
ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌ပင် အပင်ဖေါက်ကာ စိုက်ပျိုးရလွယ်ကူသော အစားသောက်တစ်မျိုးပင်ဖြစ်သည့်အလျောက် ပြန်လည်ရောင်းချမည့်သူများအတွက်လည်း စီးပွားရေးတွက်ချေကိုက်သော အပင်တစ်မျိုးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဲတီစိမ်းတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်နှင့် နို့ဆီဘူးတစ်ဘူးလျှင် (၈၀၀)ကျပ်ဖြစ်သည်။ နို့ဆီတစ်ဘူးခန့် အပင်ဖေါက်လျှင် ၁ပိဿာနှင့် ၅၀ကျပ်သားခန့်ရသည်။ ပဲပင်ပေါက်တစ်ဆယ်သားလျှင် (၂၅၀) ကျပ်ဖြစ်သောကြောင့် စီးပွားအနေဖြင့်ကြည့်လျှင်လည်း မဆိုးလှသော အိမ်တွင်းစီးပွားရေးတစ်ခုပင်ဖြစ်သည်။
စားသုံးသူများအနေဖြင့်လည်း အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုစေသည်။ ပဲပင်ပေါက်သည် အာဟာရကြွယ်ဝပြီး လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါသည်။ ပဲပင်ပေါက်စားခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများကူးခြင်းမှကာကွယ်ပေးနိုင်ပါသည်။ ဇီဝကမ္မဖြစ်စဉ်များကို အကောင်းဆုံးထောက်ပံ့ပေးနိုင်သည့် အင်ဇိုင်းတစ်မျိုးဖြစ်ပါဝင်နေသောကြောင့် ဆဲလ်အတွင်း ဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါကျန်းမာစေရန် ထောက်ပံ့မှုနှင့် ကြွက်သားများကျန်းမာအောင်လုပ်ဆောင်ပေးသည့် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်နေသည်ကိုလည်းတွေ့ရှိရပါသည်။ ပဲပင်ပေါက်တွင်ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အခြားအစားစာများမှ ရရှိဖို့ရန် ခက်ခဲလှပါသည်။ ၎င်းအင်ဇိုင်းမှ အစာချေစနစ်ကိုကျန်းမာစေနိုင်ပြီး အစာချေစေနိုင်ကာ အူနံရံများကို အာဟာရဓာတ်များ အကောင်းဆုံးစုပ်ယူနိုင်စေရန် ထောက်ပံ့ပေးနိုင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်မှုမှကင်းဝေးစေရန် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါသေးသည်။
သို့သော် ပဲပင်ပေါက်ကို အစိမ်းစားလျှင် ကျန်းမာရေးအန္တရာယ်များဖြစ်လာစေနိုင်ပါသည်။ အကြောင်းမှာ ပဲပင်ပေါက်၌ Salmomella (သို့) E-coli ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများပါဝင်နေသည်ကိုတွေ့ရှိရပါသည်။ ပဲပင်ပေါက်ကြီးထွားမှုအတွက် စိုထိုင်းဆနှင့် အပူချိန်သည် ပိုးမွှားများကြီးထွားမှုကို အထူးလှုံ့ဆော်ပေးသည်။ ထို့ပြင် တချို့သောထုတ်လုပ်သူများကို ပဲပင်ပေါက်များ စားချင့်စဖွယ်ဖြစ်စေရန်နှင့် တာရှည်ခံအရောင်ချွတ်ဆေးပမာဏမြင့်မားစွာပါဝင်နေသည်ဟုဆိုသည်။ အစားအစာများတွင် အသုံးပြုရန် ခွင့်ပြုထားသော Sodium Sulphide ကဲ့သို့သော အရောင်ချွတ်စွမ်းအားနည်းသည့်အတွက် အသုံးပြုမှုနည်းကာ အစားအစာ၌ ခွင့်မပြုထားသော အရောင်ချွတ်စွမ်းအားများသည့် Sodium Hydrosulphide ကိုသာအသုံးပြုခဲ့ကြသည်ဟုတွေ့ရှိရပါသည်။ ထို့ကြောင့် များများစားသုံးပါက အသက်ရှူခက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် တိကျသေချာသည့် ထုတ်လုပ်မှုကိုမသိပါက ပဲပင်ပေါက်အစိမ်းစားသုံးခြင်းကိုရှောင်ကျဉ်သင့်သည်။ ပဲပင်ပေါက်တွင်ပါဝင်သော ဓာတုပစ္စည်းများသည် မီးအပူပေးသောအခါ ပျက်ပြယ်သွားသောကြောင့် အစိမ်းစားခြင်းထက် ကျက်အောင်ချက်၍စားသုံးခြင်းသည် ကျန်းမာရေးအတွက်ပို၍ သင့်လျော်ကြောင်းတွေ့ရှိရသည်။ သာမာန်ထက် အရောင်ပိုဖြူနေသော ပဲပင်ပေါက်များကို မရွေးချယ်သင့်ပါ။ ပဲပင်ပေါက်စားတော့မည်ဆိုလျှင် မည်းနေသောနေရာများနှင့် ပုပ်နေသောနေရာများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည်ဟု လေ့လာတွေ့ရှိချက်များအရသိရှိရပါသည်။
DOCA(ပဲခူး)