Main menu

တစ်ပင်လုံးအသုံးဝင်သည့် ဓနိပင်

Powered by Drupal
Wed, 07/31/2024 - 13:37 -- consumer_admin

ဓနိပင်

      ဓနိပင်သည်  အမြဲစိမ်းနှစ်ရှည်သီးပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝအတိုင်း အလေ့ကျပေါက် ရောက်လေ့ရှိသည်။  ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ဓနိပင်ကို ဒီရေအတက်အကျရှိသည့် သောင်ပေါ်ကမ်းစပ်မြေတွင် စိုက်ပျိုးနိုင်သည်။ ဓနိပင်သည် အကြီးမြန်သော အပင်မျိုးဖြစ်သည့်အတွက် အပင်ကြီးလာလေ ဓနိပျစ်အရေအတွက်သည် တိုး၍ရရှိလာလေဖြစ်သည်။  ဓနိပင်ကြီးတစ်ပင်လျှင် ဓနိလက် ၂၅လက်ခန့်ထွက်သည်။ ဓနိတောသည် ဥယျာဉ်ခြံမြေထဲတွင်ပါဝင်သောကြောင့် ''ဓနိခြံ''ဟုသတ်မှတ်နိုင်ပြီး အကျယ်အဝန်းကိုလည်း ဧကဖြင့်သတ်မှတ်ကြသည်။

ပုံသဏ္ဌာန်

     ဓနိပင်၏ ပုံသဏ္ဌာန်မှာ အုန်းပင်ပေါက်နှင့်ဆင်တူသည်။ ပင်လယ်သောင်ကမ်းစပ်၌ရှိသော ဓနိပင်၏အမြင့်သည် ၁၅တောင်၊ ၁၆တောင်ခန့်ရှိသည်။ ဓနိကိုင်းမှခုတ်ယူသော ဓနိရွက်၏ အရှည်သည် လူတစ်ရပ်ကျော်မြင့်သည်။အရွက်၏ ဗြက်အကျယ်မှာ လက်တစ်ဝါးခန့်ရှိသည်။ ပင်လယ်ဒီရေအရောက်နည်းသော နေရာများတွင်ပေါက်သောဓနိပင်များသည် အရွက်ပို၍ သေးသည်။

ဓနိလုပ်ငန်း

     ဓနိခြံကို ပင်လယ်ခြံနှင့် ကုန်းခြံဟူ၍ နှစ်မျိုးခွဲထားကြသည်။ ဓနိလုပ်ငန်းသည် လယ်ယာလုပ်ငန်းကဲ့သို့ တစ်နှစ်လျှင် တစ်ကြိမ်သာငွေပေါ်သော ရာသီကုန်ဖြစ်သည်။ သို့သော် လယ်ယာ လုပ်ငန်းကဲ့သို့ နှစ်စဉ် အရင်းအနှီးမထည့်ရပေ။ တစ်မိုးတွင်းလုံး အလက်အရွက်မွေး၍ နွေရောက်လာလျှင် ခုတ်ယူရုံဖြင့် ငွေပေါ်သောလုပ်ငန်းဖြစ်သည်။ ဓနိပင်သည် စိုက်ပျိုးရလွယ်ကူသည်။ အပင်ခွဲပြီဆိုသည်နှင့် နောက်ထပ် တစ်စုံတစ်ရာလုပ်စရာမလိုတော့ပေ။ ထို့ပြင် သီးနှံများကဲ့သို့ ဓာတ်မြေသြဇာကျွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုံး၀လုပ်စရာမလိုအပ်သော လုပ်ငန်းဖြစ်သည်။ တက်လာသောဒီရေများနှင့် ပါလာသောနုန်းမြေများသည် ဓနိခြံအတွင်း၌ တင်ကျန်နေခဲ့ပြီး သဘာဝမြေသြဇာအဖြစ်နှင့် ဓနိပင်များကိုကြီးထွားစေသည်။

