Main menu

မကွေးတိုင်းဒေသကြီး၏ နှမ်းစိုက်ပျိုးမှုမှသည် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆီသို့

Powered by Drupal
Mon, 08/26/2024 - 14:42 -- consumer_admin

        မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ "ဆီအိုးကြီး" ဟု လူအများ၏ ပါးစပ်ဖျားတွင် တင်စားခေါ်ဝေါကြပြီး ဆီထွက်သီးနှံများကို အများဆုံးစိုက်ပျိုးထွက်ရှိသည့် ဒေသဖြစ်ပါသည်။ ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲပုတ်တို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသည့်သီးနှံများအနက် နှမ်းသည် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နေရာယူထားသည့် ပြည်ပပို့ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နှမ်းကို ယခင်နှစ်ပေါင်းများစွာကပင် အပူပိုင်းဒေသများဖြစ်သည့် မြန်မာ၊ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများတွင် ဆီထွက်သီးနှံကဏ္ဍအဖြစ်စိုက်ပျိုးခဲ့ကြသည်။

        မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ရာသီအလိုက် တိုးချဲ့စိုက်ပျိုးလျက် ရှိပါသည်။ ပြည်တွင်း/ ပြည်ပဈေးကွက်ဝင် ဆီထွက်သီးနှံများကို ၂၀၂၂-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၂၁၉၅၅၆၉) ဧက၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၂၃၃၈၈၇၈) ဧက၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၂၃၄၇၈၈၀) ဧက နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိသည်။

