြင်းဟူသည့် အဓိပ္ပါယ်ရှိ၍ ဆရာသမားများ၊ လေးစားရသည့် ပုဂ္ဂိုလ်များ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်းများအား လက်ဆောင်ပေးလေ့ ရှိကြပါသည်။ ပန်းရောင်နှင်းဆီများသည် မိန်းမပီသမှုနှင့် ကျက်သရေကို ကိုယ်စားပြုသောကြောင့် စေ့စပ်ပွဲပါတီများ၊ ကပွဲများနှင့် အခမ်းအနားများအတွက် ပြီးပြည့်စုံစေသည့်အရောင်ဖြစ်ပါသည်။

      မြန်မာနိုင်ငံတွင် နှင်းဆီပန်းကို မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်လည်း တပိုင်တနိုင် စိုက်ပျိုးကြပါသည်။ နှင်းဆီပင်ကို မြေပြန့်ဒေသများတွင် စက်တင်ဘာလမှ အောက်တို ဘာလအတွင်း စိုက်ပျိုးချိန်သည် အကောင်းဆုံးဖြစ်ပါသည်။ သို့သော် ဂရုတစိုက်ဖြင့် စိုက်ပျိုးမည် ဆိုပါက တစ်နှစ်ပတ်လုံးနီးပါး စိုက်ပျိုးနိုင်ပါသည်။ နှင်းဆီပင်ကို ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးကြပြီး  ပျိုးပင်များကိုလည်း မစိုက်ပျိုးမီ တစ်ပတ်အလိုတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြင့် ကြိုတင် ကာကွယ်ပက်ဖျန်းထားရမည်ဖြစ်ပါသည်။ နှင်းဆီပင်စိုက်ပျိုးရာတွင် အပင်မစိုက်မီ  ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို မြေအမျိုးအစားပေါ် မူတည်၍အသုံးပြုရပါမည်။ စိုက်ကျင်းတူးရာတွင်  အပေါ်ယံမြေသား  တစ်ပေခန့်တူးပြီး  သီးခြားဖယ်ထားရပါမည်။ ထို့နောက် တစ်ပေခွဲဆက်တူးကာ မြေသားတစ်ဝက်၊  နွားချေးသံပုံးတစ်ဝက်၊ အရိုးမှုန့်မြေသြဇာ လက်တစ်ဆုပ်ကို စိုက်ကျင်းမှ အောက်ခံမြေသားတစ်ဝက်နှင့် သမအောင်ရောပြီး ကျင်းထဲသို့ထည့်ရပါမည်။ သီးခြားဖယ်ထားသည့် အပေါ်ယံမြေသားကို အပေါ်မှပြန်ထည့်၍ အသုံးပြုရပါမည်။ နှင်းဆီသည် အမြစ်စဉ်အင်အားကောင်းပြီး နှစ်ရှည်ခံပန်းပင်ဖြစ်သည့်အတွက် စိုက်ခင်းကို စနစ်တကျ ကောင်းမွန်အောင် ပြုပြင်ရပါမည်။ အပေါ်ယံ မြေသားတိမ်သောမြေများတွင် နှစ်လွှာတူးနည်းသည် အကောင်းဆုံး ဖြစ်ပါသည်။

       နှင်းဆီပင်ကို မြေချစိုက်ပျိုးမည်ဆိုပါက မြေစိုင်ခဲပါ စိုက်နည်းနှင့် မြေစိုင်ခဲမဲ့ စိုက်နည်းဟူ၍ နည်း(၂)နည်းဖြင့် စိုက်ပျိုးကြပါသည်။ ပျိုးပင်ငယ်များကို မြေစိုင်ခဲနှင့်အတူ စိုက်လေ့ရှိကြပါသည်။ အရေးကြီးသည့်အချက်မှာ စိုက်ခင်း သို့မဟုတ် စိုက်ကျင်းတွင်ထည့်ထားသော မြေသားအသစ်ကို ပျိုးပင်နှင့်အတူ ပါလာသော မြေစိုင်ခဲမှ မြေသားအဟောင်းနှင့် တစ်သားတည်းရှိစေရန် ဖိသိပ်ပေးရန် လိုအပ်ပြီး အပင်သည်ကျင်း သို့မဟုတ် စိုက်ခင်းအလယ်တည့်တည့်တွင် ထားရှိရပါမည်ဖြစ်ပါသည်။

      အပင်ကြီးသော နှင်းဆီပင်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးမည်ဆိုပါက အပင်မှ မြေများကိုဖယ်၍ မြေစိုင်ခဲမဲ့စိုက်နည်းကို အသုံးပြုသင့်ပါသည်။ မစိုက်မီ အမြစ်ကို ရေထဲတွင် တစ်နာရီခန့်စိမ်ထားပြီး စိုက်ကျင်း သို့မဟုတ် စိုက်ခင်းထဲမှ မြေတစ်ဝက်ခန့်ကိုဖယ်ကာ ကျင်းအလယ်၌ မြေကို ခုံးထားပေးပြီး အမြစ်များကို ဖြန့်၍စိုက်ပျိုးရပါသည်။ အမြစ်မထိခိုက်စေရန်လည်း အထူးသတိပြုရမည် ဖြစ်ပါသည်။ အဓိကအချက်မှာ အပင်ပတ်လည် မြေဟာပြီး လေခိုမှုမရှိစေရန်အတွက် ဖိသိပ်ပြီး ရေချက်ချင်းလောင်းပေးရပါမည်။

