မွန်ပြည်နယ်အတွင်း ဖူးစားပြောင်းကို မိုးရာသီ (မိုးပြောင်း)နှင့် ဆောင်းရာသီ (ဆောင်းပြောင်း)ဟူ၍ နှစ်ရာသီစိုက်ပျိုးကြသည်။ မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်းစိုက်ပျိုးမှုဧက (၄၃၅၇)၊ ခူးဆွတ်ဧက(၄၃၅၇)၊ တစ်ဧက အထွက်နှုန်း(၈၉၃၀)ဖူး၊ အထွက်ပေါင်း (၃၈၈၈၀၀၀၀)ဖူး ထွက်ရှိခဲ့သည်။ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်းစိုက်ပျိုးမှုဧက ၄၁၅၇ဧက လျာထားစိုက်ပျိုးရာ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့၊ သထုံမြို့၊ ကျိုက်မရောမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့၊ ခေါဇာမြို့တို့၌ စိုက်ပျိုးသည်။ မွန်ပြည်နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်း တောင်သူများအနေဖြင့် ဖူးစားပြောင်း စိုက်ပျိုးမှုဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးကြသည်။
တောင်သူများအနေဖြင့် ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း (မိုးရာသီ) ဖူးစားပြောင်း စနစ်တကျ ပိုမိုစိုက်ပျိုးကြသည်။ စိုက်ပျိုးမှုအနေဖြင့် သကြားပြောင်းကို အဓိက စိုက်ပျိုးကြပြီး ထောပတ်ပြောင်းကို အနည်းငယ် စိုက်ပျိုးကြသည်။ ဖူးစားပြောင်း (မိုးပြောင်း)စိုက်ပျိုးခြင်းမှ အထွက်နှုန်းလည်း ပိုမိုထွက်ရှိခဲ့သည်။ နှစ်စဉ် မိုးပြောင်း စိုက်ပျိုးမှုနှင့် ထွက်ရှိမှုသည် မွန်ပြည်နယ်ဒေသအတွက် အထွက်နှုန်းကောင်းသော သီးနှံတစ်မျိုးတွင် ပြောင်းဖူး(သီးနှံ) သည် ပါဝင်သည်။
ထို့ကြောင့် တောင်သူများအနေဖြင့် ပြောင်းဖူးကို ပိုမိုစိုက်ပျိုးလာကြသည်။ ဖူးစားပြောင်း (မိုးပြောင်း)သီးနှံထွက်ရှိမူတွင် ၂၀၂၂ခုနှစ်တွင် စိုက်ဧက ၁၆၆၂၊ ခူးဆွတ်ဧက ၁၄၈၀၊ နှုန်း(ဖူး)၆၈၃၇နှင့် အထွက်ပေါင်း ၁၀၁၁၉၁၂၄ ဖူးထွက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် စိုက်ဧက ၁၆၈၂ ၊ ခူးဆွတ်ဧက ၁၃၉၂၊ နှုန်း(ဖူး)၂၁၃၀၄နှင့် အထွက် ပေါင်း ၁၀၄၀၅၁၅၃၄ ဖူးထွက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၁၆၈၂ ၊ ခူးဆွတ်/ ရိတ်၁၆၈၂၊ နှုန်း(ဖူး)၈၃၁၃ နှင့်အထွက်ပေါင်း၁၃၉၈၃၂၀၃ဖူး ထွက်ရှိလျက်ပိုမိုဖြစ်ထွန်းလာခဲ့သည်။ ဒေသခံတောင်သူများအနေဖြင့် ထွက်ရှိလာသော ပြောင်းဖူးများကို မော်လမြိုင်မြို့ ပေါ်ဈေးများရှိ သီးနှံဒိုင်များနှင့် ချိတ်ဆက်၍လည်းကောင်း၊ တောင်သူကိုယ်တိုင်လည်းကောင်း၊ လက်လီ/ လက်ကားကုန်သည်များမှတဆင့်လည်းကောင်း ပြန်လည်ရောင်းချကြသည်။
ပြောင်းဖူးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းတွင် ဖူးစားပြောင်း (၁)ဖူး လျှင်(၅၀၀-၅၅၀)ကျပ်၊ ထောပတ်ပြောင်းဖူး (၁)ဖူးလျှင်(၄၅၀-၆၀၀)ကျပ်ခန့် ဖြစ်ပြီး ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြောင်းဖူးသည် ကျန်းမာရေးအရ စားပေးသင့်သောအချက်များမှာ ဗီတာမင် B1၊ ဗီတာမင် B5၊ ဗီတာမင် C၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့်အသားဓာတ်များလည်း ပါဝင် သည်။ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသည့်အတွက် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေသည့်အတွက် ဆီးချိုသမားများစားသုံး သင့်သည်။ ပြောင်းဖူးတွင် ပါဝင်သည့် ဗီတာမင်B1သည် မှတ်ဉာဏ်စွမ်းအားကို တိုးမြင့်စေသည့်အတွက် ကလေးငယ်/ သူငယ်များလည်း စားသုံးသင့်သည်။ ထို့ကြောင့် မွန်ပြည်နယ်တစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ၏ ကျောင်းမုန့်ဈေး၌ ပြောင်းဖူးပြုတ်ကို သရေစာအဖြစ် ရောင်းချကြသည်။
ပြောင်းဖူးကို မိမိတို့ကြိုက်နှစ်သက်ရာ အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ လွယ်ကူစွာပြုတ်စားခြင်း၊ ပြောင်းဖူးစိမ်းကို ဂျစ်ဖြင့်ခြစ်၍ သက်သတ်လွတ်ပြောင်းဖူး ကြော်နှင့်ကြက်ဥရောကြော်စားခြင်း၊ ပြောင်းဖူးစိမ်းကိုပြုတ်ပြီး လက်ဖက်နှင့်သုပ်စားခြင်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ ထည့်၍လည်း ပြောင်းဖူးသုပ်အဖြစ် စားကြခြင်း၊ ယိုးဒယား ပြောင်းဖူးထောင်းအဖြစ်လည်း စားသုံးကြသည်။
ထို့သို့ ပြောင်းဖူးအထွက်နှုန်းကောင်းသော မွန်ပြည်နယ်မှ စိုက်ပျိုးသူတောင်သူများအနေဖြင့် စီးပွားဖြစ် ဝင်ငွေတိုးသောကြောင့် ပြောင်းဖူးသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် စားသုံးသူများမှ ဒေသထွက်အစားအစာများကို စားသုံးရခြင်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မွန်)