       နှစ်စဉ် ပြာသိုလဆန်းသည် ဓနိခုတ်ရန် ပြင်ဆင်ရသည့်လဖြစ်သည်။ တချို့ကျယ်ဝန်းသော စိုက်ဧကများပိုင်ဆိုင်သည့် ဓနိခြံပိုင်ရှင်များသည် ဓနိခုတ်ရန် လုပ်သားများငှားရမ်းရသည်။  ဓနိခြံပိုင်ရှင်များသည် ဓနိလက်များကို လှည်း၊ လှေ စသည်တို့ဖြင့် ရေလမ်း၊ ကုန်းလမ်း အဆင်ပြေသည့်အားလျော်စွာ သယ်ယူကြရပြီး အိမ်သို့ရောက်သည့်အခါ ဓနိလက်များကိုစီ၍ အတန်းလိုက်ထပ်ပြီး ရက်သတ္တပတ်ခန့်နှပ်ရသည်။ ဤသို့ လုပ်သည်ကို ဖက်စင်တိုက်သည်ဟုခေါ်ကြသည်။ ဓနိများနပ်သောအခါ ဓနိထိုးလုပ်သား အမျိုးသမီးများကိုငှား၍ ထိုးရသည်။ ဝါးကို စိတ်ထားသော နှစ်တောင့်ထွာရှိသည့် ဓနိတံနှင့်ထိုးရသည်။

အသုံးဝင်ပုံ

      ဓနိပင်သည် တစ်ပင်လုံးအသုံးဝင်သည်။ ဓနိအရွက်ကို အိမ်အမိုးမိုးရန် သက်ကယ်ပျစ်ကဲ့သို့ သုးနိုင်သည်။ ဓနိရွက်ဖြင့် အမိုးအကာပြုလုပ်သော အလေ့အထသည် ရှေးယခင်ကပင်ရှိခဲ့ပြီး ယနေ့ထိတိုင် သုံးစွဲနေကြဆဲဖြစ်သည်။ အရိုးကိုမူ ခြံစည်းရိုးကာရန်အတွက်သော်လည်းကောင်း၊   အုန်းဆန်ကြိုးကဲ့သို့ ကြိုးကျစ်၍လည်းကောင်း အသုံးပြုနိုင်သည်။ အသီးကိုခွဲ၍ စားသုံးနိုင်သည့်အပြင် အရွက်နုကိုမူ ဟင်းစားအဖြစ် ချက်ပြုတ်စားသုံးနိုင်သည်။ အရွက်နုသည် သင်းပျံ့သောရနံ့ရှိသဖြင့် မုန့်များ၊ ကောက်ညင်းထုပ်များထုပ်ပိုးရာတွင် ဖက်အဖြစ်အသုံးပြုကြသည်။ ဓနိရေကို အပင်မှထုတ်ယူပြီး သောက်သုံးပါက အလွန်ပင်ချိုမြသည့်အရသာကိုခံစားနိုင်ပြီး ၎င်းအရေဖြင့်ချက်လုပ်ပြီး သကြား၊  သကာ၊ အချိုခဲအဖြစ်ထုတ်ယူနိုင်သလို အရက်ဘီယာအဖြစ်လည်း ထုတ်လုပ်နိုင်ပါသည်။ ဓနိရွက်နုကိုမူ ကောက်ညှင်းထုပ်ထုပ်၍စားကြသည်။ ဓနိဖူးကို ဟင်းချက်စား၊ သုပ်စားကြသည်။ 

