ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ဆီစားသုံးမှုနှုန်းမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများကို ပြည်တွင်းတွင်လည်းစိုက်ပျိုးပြီး ပြည်ပမှလည်း စားသုံးဆီများကိုတင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။ စားအုန်းဆီကို ပြည်တွင်းတွင် အများဆုံးစားသုံးကြပြီး မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကိုလည်းစားသုံးကြကြောင်းသိရှိရသည်။
ဆီစားသုံးမှုသည် မိမိတို့တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာအရပ်ရပ်တွင်လည်း ဆီစားသုံးနေကြကြောင်းသိရှိရသည်။ အသုံးပြုမှုအများဆုံးမှာ ပဲပုပ်စေ့မှရရှိသော ပဲပုပ်ဆီပင်ဖြစ်သည်။ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် အိန္ဒိယစသောနိုင်ငံများတွင် ပဲပုပ်မှ ဆီထုတ်လုပ်နေကြပြီး ပဲပုပ်ဆီသည် ကမ္ဘာ့ဆီထွက်ရှိမှု၏ ၅၈ရာခိုင်နှုန်းရှိကြောင်းသိရှိရသည်။ ထို့အတူ စားသုံးဆီအမျိုးအစားထဲတွင်ပါဝင်သော မုန်ညင်းဆီ၌ ဆီပါဝင်မှုမှာ ၄၀ရာခိုင်နှုန်းရှိကြောင်း၊ ဥရောပနှင့် တရုတ်၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံများတွင် မုန်ညင်းဆီကို စိုက်ပျိူးကြပြီး မုန်ညင်းဆီသည် ကမ္ဘာ့ဆီထွက်ရှိမှုနှုန်း၏ ၁၈ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှု၏ ၈ရာခိုင်နှုန်းအထက်ရှိသော နေကြာဆီတွင် ဆီပါဝင်မှုနှုန်းသည် ၂၂ရာခိုင်နှုန်းမှ ၃၂ရာခိုင်နှုန်းရှိကြောင်းသိရသည်။ နေကြာဆီသည် ကမ္ဘာ့ဆီသီးနှံထွက်ရှိမှုတွင် တတိယအများဆုံးဖြစ်ပြီး ရုရှား၊ ယူကရိန်းနှင့် အာဂျင်တီးနားနိုင်ငံများတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြကြောင်းကိုလည်းသိရှိရပါသည်။
စားသုံးဆီအမျိုးအစားများထဲတွင် နေကြာဆီသည် စားသုံးရန်အသင့်တော်ဆုံးဖြစ်ပြီး ပြည့်ဝဆီပါဝင်မှုမှာ ၁၀ရာခိုင်နှုန်းသာရှိသည့်အတွက် အခြားဆီများထက်ပိုမိုရောင်းချရပြီး ချက်ပြုတ်ရာတွင်သာမက အလှကုန်အဖြစ်လည်းသုံးစွဲကြပါသည်။ ထို့ပြင် နေကြာဆီတွင် ဗီတာမင်အီးကြွယ်ဝသည့်အတွက် အရွယ်တင်နုပျိုခြင်း၊ သွေးတွင်းကိုလက်စထရောများကိုလျှော့ချနိုင်ခြင်း စသည့် ကောင်းကျိုးများကိုရရှိစေပါသည်။
ထို့အတူ မြေပဲဆီတွင် မပြည့်ဝဆီပါဝင်ခြင်း၊ ကိုလက်စထရောမပါဝင်ခြင်း၊ ပြည့်ဝဆီပါဝင်မှုနည်းသည့်အတွက် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့ကိုကာကွယ်ပေးနိုင်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင် အသုံးများသောဆီမှာ စားအုန်းဆီဖြစ်ပြီး နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီများကိုလည်းစားသုံးကြပါသည်။ စားသုံးဆီ ၁ဂရမ်ကိုစားပြီးတိုင်း အင်အားဓာတ် (စွမ်းအင်) ၉ကီလိုကယ်လိုရီရရှိစေပြီး ထိုကဲ့သို့ ရရှိလာသောစွမ်းအင်ကို နေ့စဉ်လှုပ်ရှားသွားလာမှုတွင် အသုံးပြုကြရပါသည်။ ထို့ကြောင့် စားသုံးဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုဝင်ဖြစ်သော်လည်း လိုအပ်သည်ပမာဏထက် ပိုမိုစားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကိုဖြစ်ပေါ်စေနိုင်ပြီး ကိုယ်အလေးချိန်တိုးလာကာ အဝလွန်လာနိုင်ပါသည်။ ထို့ပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ စသည့် နာတာရှည်ရောဂါဝေဒနာများကိုလည်းခံစားရလာနိုင်ပါသည်။ ထို့ကြောင့် စားသုံးဆီကို လိုအပ်သည်ထက် ပိုမစားမိစေရန် သတိပြုဆင်ခြင်ရမည်ဖြစ်ပါသည်။
မိမိတို့မြန်မာနိုင်ငံတွင်လည်း ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းဆီလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်အစိုးရမှ ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးကာ စီမံကိန်းများချမှတ်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးဆီသည် မြန်မာလူမျိုးတို့၏ မရှိမဖြစ်စားသောက်ကုန်ပစ္စည်းဖြစ်ပြီး လူမျိုးဘာသာမရွေးစားသုံးကြသည်ကိုလည်းသိရှိရပါသည်။ မြန်မာနိုင်ငံ၏လူဦးရေတိုးတက်လာမှုနှင့် ခေတ်နှင့်အညီ ပြောင်းလဲလာသောစားသောက်မှုပုံစံများကြောင့် ပြည်ပမှတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်လာ ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံအတွင်းတွင် ဖူလုံမှုရှိစေရန် ကြိုးစားဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံတွင် စပါးကို အဓိကအနေဖြင့်စိုက်ပျိုးပြီး ကျန်သီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ စသည်တို့ကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧက ၈ဒသမ ၃သန်းခန့်ရှိကြောင်းသိရှိရသည်။
အချုပ်အားဖြင့်ဆိုသော် စားသုံးဆီသည် ပြည်သူများ၏ကျန်းမာရေးအခန်းကဏ္ဍတွင်သာမက နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင်ပါ အဓိကမဏ္ဍိုင်အဖြစ်ပါရှိနေသောကြောင့် ယင်းမဏ္ဍိုင်ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန်အတွက် အစိုးရ၊ ပြည်သူနှင့် လုပ်ငန်းရှင်များအားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ပါသည်။ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးခြင်း၊ စားသုံးသူပြည်သူများအား အသိပညာပေးခြင်းကိုလည်း ပိုမိုလုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းထားသောပန်းတိုင်ကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်ရောက်ရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)