      စိုက်ပျိုးရာတွင် မိုးကြို (နွေနှမ်း) နှင့် မိုးဦး (မိုးနှမ်း) ဟူ၍ ရာသီအလိုက်စိုက်ပျိုးကြသည်။ နွေနှမ်းကို မိုးကြိုကာလဖြစ်သော မတ်လကုန် - ဧပြီလဆန်းပိုင်းတွင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုး၍ ဇွန်လတွင် ရိတ်သိမ်းကြပြီး မိုးနှမ်းကို မိုးဦးကျကာလဖြစ်သည့် မေလကုန်-ဇွန်လဆန်းပိုင်းတွင် စိုက်ပျိုးလေ့ရှိကြပြီး ဩဂုတ်လတွင် ရိတ်သိမ်းကြသည်။ အများဆုံးစိုက်ပျိုးသည့် နှမ်းများမှာ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ (ခြုံကျော်)၊ နှမ်းနီ၊ နှမ်းနက်(စမုန်)နှင့် နှမ်းညိုကြားတို့ဖြစ်ပြီး နှမ်းဝါနှင့် နှမ်းပြာတို့ကိုလည်း အနည်းငယ်စိုက်ပျိုးကြသည်။ နှမ်းကိုစိုက်ပျိုးရာတွင် နုန်းမြေ၊ သဲနုန်းမြေ၊ မြေနီသဲဝန်း စသည့် မြေအမျိုးအစားများတွင် ပိုမိုဖြစ်ထွန်းအောင်မြင်ပြီး မြေဆီဩဇာကောင်း၍ အစိုဓာတ်ထိန်းသော မြေအမျိုးအစားကိုလည်း ကောင်းစွာနှစ်သက်သည်။ ရေသွင်းစိုက်ပျိုးမည်ဆိုလျှင် မြေမျက်နှာပြင်ညီညာစေရန်နှင့် ရေသွင်းမြောင်းများကို စနစ်တကျပြုလုပ်ပေးခြင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၃၀)အတွင်း အပင်သန်မာကြီးထွားစေရန် အပင် စောင့်ရှောက်မှုများ၊ ပေါင်းမြက်ရှင်းလင်းမှုများကို ဂရုတစိုက်ဆောင်ရွက်ပေးရပြီး ရိတ်သိမ်းရာတွင်လည်း အရည်အသွေးကောင်းမွန်စေရေးနှင့် အက်ဆစ်ဓာတ်ပါဝင်မှု လျော့နည်းစေရေးအတွက် စနစ်တကျရိတ်သိမ်းခြင်း၊ စည်းထောင်ခြင်းများပြုလုပ်ပေးခြင်းဖြင့် ပြည်ပဈေးကွက်သို့တင်ပို့ရာတွင် လွယ်ကူချောမွေ့မည်ဖြစ်ပါသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၌ မိုးနှမ်းများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး မကွေး၊ နတ်မောက်၊ အောင်လံ၊ တောင်တွင်းကြီး၊ ပခုက္ကူမြို့များရှိ ကုန်စည်ဒိုင်များ၊ ပွဲရုံများသို့ နေ့စဉ်ဝင်ရောက်ကာအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် ကျပ်(၁၆၀၀၀၀)၊ နှမ်းဖြူ(ခြုံကျော်) တစ်တင်းလျှင် ကျပ် (၁၅၆၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် (၂၁၅၀၀၀)နှင့် နှမ်းညိုကြားတစ်တင်းလျှင် ကျပ်(၁၄၂၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် တစ်ဧကလျှင် ခန့်မှန်းကုန်ကျစရိတ်အနေဖြင့် ကျပ်(၈၀၀၀၀၀)ကုန်ကျ၍ အထွက်နှုန်းအနေဖြင့် ပျမ်းမျှ(၉)တင်းထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၇၅၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ရာသီဥတုဒဏ်ကြောင့် ယခင်နှစ်က အထွက်နှုန်းအောက်လျော့နည်းသော်လည်း ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းကောင်းမွန်မှု ကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့်ပြည်ပနိုင်ငံများသို့ တင်ပို့ကြကြောင်းသိရှိရပါသည်။ ပြည်ပတင်ပို့သည့် ကုန်စည်များ အနေဖြင့် စံချိန်စံညွှန်ကိုက်ညီမှု မဖြစ်မနေလိုအပ်သကဲ့သို့ ပြည်တွင်း၌ရောင်းချသည့် ကုန်ပစ္စည်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုရရှိစေရေး၊ ပြည်ပခရီးသွားလုပ်ငန်းများနှင့် ဆက်နွှယ်၍ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်သည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် မိမိနိုင်ငံ၏ကုန်ပစ္စည်းများအပေါ် ယုံကြည်မှုရှိစေရေး၊ ဝယ်ယူအသုံးပြုချင်စိတ်ဖြစ်ပေါ်စေရေး ဆွဲဆောင်ရာတွင် စံချိန်စံညွှန်းကိုက်ညီမှုသည် လိုအပ်သည့်အချက်ပင်ဖြစ်သည်။ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေး မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများအား ခွဲခြားသတ်မှတ်ကာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာမည့် အကျိုးကျေးဇူးများလည်းရရှိနိုင်မည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများသို့ နှမ်းကို ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ တင်ပို့ခြင်းသည် ပြည်ပဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မကွေးမြို့မှ မဟူရာ Energy ကုမ္ပဏီမှ MD ဖြစ်သူ ဦးဖိုးနီသည် ၂၀၁၁ခုနှစ်မှစတင်၍ နှမ်းကို တန်းဖိုးမြှင့်ထုတ်ကုန် "မြန်မာ့နှမ်းလှော်မှုန့်" အဖြစ် ထုတ်လုပ်၍ ရန်ကုန်မြို့ရှိ ကုမ္ပဏီခွဲမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့တင်ပို့ခဲ့ကြောင်း၊ ထုတ်လုပ်သည့် နည်းစနစ်သည် ၎င်း၏လုပ်ငန်းအတွေ့အကြုံ၊ ဒေသတွင်းအတွေ့အကြုံရှိသည့် သင်ဆရာ၊ မြင်ဆရာများထံမှ သင်ယူလေ့လာကာ မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် အရည်အသွေးကောင်းမွန်သည့် ပို့ကုန်တစ်ခုအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုရီးယားဈေးကွက်၌ ရောင်းတန်းဝင်ကုန်ပစ္စည်းအဖြစ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် နှမ်းလှော်မှုန့်ရရှိစေရန် ကုန်ကြမ်းအသုံးပြုရာတွင် နှမ်းဖြူကိုသာအသုံးပြုပြီး နှမ်းလှော်ခြင်းလုပ်ငန်းများဆောင်ရွက်ရကြောင်း၊ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်ရေး ထုတ်လုပ်မှုနည်းပညာများကို အစဉ်တိုးတက်အောင် ဂရုတစိုက်ဆောင်ရွက်နေရကြောင်း၊ ကိုရီးယားနိုင်ငံသို့ မြန်မာ့နှမ်းလှော်မှုန့်ကို အဓိကတင်ပို့ပြီး ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့်ညီညွတ်၍ စားသုံးရန်အထူးသင့်လျော်သော နှမ်းလှော်ဆီမွှေးကိုလည်း တင်ပို့လျက်ရှိကြောင်း၊ ပင်လယ်ရေးကြောင်းလမ်း ကုန်သွယ်မှုမှတစ်ဆင့် နှစ်စဉ်တိုး၍ တင်ပို့လျက်ရှိကြောင်းသိရပါသည်။

        MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရုံသာမက ဒေသတွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များမှ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှမ်းကို (Value Added) တန်းဖိုးမြှင့်ထုတ်ကုန်အဖြစ် (နှမ်းဆီ၊ နှမ်း လှော်မှုန့်၊ နှမ်းယို၊ နှမ်းကပ်ကြော်) ထုတ်လုပ်၍ ဈေးကွက်ချဲ့ထွင်ရောင်းချမှုများရှိကြပါသည်။ နှမ်းကို တန်ဖိုးမြှင့်ထုတ်လုပ်၍ အညာဒေသထွက်အစားအစာအဖြစ် ထုတ်လုပ်ရောင်းချနေသည့် ကောင်းမွန်အမှတ်တံဆိပ် နှမ်းယို၊ ပဲယိုကိုလည်း ပြည်ပဈေးကွက်များသို့တင်ပို့နိုင်ရေး ခေတ်မီနည်းပညာ၊ ခေတ်မီစက်ကြီးများဖြင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးနှင့်ပြည့်မီအောင် ထုတ်လုပ်ဆောင်ရွက်နေပြီဖြစ်ပြီး မကြာခင်ကာလတွင် တင်ပို့နိုင်မည်ဖြစ်ကြောင်းသိရပါသည်။

        မြန်မာနိုင်ငံတွင် အရည်အသွေးကောင်းမွန်သော ဆီများထုတ်လုပ်ရန်အတွက် ပြည်တွင်းဆီစက်များကို အဆင့်မီဆီစက်များတိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များအဆင့်မြှင့်တင်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကိုဖြည့်ဆည်း ပေးရန် ဆီစက်ချေးငွေများထုတ်ချေးပေးနိုင်ရေး ချေးငွေအဆိုပြုလွှာများကိုဖိတ်ခေါ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းမှ လျှောက်ထားလာသောဆီစက်များကို ကွင်းဆင်းစစ်ဆေးသွားနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင်လည်း မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်စည်စီးဆင်းမှုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသတစ်ခုတွင် ကုန်စည်စီးဆင်းမှုမှန်ကန်ချောမွေ့နေမည်ဆိုပါက  ၎င်းဒေသ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရပေမည်။ ကုန်စည်စီးဆင်းမှုနှင့်အတူ အမြဲလိုက်ပါလာသည့်အရာမှာ ငွေကြေးစီးဆင်းမှုဖြစ်၍ မိမိနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ကုန်စည်များပိုမိုတင်ပို့နိုင်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိမည်ဖြစ်ပါသည်။ ပို့ကုန်ကဏ္ဍတိုးမြှင့်စေရေးနှင့် ပြည်ပနိုင်ငံဈေးကွက်သို့ နှမ်းကို မြန်မာ့ပို့ကုန်တစ်ခုအဖြစ် ပိုမိုဝင်ဆံ့ပြီး "မြန်မာ့နှမ်း" ဟူ၍ လက်မထောင်ကာ ဂုဏ်ယူဝင့်ကြွားနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးနှင့်ပြည့်မီသည့် ပို့ကုန်တစ်ခုအဖြစ် ရှေရည်ရပ်တည်နိုင်ရေး အစဉ်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် နှမ်းစိုက်ပျိုးသည့် တောင်သူဦးကြီးများ စတင်စိုက်ပျိုးသည်မှ ကွင်းဆက်တစ်လျှောက် ထုတ်လုပ်တင်ပို့သည် Exporter ကုမ္ပဏီများအထိ (GAP၊ GMP) ဆိုင်ရာ အလေ့အကျင့်ကောင်းများကျင့်သုံးလာစေရေး၊ ကျယ်ပြန့်စွာအသုံးပြုလာစေရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက အသိပညာဗဟုသုတများမျှဝေအကြုံပြုခြင်းနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုများလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

          ပြည်ပပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အစဉ်တစိုက်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသတွင်းစားသုံးဆီဖူလုံရန်အတွက်လည်း အလွန်အရေးကြီးသည်။ မိမိဒေသမှထွက်ရှိသည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲပုတ်တို့ကိုဝယ်ယူပြီး ကုန်ချောထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များကလည်း ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် တာဝန်ရှိသည့်ကဏ္ဍတွင် ပါဝင်သော အဓိကဇာတ်ဆောင်များဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများဆီမှဝယ်ယူ၍ ဆီကြိတ်ခွဲထုတ်လုပ်ပြီး ပြန်လည်ရောင်းချရာတွင် စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ အရောအနှောကင်းစွာ သန့်ရှင်းပြီး သင့်လျော်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်သင့်ပါသည်။ တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့၏ဆီစက်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိမည်ဖြစ်ပါသည်။

