Garlic ဟူသောကြက်သွန်ဖြူ၏ ရုက္ခဗေဒအမည်မှာ Allium sativum ဖြစ်သည်။ အစိမ်းစားလျှင် ပူစပ်စပ်အရသာရှိပြီး ချက်ပြုတ်လိုက်သောအခါတွင်မူ ချိုသောအရသာရှိပါသည်။ ကြက်သွန်ဖြူရဲ့အရွက်ဖြစ်သော ကြက်သွန်မြိတ်နှင့် အဖူးအပွင့်များအားလုံးကိုလည်းစားသုံးနိုင်ပါသည်။ ကြက်သွန်ဖြူအမွှာများကို အစိမ်းလိုက်သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားနိုင်ပြီး ဆေးဖက်ဝင်သောအပင်တစ်မျိုးလည်းဖြစ်သည်။
ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် ကြက်သွန်ဖြူကို ဟင်းခပ်ရာတွင် ဟင်းအနှစ်အရသာရရှိစေရန်အတွက် အသုံးပြုခဲ့ကြပြီး ကျန်းမာရေးအတွက် ဆေးစွမ်းတစ်လက်အဖြစ်အသုံးပြုလျက်ရှိကြပါသည်။ ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာကတည်းက သုံးစွဲလာကြပြီး အချက်အပြုတ်အတွက်သာမက ကျန်းမာရေးနှင့်ရောဂါကုထုံးလုပ်ဆောင်ရာတွင်လည်းအသုံးပြုခဲ့ကြပါသည်။
ကြက်သွန်ဖြူတွင် ကယ်လိုရီအဆီများနှင့်ဆိုဒီယမ်တို့ပါဝင်မှုအလွန်နည်းပါးပါသည်။ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာ မင်B6, B1 ၊ ကလိုရင်း စသည့် အသုံးဝင်သောသတ္ထုဓာတ်များအများအပြားရှိပါသည်။
ကြက်သွန်ဖြူကို အစိမ်းလိုက်စားသုံးခြင်းဖြင့် သွေးကြောများအတွင်း သွေးခဲခြင်းနှင့် သာမန်ထက်ပိုသော သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါသည်။ ကြက်သွန်ဖြူကိုစားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အအေးမိခြင်း၊ ကင်ဆာရောဂါနှင့် ကိုလက်စထရောများခြင်းများကိုကာကွယ်ပေးပါသည်။ ထို့ပြင် ကြက်သွန်ဖြူသည် သွေးထဲမှာရှိသော အချိုဓာတ်ကိုထိန်းညှိပေးသောကြောင့် ဆီးချိုသွေးချိုရောဂါများဖြစ်ပွားခြင်းကိုလျော့နည်းစေနိုင်ပါသည်။ အဆီကျစေသဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုးရောဂါမဖြစ်စေရန်နှင့် ဖြစ်ပွားနေသောသွေးတိုးရောဂါကိုပျောက်ကင်းစေသည်။ ကလေးများ လေဆန်နာဖြစ်လျှင် ကြက်သွန်ဖြူဥတလုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းစေနိုင်ပါသည်။ အဆုတ်နှင့်ဆိုင်သော အဆုတ်အအေးမိ၊ အဆုတ်ပွရောဂါများကိုပျောက်ကင်းစေနိုင်ပါသည်။ အအေးမိခြင်းနှင့် တုတ်ကွေးဖျားနာခြင်းများကိုလည်းပျောက်ကင်းစေနိုင်ပါသည်။ နှလုံးနှင့်ပတ်သက်သော ရောဂါဝေဒနာရှင်များအတွက်လည်း ဆေးအနေဖြင့်သော်လည်းကောင်း၊ အစာအာဟာရအဖြစ်သော်လည်းကောင်း မှန်မှန်စားသုံးပါက ဖြစ်ပွားမှုနှုန်းနှေးကွေးပြီး တဖြည်းဖြည်းသက်သာစေနိုင်ပါသည်။
အာနိသင်ပေါင်းများစွာနှင့် ဆေးဘက်ဝင်လှသော ကြက်သွန်ဖြူသည် စားသုံးလျှင်လည်း အရသာရှိပြီး ဟင်းချက်၍သော်လည်းကောင်း၊ အစိမ်းလိုက်သော်လည်းကောင်း နှစ်သက်စွာစားသုံးနေကြခြင်းဖြစ်ပါသည်။ ကြက်သွန်ဖြူကို လူအများစုသည် ချက်ပြုတ်စားသောက်ခြင်းဖြင့် ပိုမိုနှစ်သက်ကြပြီး ဟင်းသီးဟင်းရွက်များ၊ အသားငါးများချက်ပြုတ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။ ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သောအစားအစာတစ်မျိုးဖြစ်သည်။ ကြက်သွန်ဖြူမှာပါဝင်သော သဘာဝဂုဏ်သတ္တိများသည် ရောဂါများစွာကို ကုသပေးနိုင်သောဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါသည်။
DOCA(ရှမ်း)