Main menu

ပိုမိုစိုက်ပျိုးထုတ်လုပ်သင့်သော ဝါ

Powered by Drupal
Tue, 08/20/2024 - 12:02 -- consumer_admin

     လူတို့၏ နေ့စဉ်ဘဝ လည်ပတ်နေမှုတို့တွင် စားဝတ်နေရေးဟူသော အချက်ပေါ်တွင်အခြေခံ၍ နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရသည်။ စားဝတ်နေရေးဟူသော စကားရပ်ထဲတွင် "ဝတ်" ဟူသော စကားရပ်လည်းပါဝင်နေသည့်အတွက် လူတို့၏နေ့စဉ်လည်ပတ်နေမှုတို့တွင် အဝတ်အထည်သည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားရန်လိုသည်။ ထို့ကြောင့် အဝတ်အထည်များ၊ ချည်ထည်၊ ပိုးထည်များ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် လိုအပ်သောဝါကို စိုက်ပျိုးထုတ်လုပ်ကြရန်လိုအပ်ပါသည်။

         ဝါစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ခြင်းကို ထယ်ရေးနှပ်၍ ထွန်ရေးညက်အောင် ထွန်လေးသွား၊ ခြောက်စပ်ထွန်ရန် မိုးကြိုရာသီ မြေအစိုဓာတ်ရှိချိန်၌ ထပ်ထိုးရန် မြေခြောက်ပါက ရေသွင်းပြီးမှသာ ထပ်ထိုးရန်နှင့် မိုးနှင့် မိုးနှောင်းစိုက်မည့်မြေကို နွေထယ်ခံထားရန်(ပေါင်းပင်များရှင်းလင်းရန်) သို့မဟုတ် ပထမသီးနှံအပြီးတွင် ထယ်ထိုး၊ ထယ်မွှေထားရန်လိုအပ်ပါသည်။ ပူအိုက်စိုစွတ်သော ရာသီဥတုကိုနှစ်သက်ပြီး ရက်ပေါင်း ၆၀မှ ၁၂၀တွင် အစိုဓာတ်မလုံလောက်ပါက အထွက်နှုန်းကျဆင်းတတ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  ပဲခူးတိုင်း‌ဒေသကြီးတွင် ချည်မျှင်ရှည်ဝါနှင့် ဝါကြီးကို အဓိကထားစိုက်ပျိုးသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဝါကြီး ၇၅၀ဧက၊ ချည်မျှင်ရှည်ဝါ ၁၅၂၅၀ဧက၊ စုစုပေါင်း ဝါစိုက်ဧက ‌၁၆၀၀၀ဧကစိုက်ပျိုးရန်လျာထားခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  ချည်မျှင်ရှည်ဝါ ၁၁၀၈၉ဧက၊ ဝါကြီး၁၈၀၄ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဝါစိုက်ဧကစုစုပေါင်း ၁၂၈၉၃ဧကစိုက်ပျိုးနိုင်ခဲ့သည်။ နတ်တလင်းခရိုင်တွင် ဝါကြီး ၇၅၀ဧက၊ ချည်မျှင်ရှည်ဝါ ၁၂၅၀ဧကစိုက်ပျိုးရန်လျာထားခဲ့ပြီး၊ ချည်မျှင်ရှည်ဝါ ၁၂၅၀ဧက၊ ဝါကြီး ၇၉၂ဧကစိုက်ပျိုးနိုင်ခဲ့သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး စိုစွတ်သောရာသီဥတုသည် ဝါအတွက် အကောင်းဆုံးဖြစ်သည်။

         "ဝါ ကဆုန်၊ နှမ်း နယုန်" ဟုဆိုသကဲ့သို့ ဝါကို ကဆုန်လတွင် စိုက်ပျိုးသင့်သည်။ ဝါတွင် မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိူးသည့်ကာလမတူ နေရာဒေသကွဲပြားစွာစိုက်ပျိုးကြသည်။ ဝါတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးစိုက်သော်လည်း မြန်မာနိုင်ငံတွင် ချည်မျှင်ရှည်ဝါကိုအများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် စိုက်ပျိုးမြေစိုက်ခင်းညီညာရန်အ‌ရေးကြီးသည်။ ခြောက်သွေ့သောအချိန်တွင် ပထမအကြိမ်အနေဖြင့် ထယ်ထိုးရန် မြေပြုပြင်ထားသင့်သည်။ ဒုတိယအကြိမ် မြေပြုပြင်ချိန်၌ ဓာတ်မြေဩဇာအား တစ်ဧကလျှင် (၁၀၀)ကီလိုနှုန်းထည့်သင့်သည်။ စိုက်ခင်းအား တစ်ဧကလျှင်  နွားချေး(သို့) မြေဆွေးအား နွားလှည်း ၁၄စီးခန့်ချပြီး စိုက်ပျိုးမည့်မြေအား ပြုပြင်ထားရန်လိုသည်။ ဝါအထွက်ကောင်းစေရန် မြေတွင် အာဟာရဓာတ်ပြည့်စုံရန်နှင့် လုံလောက်မှုရှိစေရန်လိုအပ်ပြီး မိမိတို့ စိုက်ပျိုးမည့်မြေအား ဓာတ်ခွဲသုတေသနပြုသင့်သည်။