          နှမ်းကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါသည်။ နှမ်းတွင်ပါဝင်သော ဒြပ်တစ်မျိုးသည် သွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီး  သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါသည်။ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ အသည်းရောဂါမဖြစ်ပွားစေရန်လည်းကာကွယ်ပေးပါသည်။ နှမ်းတွင် ပြည့်ဝဆီပါဝင်မှုနည်းခြင်းကြောင့် သွေးတွင်းအကျိုးပြုကိုလက်စထရောပမာဏကိုမြှင့်တင်ပေးပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသောကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးပြီး ပုံမှန်စားသုံးခြင်းဖြင့် အစာချေစနစ်ကောင်းမွန်စေပြီး အမျှင်ဓာတ်ပါဝင်သောကြောင့် အူမကြီးကိုလည်းကျန်းမာစေပါသည်။ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်သည့်အတွက် ဆီးချိုရောဂါရှိသူများအတွက် ဆီးချိုရောဂါသက်သာစေသည့်အပြင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများလည်း မဖြစ်ပွားစေအောင်ကာကွယ်ပေးပါသည်။ သတ္ထုဓာတ်များစွာပါဝင်နေသောကြောင့် အရိုးသိပ်သည်းဆကိုကောင်းမွန်စေပြီး အရိုးပွရောဂါဖြစ်ပွားမှုလည်း လျော့ချပေးခြင်းများကြောင့် နှမ်းကို နေ့စဉ်စားသုံးသင့်ပါကြောင်း ကျန်းမာရေးရှုဒေါင့်အမြင်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။

         နှမ်းကို ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်စေရေးနှင့် ပြည်ပနိုင်ငံများသို့ အဓိကတင်ပို့သည့်နိုင်ငံ(Major Exporter)အဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ခေတ်မီနည်းပညာများနှင့် စက်ကိရိယာများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်အသုံးပြုစေရေး၊ စိုက်ပျိုးထုတ်လုပ်သည်မှ တင်ပို့သည်အထိ သတင်းအချက်အလက်များဖြန့်ဝေခြင်းများ ဆောင်ရွက်စေရေး၊ ပို့ကုန်အရည်အသွေးကောင်းမွန်စေရေးနှင့် ခေတ်မီကုန်သွယ်မှုနည်းလမ်းများနှင့်အညီ လုပ်ကိုင်ချိတ်ဆက်ဆောင်ရွက်လာနိုင်စေရေး၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စိုက်ပျိုးတောင်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပြည်ပနိုင်ငံများသို့တင်ပို့သည့် Exporter ကုမ္ပဏီကြီးများအားလုံး ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ နိုင်ငံတော်ဘက်မှလည်း လိုအပ်သည့်ပံ့ပိုးမှု၊ နည်းပေးလမ်းပြမှုများဖော်ဆောင်ဖြည့်ဆည်းမှုတို့ကြောင့်  နိုင်ငံတော်၏စီးပွားရေးတွင် ပြည်ပဝင်ငွေများပိုမိုတိုးပွားလာမည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် ဆီထွက်သီးနှံ များကို တန်ဖိုးမြှင့်ထုတ်လုပ်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရုံသာမက စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှအစ ပြည်ပတင်ပို့သည့် Exporter များအထိ Supply Chain ကွင်းဆက်တစ်လျှောက် ပါဝင်သူများအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်မည်ဖြစ်၍ ပို့ကုန်ကဏ္ဍတိုးမြှင့်စေရေး ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

     ပို့ကုန်မြှင့်တင်ရေးကဏ္ဍ၏  အဓိကပါဝင်ဆောင်ရွက်ရသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုမှသာ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေပြီး နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပါသည်။  ပို့ကုန်ကဏ္ဍတိုးမြှင့်လာစေ‌ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရေးနှင့် စားသုံးသူပြည်သူများအနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး စိတ်ချယုံကြည်စွာစားသုံးနိုင်သည့် ဆီများဖူလုံစွာရရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကာ ပိုမိုတိုး၍ထုတ်လုပ်သင့်ပါကြောင်း အကြံပြုတိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(မကွေး)