Main menu

ပြည်တွင်း၌ သင်္ဘောသီးပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြစေလို

Powered by Drupal
Tue, 08/20/2024 - 11:52 -- consumer_admin

       နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသားတစ်ဦးစီတွင် တာဝန်ရှိသကဲ့သို့ လူတစ်ဦးချင်း၏ကျင့်ဝတ်၊ စည်းကမ်းများထားရှိရမည့် စိတ်နေသဘောထား၊ စီးပွားရေးဆိုင်ရာဗဟုသုတ စသည့်အချက်များသည်လည်း အရေးပါသောအချက်များအဖြစ်ပါဝင်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သကဲ့သို့ စိုက်ပျိုးရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရှိရန်လိုအပ်သည်။ စိုက်ပျိုးသီးနှံပင်များစွာရှိသည့်အနက် သင်္ဘောပင်စိုက်ပျိုးမှုသည် ပြည်တွင်း၌ စားသုံးရန်အတွက် အသင့်အတင့်လိုအပ်သော သီးပင်တစ်မျိုးဖြစ်သည်။

     သင်္ဘောသီးပင်သည် အပူပိုင်းစားသုံးသီးပင်များဖြစ်၍ ၎င်းကို အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။ အများအားဖြင့် ရေမဝပ်နိုင်သောနေရာများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ သင်္ဘောပင်သည် ရာသီဥတုပူအိုက်စိုစွတ်သော မြေနိမ့်ဒေသများနှင့် မိုးနည်းဒေသများတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။ မြောက်အမေရိကတောင်ပိုင်း အပူပိုင်းဒေသနှင့် အနောက်အိန္ဒိယကျွန်းစုတို့တွင် စတင်ပေါ်ပေါက်ခဲ့သော အပင်မျိုးဖြစ်သဖြင့် မိုးနည်းရပ်ဝန်းဒေသ၌ ပိုမိုဖြစ်ထွန်းနိုင်သည်။

       သင်္ဘောပင်စိုက်ပျိုးသည့်အခါ တိုက်ရိုက်အစေ့ချ၍ဖြစ်စေ၊ ပျိုးပင်ပေါက်ကိုဖြစ်စေ စိုက်ပျိုးနိုင်သည်။ အခြောက်လှန်းထားသော သင်္ဘောသီးစေ့များအားစိုက်ပျိုးရာတွင် (၃)နာရီ (သို့) (၄)နာရီခန့်ရေစိမ်ပြီးမှသာ စိုက်ပျိုးသင့်သည်။ ပျိုးပင်များကိုစိုက်ပျိုးလျှင် စိုက်ခင်းတစ်ကျင်းနှင့်တစ်ကျင်းလျှင် (၇)ပေ၊(၈) ပေခန့်ခွာ၍ တြိဂံပုံစိုက်ပျိုးနိုင်သည်။ စိုက်ခင်းများကို အကျယ် (၂)ပေ၊ အနက်(၂)ပေခွဲတူး၍ ရရှိသောမြေနှင့်မြေဆွေး၊ နွားချေး၊ သဲတို့ကိုရော၍   နှပ်ထားပေးရမည်။ စိုက်ပျိုးရန် အချိန်နီးလာသောအခါ မြက်ခြောက်ကို မီးရှို့ပြီးစုပုံပေးရမည်။ စိုက်ကျင်းများတွင် ပျိုးပင်တစ်ပင်သာစိုက်ပျိုးရမည်။ စိုက်ပျိုးပြီးနောက် အပင်ပတ်လည်တွင် ကောက်ရိုးများဖုံးအုပ်ထားရမည်။ စိုက်ပျိုးပြီးကာစ အပင်ငယ်များအား တစ်ပတ်ခန့် အမိုးမိုးထားရန်လိုအပ်သည်။ ရေစိုရုံသာလောင်းပေးရန်ဖြစ်ပြီး၊ အပင်ကိုရေထိမများစေရန် ဂရုပြုရမည်။ အပွင့်ပွင့်သောအခါ ပန်းတစ်ပွင့်ကိုသာထားပြီး ကျန်သောအပွင့်များအား ခြွေပေးရမည်ဖြစ်သည်။ သို့မှသာ အသီးသီးလာသောအခါ အသီးသည် အနည်းငယ်ပိုကြီးမည်ဖြစ်သည်။ စိုက်ပျိုးပြီး (၁၅)ရက်ကြာလျှင် မြေဩဇာထည့်ရသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်ပုပုနှင့် အသီးသီးရန်လိုပြီး အပင်ရှည်ရှည်နှင့် အသီးသီးလျှင် သီးနှုန်းနည်းပြီး အသီးသေးတတ်သည်။ သင်္ဘောပင်စိုက်ပျိုးသည့် အချိန်သည်လည်း အဓိကကျပြီး  ၎င်းကို မိုးတွင်းကာလတွင် စိုက်ပျိုးသင့်ပြီး၊ အလင်းပြင်းအားလျော့နည်းသည့်အချိန်တွင် အပင်၏စိမ့်ကြားများရှည်ပြီး အပင်ရှည်တတ်ကြသကဲ့ အလင်းပြင်းအားများသည့်အချိန်တွင် အပင်ရဲ့စိမ့်ကြားများတိုပြီး အပင်ပုတတ်ကြပါသည်။