ဓနိဖြင့်ထုတ်လုပ်သည့်စားသောက်ကုန်များ

      ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းသည် တွင်ကျယ်စွာလုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်၌လည်း နေရာယူလျက်ရှိသည်။ ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက ဓနိဖူးခြောက်လုပ်ငန်းကို ဒီဇင်ဘာလမှ ဧပြီလအတွင်း  လုပ်ကိုင်ကြကြောင်း၊ ဓနိပင်မှ ဓနိဖူးများကို ခုတ်ယူရန်အတွက် လုပ်သားများငှားရမ်းရကြောင်း၊ ခုတ်ထားပြီးသောဓနိဖူးများကို ပွင့်ဖတ်၊ ရိုးတံ အစရှိသဖြင့် အမျိုးအစားခွဲကာ ပါးပါးဖြတ်ပြီး နေလှန်းရကြောင်း၊ နေလှန်းရာတွင်လည်း ချက်ချင်းလှန်းရပြီး နေလှန်းရန်နောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်ခြင်း၊ အာနိသင်ပျက်ခြင်းများဖြစ်ပေါ်တတ်သဖြင့် ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင်နေလှန်းပြီး ထုပ်ပိုးသိမ်းဆည်းရကြောင်း၊ ဓနိဖူးလက်ဖက်ခြောက်ကို အာမခံကာလအနေဖြင့် နှစ်နှစ်ပေးထားကြောင်းသိရှိရသည်။ ထို့ပြင် ဓနိဖူးမှထွက်ရှိသည့် ပအုန်းရည်သည် အချဉ်၊ ကတ်ကြေးကိုက်၊ ငပိသုပ်၊ မုန့်လက်သုပ်နှင့် အခြားအစားအစာအမြောက်အများ လုပ်စား၍ရကြောင်း၊ ဓနိပွင့်ယို၊ ဓနိဗီနီကာချဉ်ရည်ဘူးများကို ထုတ်လုပ်ကြောင်းသိရသည်။ ဓနိသီးမှလည်း ဓနိဝိုင်၊ ဓနိသကာ၊ ဓနိသကြား၊ ဓနိပျားရည်များကိုလည်း ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆေးဖက်ဝင်ပုံ

      ဓနိဖူးဖြင့်ပြုလုပ်ထားသည့် လက်ဖက်ခြောက်ကို အမြဲသောက်သုံးပါက အရွယ်တင်နုပျိုစေကြောင်း၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်များကိုချေဖျက်နိုင်ပြီး အစာအိမ်၊ ကင်ဆာရောဂါများကိုသက်သာစေကြောင်း၊ ညဘက်အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း၊ ဆီး၊ ဝမ်း၊ လေမှန်စေခြင်း၊ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာခြင်းကိုသက်သာစေခြင်း၊ အစာချေလွယ်ပြီး ဇက်ကြောတက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်းကိုသက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိစေပါသည်။

ဈေးနှုန်းဈေးကွက်

      ဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်သည့် ဓနိဖူးမှထွက်ရှိသော ပအုန်းရည်ကို ဘူးသေးတစ်ဘူးလျှင် ၁၅၀၀ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဓနိဖူးခြောက် ၁၄၀ဂရမ်ပါ တစ်ထုပ်လျှင် ၆၀၀၀ကျပ်၊ ဓနိပွင့်ယို ၂၅ကျပ်သားလျှင် ၃၅၀၀ကျပ်၊ ဓနိရည် ဗီနီကာချဉ်တစ်ဘူးလျှင် ၁၅၀၀ကျပ်ဖြင့် ဒေသတွင်းစားသုံးသူများပြီး အွန်လိုင်းပေါ်မှ မှာယူမှုများဖြင့် နိုင်ငံခြားသို့လည်း  ပို့ဆောင်နေရကြောင်းသိရပါသည်။

       အချုပ်အားဖြင့်ဆိုရလျှင် ယခုကဲ့သို့ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးပေးမှု၊ သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးကူညီမှုများသည် ဒေသတွင်း တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါသည်။ ယခုကဲ့သို့ အခွင့်အလမ်းများပွင့်လမ်းသည့်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ထုတ်ကုန်များစွာတီထွင်ထုတ်လုပ်သင့်သည်။ ထို့ပြင် ထုတ်ကုန်များကိုလည်း အရည်အသွေးမီ၊ စံချိန်မီဖြစ်အောင် ကြိုးစားထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ဒေတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်လက်မဲ့ဦးရေနည်းပါးလာစေရေး၊ MSMEs  လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။