       နှင်းဆီပင်များကို မြေချ၍စိုက်ပျိုးပြီးပါက ကောက်ရိုး၊ မြေဆွေး၊ နွားချေးဆွေး၊ သစ်ရွက်ဆွေး စသည့်သဘာဝမြေဩဇာများဖြင့် အထူ ၄ လက်မခန့် အပင်ခြေများတွင် ဖုံးအုပ်ပေး ရပါမည်။ ထိုသို့ပြုလုပ်ပေးခြင်းကြောင့် မြေ၏အစိုဓာတ် လျင်မြန်စွာ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ပတ်ဝန်းကျင်ရှိ လေထုစိုထိုင်းဆကိုလည်း ထိန်းထားနိုင်ပေသည်။ နှင်းဆီသည် ရေများများ ရရှိခြင်းကို နှစ်သက်သော အပင်မျိုးဖြစ်ပြီး ရေအနည်းအငယ်ဖြင့် မကြာခဏ လောင်းပေးခြင်းထက် စိုက်ခင်းဘောင်တစ်ခုလုံး မြုပ်သည်အထိ ရေမှန်မှန်သွင်းပေးခြင်းသည် အပင်အတွက် ပို၍ ကောင်းမွန်ပါသည်။ ရေလောင်းရေသွင်းရာတွင် နံနက်စောချိန်နှင့် ညနေချိန်များ၌သာ ပြုလုပ်သင့်ပါသည်။ 

      နှင်းဆီပင်သည် အပွင့်အတွက် စိုက်ပျိုးသော အပင်အမျိုးအစားဖြစ်၍ အရည်အသွေးကောင်းသည့် အပွင့်များရရှိရန် လိုအပ်ပါသည်။ စံချိန်မှီ အပွင့်များရရှိစေရန်အတွက် အာဟာရဓာတ် မျှတလုံလောက်စေရေး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အမျိုးမျိုး အသုံးပြုနိုင်ပါသည်။ အာဟာရဓာတ် ၁၂ မျိုးခန့်ရှိသည့်အနက် နှင်းဆီပင်အတွက် အဓိကလိုအပ်သည့် အာဟာရဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်ဆီယမ် စသည်တို့ဖြစ်ပါသည်။

      နှင်းဆီပင်ကိုင်းရှင်းခြင်းသည် နှင်းဆီပင်ရှင်သန်ကြီးထွားစေရေးနှင့် ရောင်းတန်းဝင် ပန်းပွင့်လှလှလေးရရှိစေရေးတို့အတွက် အလွန်ပင်အရေးကြီးပါသည်။ ကိုင်းရှင်းသည့်အခါ ပင်စည်၏ အတက်ထွက်နိုင်ခြေရှိသည့် နေရာ၏အောက်တွင် နှစ်ကိုင်းလောက်ချန်၍ ညှပ်ပေးရမည်ဖြစ်ပါသည်။ ထိုမှသာ ထွက်လာသည့်အတက်များ သန်မာပြီး ရောင်းတန်းဝင်သည့် အပင်ဖြစ်လာ၍ တစ်လခွဲခန့်ကြာသည့်အခါ ပန်းများစတင်ဖူးပွင့်လာပါမည်။ ထို့နောက် ပန်းခူးခြင်းနှင့် ကိုင်းရှင်းခြင်းများကို အတူတကွလုပ်ဆောင်ရမည်ဖြစ်ပါသည်။

     တစ်နည်းအားဖြင့် နှင်းဆီပင်များကို အလှအိုးများဖြင့်လည်း စိုက်ပျိုးကြပါသည်။ အရောင်းစင်တာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် လူအများစည်ကားရာ ပန်းခြံများ၊ အထင်ကရ နေရာများတွင်လည်း အလှဆင်ကာစိုက်ပျိုးလေ့ရှိကြပါသည်။ နှင်းဆီပန်းသည် ဈေးကွက်ဝင် ပန်းဖြစ်ပြီး လူကြိုက်များသည့် ပန်းဖြစ်ပါသည်။ ဘုရားပန်း ကပ်လှူရာတွင်လည်း အများဆုံး ကပ်လှူပူဇော်ကြသည့် ပန်းဖြစ်ပါသည်။ ဈေးကွက်တွင်လည်း နှင်းဆီပန်းမျိုးစုံ အရောင်းအဝယ် ပြုကြပြီး နှင်းဆီပန်း (၁၀)ပွင့် တစ်စည်းလျှင် အရောင်အဆင်း၊ အပွင့် အကြီး/အသေး အလိုက် ကျပ်(၃၀၀၀ မှ ၆၀၀၀) အထိရှိပါသည်။ နှင်းဆီပျိုးပင်ငယ် တစ်ပင်လျှင် ကျပ်(၃၀၀၀-၅၀၀၀)၊ နှင်းဆီပျိုးပင်လတ် တစ်ပင်လျှင် ကျပ်(၁၀၀၀၀-၁၅၀၀၀)၊ နှင်းဆီပျိုးပင်ကြီး တစ်ပင်လျှင် ကျပ်(၈၀၀၀၀-၁၀၀၀၀၀)အထိ ပျိုးအိတ်၊ အလှအိုးများဖြင့် အရောင်းအဝယ်ပြုကြပါသည်။