       သင်္ဘောသီးတွင်ကယ်လိုရီ၊ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ လိုင်ကိုပင်း၊ ဗီတာမင်C၊ ဗီတာမင်A၊ ဖောလိတ်၊ ပိုတတ်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B1, B3, B5၊ ဗီတာမင်K စသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုဓာတ်များပါဝင်သည်။ ထိုကြောင့် ကျန်းမာရေးဆိုင်ရာရှုထောင့်မှလည်း အထောက်အကူပြုသဖြင့် သင်္ဘောသီးစိုက်ပျိုးမှုကို အတန်အသင့် အလေးထားဆောင်ရွက်သင့်သည်။ သင်္ဘောရွက်သည် သဘာဝဆေးဖက်ဝင်အပင်ဖြစ်ပြီး သွေးလွန်တုပ်ကွေးနှင့် အခြားဆက်စပ်သော ရောဂါများကိုလည်းကုသနိုင်သည်။ သင်္ဘောရွက်ကို လက်ဖက်ခြောက်၊ ဖျော်ရည်အဖြစ်အသုံးပြုနိုင်ပြီး ဖျားနာခြင်းနှင့် ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ဆီးချိုဝေဒနာသည်များအနေဖြင့် သင်္ဘောရွက်ကို ပုံမှန်စားစေခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အဆီများကိုလျော့ကျစေပြီး အသည်းရောဂါနှင့် အခြားသောရောဂါများကိုလည်းကာကွယ်ပေးနိုင်သည့်အတွက် မိမိပတ်ဝန်းကျင်တွင် စိုက်ပျိုးစေခြင်းဖြင့် လိုအပ်လျှင် လိုအပ်သလို လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်သည်။

      မြန်မာနိုင်ငံသည် ဒီရေတောတောင်၊ သစ်ပင်ပန်းပင်များနှင့် စိမ်းလန်းစိုပြေသည့်ဒေသဖြစ်သည့်အလျောက် မိမိတို့နိုင်ငံသားများအနေဖြင့် တတ်အားသရွေ့ သီးပင်၊ စားပင်၊ အရိပ်ရပင် စသည့် အမျိုးမျိုးသော အပင်များစွာတို့ကို ပိုမိုစိုက်ပျိုးကြရန်လိုအပ်ပါသည်။ သို့မှသာလျှင် ရေ၊ မြေ၊ လေ စသော ဂေဟစနစ်ကို အလိုအလျောက်ထိန်းချုပ်ပေးနိုင်မည်ဖြစ်ပြီး သီးပင်စားပင်များအား ကိုယ်တိုင်စားသုံးနိုင်ပြီး ပိုလျှံသည်များကို ပြန်လည်ရောင်းချနိုင်သည့်အတွက် သီးနှံပင်များစိုက်ပျိုးခြင်း သည် အလေးထားဆောင်ရွက်သင့်သော အရာတစ်ခုဖြစ်သည်။ သီးနှံပင်များစိုက်ပျိုးခြင်းသည် မိမိအတွက်သာမက နောင်လာနောင်သား သားစဉ်မြေးဆက်များအတွက်ပါ ကောင်းမွန်သော အကျိုးရလဒ်များရရှိမည်ဖြစ်ပါသဖြင့် လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးစီးပွားကိုရစေနိုင်သည့်အတွက် သင်္ဘောသီးပင်နှင့် အခြားသောအပင်အမျိုးမျိုးကိုစိုက်ပျိုးခြင်းသည် အလေးထားဆောင်ရွက်သင့်သော အရာတစ်ခု ဖြစ်ပေသည်။

DOCA(ပဲခူး)