      ဝါမျိုးစေ့များအား တစ်ဧကလျှင် ၃ပိဿာခန့်သုံးသင့်ပြီး ပိုလျှံသောမျိုးစေ့များကို ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်ထားနိုင်ပြီး လိုအပ်သည့်နေရာများအတွက် ဖာထေးအသုံးပြုနိုင်သည်။ စိုက်ပျိုးသည့်ရေရရှိမှု၊ မြေအနေအထား၊ နေရောင်ခြည်ထိတွေ့မှု၊ မြေဩဇာ စသည်တို့အပေါ်တွင်မူတည်၍ အပင်ထွက်နှုန်းကွာခြားသည်။ စိုက်ပျိုးသည့်အခါ မျိုးစေ့များကို မြေတွင် (၂)လက်မထက်ပိုပြီး မနစ်မြုပ်စေရန် သတိပြုသင့်သည်။ စိုက်ကျင်းတစ်ကျင်းတွင် မျိုးစေ့(၂)စေ့ (သို့) (၃)စေ့သာချသင့်သည်။ စိုက်ပျိုးပြီးနောက်  (၄)လက်မခန့်ရောက်သောအခါ အပင်ပေါက်ကလေးများကို အပင်ခွဲခြင်းဆောင်ရွက်သင့်သည်။ ဝါစိုက်ပျိုးပြီးသောအခါ အခြားသီးနှံများဖြစ်သော နှံစားပြောင်း၊ ပြောင်းဖူး၊ ကြံတို့ဖြင့် သီးလှည့်စိုက်ပျိုးသင့်သည်။

        ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် ရေလိုအပ်မှုသည်လည်းအရေးပါသည်။ ဝါပင်သည် စိုက်ခင်းတွင် သွင်းသည့်ရေ၏ ၇၀ရာခိုင်နှုန်းကိုစုပ်ယူသော သဘောရှိသဖြင့် ရေလုံလောက်စွာရရှိရန်လိုသည်။ မိုးရေကိုအားကိုး၍ စိုက်ပျိုးရသော ဝါခင်းတွင် ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်း၍ အစိုဓာတ်ထိန်းပေးရန်လိုအပ်သည်။ မိုးကြိုဝါသည် မိုးနှောင်းဝါထက် ရေပိုမိုရရှိရန်လိုအပ်သည်။ ဝါပင်များကို ဧကများများစိုက်ပျိုးလျှင် မြောင်းအနည်းဆုံး (၂)မြောင်းမှ (၄)မြောင်းထိဖော်၍ စိုက်ပျိုးကြသည်။အထက်မြန်မာပြည် မိုးနည်းရပ်ဝန်းဒေသများဖြစ်သော မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူး စသောဒေသများတွင် ရေသွင်းစိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြသည်။

       ဝါသည် လူသားတို့အတွက် အလွန်အရေးပါ၍ အသုံးဝင်သောသီးနှံဖြစ်ပြီး စျေးကွက်အတွင်း စျေးကွက်ယှဉ်ပြိုင်မှုကိုဖြစ်စေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများထံမှ ဝါကို တချို့နိုင်ငံများသည် စျေးနှိမ်၍ဝယ်ယူနေကြသည်များလည်းရှိသည်။ ဝါစိုက်ပျိုးခြင်းနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် အခြားဝါစိုက်သည့် နိုင်ငံတိုင်း၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်။

        ဝါမစိုက်ပျိုးသည့်နိုင်ငံများသည် အခြားနိုင်ငံမှ ဝါများအားတင်သွင်းကာ  ယင်းတို့၏နိုင်ငံတွင်အသုံးပြု၍ အထည်အလိပ်များနှင့် အခြားလိုအပ်သော အဝတ်အထည်များချုပ်လုပ်၍ နိုင်ငံခြားတိုင်းပြည်များသို့ ပြန်လည်တင်ပို့ခြင်း စသည့်နည်းများဖြင့် အကျိုးအမြတ်နှင့် အခွင့်အလမ်းများရှာဖွေနေကြသည်။ ဝါထုတ်လုပ်သောနိုင်ငံပေါင်း၁၀၀ကျော်ရှိပြီး ဩစတြေးလျနှင့် အီဂျစ်တို့သည် အရည်အသွေးကောင်းမွန်သော ဝါများထုတ်လုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ဝါစိုက်ပျိုးသည့်နိုင်ငံပေါင်း (၁၀၀)ကျော်ရှိ၍ စိုက်ဧကပေါင်း ၈၂သန်းခန့်ရှိသည်။

      ဝါကိုပိုမိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း၌ အဝတ်အထည်နှင့် အသုံးအဆောင်များကို ပိုမိုထုတ်လုပ်လာနိုင်ပြီး၊ ပြည်ပမှတင်သွင်းသော အဝတ်အထည်နှင့် အထည်အလိပ်များ ယခင်ထက် တင်သွင်းမှုပိုမိုလျှော့ချလာနိုင်ပြီး အရည်အသွေးကောင်းသောဝါများ အထွက်နှုန်းကောင်းလာလေလေ ပြည်ပမှ တင်သွင်းမှုလျော့နည်းလာလေလေဖြစ်သည်။ ဝါများ အထွက်ကောင်းလာသည်နှင့်အမျှ နိုင်ငံတွင်းရှိ ပြည်သူများ၏အဝတ်အထည်နှင့် အသုံးအဆောင်လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးလာနိုင်ပြီး ပြည်တွင်းရှိအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းဈေးကွက်ပိုမိုအားကောင်းလာပြီး ပြည်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ်ကို ပိုမိုအားပေးလာနိုင်သည်။ ပြည်တွင်းထုတ်ကုန်မြှင့်တင်ရေးဆိုသည့်အချက်အား အကောင်အထည်ဖော်လုပ်ဆောင်နိုင်ပြီး ဝါနှင့် ချည်မျှင်များအသုံးပြုထုတ်လုပ်သော စက်ရုံ၊ အလုပ်ရုံများပိုမိုအားကောင်းတိုးတက်လာမည်ဖြစ်ပြီး ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် ဝါစိုက်ပျိုးမှုအား ယခင်ထက် ပိုမိုစိုက်ပျိုးကြရန်လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)