Main menu

ခေါပုတ် ပြုလုပ်နည်းအကြောင်း သိကောင်းစရာ

Powered by Drupal
Thu, 08/08/2024 - 15:32 -- consumer_admin

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် နေထိုင်ကြသော တိုင်းရင်းသားများ၏ ရိုးရာဓလေ့ စားစရာအဖြစ် နာမည်ကြီးလှသော အစားအစာများထဲတွင် ခေါပုတ်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ခေါပုတ်ပြုလုပ်ရန် ကောက်ညှင်းဆန်ဖြူ (သို့မဟုတ်) ငချိတ်ဆန် (၃၀၀)ဂရမ်ကို ရေစင်အောင် ဆေးပြီး တစ်ညခန့် ရေစိမ်ထားရပါမည်။ ပါဝင်သည့် ပစ္စည်းများဖြစ်သော နှမ်းလုံးဖြူ (၁၀၀)ဂရမ်ကို လှော်ပြီး ထောင်းထားပါသည်။ နှမ်းလုံးဖြူမရှိပါက အနက်ရောင်နှမ်းများကိုလည်း သုံးနိုင်ပါသည်။ ထို့အပြင် စားသုံးဆီအနည်းငယ်နှင့် ဆားအနည်းငယ် လိုအပ်ပါသည်။

    ထို့နောက် ရေစိမ်ထားသည့် ကောက်ညှင်းဆန်ဖြူ (သို့မဟုတ်) ငချိတ်ဆန်ကို ပေါင်းအိုးဖြင့် ကောက်ညှင်းဆန်စေ့ပျောက်သည်အထိ ပေါင်းပေးရပါသည်။ ကောက်ညှင်းဆန်ကျက်ပြီဆိုလျှင် မကပ်စေရန် ဆီနှင့် နှမ်းထောင်းသုတ်ထားသော ငရုတ်ဆုံထဲသို့ထည့်ကာ ဆန်လုံးပျောက်သည်အထိ ထောင်းရပါသည်။ ထိုသို့ထောင်းရာတွင်လည်း ငရုတ်ကျည်ပွေ့ထိပ်တွင် ကောက်ညှင်းဆန်များ မကပ်စေရန် ဆီနှင့် နှမ်းထောင်းနည်းနည်းစီ သုတ်ပေးရပါသည်။ ခေါပုတ်ပြားရန် ထောင်းထားသော ကောက်ညှင်းကို လက်နှင့် လင်ဗန်းတွင် ဆီသုတ်၊ နှမ်းဖြူးကာ မိမိလိုချင်သော ပုံစံအဝိုင်း အကြီး/အသေး နှစ်သက်ရာ ပြားနိုင်ပါသည်။ ပြားထားသော ခေါပုတ်များကို ဆီသုတ်ကာ နှမ်းဖြူးထားသော ဗန်းထဲတွင် အေးသွားအောင် ထားလိုက်ပါက အသင့်စား၍ရသော ခေါပုတ်အနေအထားဖြစ်သွားပါသည်။

     ခေါပုတ်ကို ပူပူနွေးနွေးစားချင်ပါက ထောင်းပြီးပြီးချင်း နှမ်းနှင့်လုံးပြီး စား၍ရသကဲ့သို့ အေး၍ခြောက်သွေ့နေသော ခေါပုတ်ကို ကင်စား၊ ကြော်စားခြင်းဖြင့် အမျိုးမျိုး စားသုံးလျက် ရှိပါသည်။

DOCA(ရှမ်း)