     နှင်းဆီပန်းသည် ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေပါသည်။ နှင်းဆီပန်း၏ အဆီအနှစ်ဖြင့် ကိုယ်ခန္ဓာ၊ စိတ်နှင့် အရေးပြားများအတွက် အလှအပဆိုင်ရာ ဆေးများထုတ်လုပ် ဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ နှင်းဆီပန်း၏ ပွင့်ချပ်တွင်ပါသည့် ဒြပ်ပေါင်းများသည် ကိုယ်ခန္ဓာတွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးသည့်အပြင် ပွင့်ချပ်လက်တစ်ဆုပ်ကို စားသုံးပေးခြင်းဖြင့် သဘာဝနည်းဖြင့် ကိုယ်အလေးချိန်လျှော့ချစေနိုင်ပါသည်။ နှင်းဆီပန်း၏ အဆီသည် စိတ်တည်ငြိမ်နိုင်စွမ်းရှိသည့်အတွက် ပင်ပန်းနွမ်းလျခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် အိပ်မပျော်ခြင်းနှင့် စိတ်ဂနာမငြိမ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ နှင်းဆီပန်းတွင် အမျှင်ဓါတ်နှင့် ရေဓါတ်ကြွယ်ဝစွာ ပါဝင်သဖြင့် အစာကြေညက်အောင် ထောက်ပံ့ပေးသည့်အပြင် လိပ်ခေါင်းရောဂါ၊ နှလုံးရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

            အလှအပဆိုင်ရာများအနေဖြင့် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အဖြစ် အသုံးပြုကြပါသည်။ Rose Water သည် အသားအရေ အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်သည့်အတွက် ဝက်ခြံဖြစ်ပွားနှုန်းကို ရပ်တန့်စေပြီး ပိုးမွှားတွေ သေစေနိုင်သည့် phenyl ethanol ပါဝင်မှုကြောင့် ဝက်ခြံတွေကို ထိထိရောက်ရောက် ကာကွယ်ပေး ပါသည်။ နှင်းဆီပန်းသည် နှုတ်ခမ်းကို ပန်းရောင်သွေးသန်းစေပြီး နူညံ့ချောမွေ့ရုံသာမက ဝင်းလက် တောက်ပစေနိုင်ပါသည်။ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားပြည့်စေနိုင် ပါသည်။ ထို့ကြောင့် နိုင်ငံအနှံ့အပြားရှိ နာမည်ကြီး အလှအပဆိုင်ရာကုမ္ပဏီများသည် အလှအပနှင့်ဆိုင်သည့် ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် နှင်းဆီပန်းကို အဓိကထား အသုံးပြုကြပါသည်။

      နှင်းဆီပွင့်ချပ်နှင့် အရွက်တို့ကိုသုံး၍ ပြုလုပ်ထားသည့် ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် သည်းခြေအိတ်ကို သန့်စင်အောင် အထောက်အကူပြုခြင်းနှင့် လေပြွန်နှင့် ပတ်သက်သည့် ကူးစက် ရောဂါများကို လျော့ကျစေနိုင်သည့်အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာပျောက်ကင်းစေ ပါသည်။ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း၊ အဖျားကျစေခြင်းနှင့် အရေပြားနီမြန်းမှု များကို လျော့ကျစေနိုင်ပါသည်။ သတိပြုဖွယ်ရာအနေဖြင့် နှင်းဆီရေနွေးကြမ်းကို ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်၊ ဆီးချိုရောဂါရှိသူများနှင့် သွေးအားနည်းရောဂါရှိသူများ ရှောင်ကြဉ်သင့်ပါသည်။

     နှင်းဆီပန်းသည် ပန်းမန်စိုက်ပျိုးရေးတွင် လူအကြိုက်အများဆုံးဖြစ်၍ ဈေးကွက် ထိုးဖောက်နိုင်သည့် ပန်းဖြစ်သည့်အပြင် အလှအပနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ အပင်သက်တမ်း(၄)နှစ်မှ (၆)နှစ်အထိ ပန်းများ ပွင့်ဖူးနိုင်သည့်အတွက် ရေရှည်စီးပွားဖြစ်စိုက်ပျိုးသင့်ပါသည်။ ဈေးနှုန်းဈေးကွက် အခိုင်အမာရှိသည့်အတွက် တောင်သူများ အနေဖြင့် တိုးချဲ့စိုက်ပျိုးမည်ဆိုပါက အကျိုးအမြတ်များစွာရရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ဘုရားပန်းများ ကပ်လှူပူဇော်နိုင်စေဖို့ ရည်ရွယ်၍ စိုက်ပျိုးခြင်းကြောင့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုသလို များစွာအကျိုးထူးများရရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)