မြေပဲသီးနှံ
မြေပဲပင်မှရရှိသော မြေပဲအစေ့၊ မြေပဲဆီသန့်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာစားသုံးသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြေပဲသီးနှံသည် ရေမြေရာသီဥတုမတူညီသော်လည်း နေရာဒေသအမျိုးမျိုး၌ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သောသီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးယခင်ခေတ်များက မြေပဲသီးနှံစိုက်ပျိုးမှုမှုမရှိခဲ့ကြောင်း၊ ခရစ်နှစ်(၁၈၈၅)ခုနှစ်မှစ၍ မကွေးဒေသနှင့် ရှမ်းပြည်နယ်မှ စတင်ပြီးစိုက်ပျိုးကြောင်း ရှေးမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။ ယခုအခါတွင် မြေပဲသီးနှံကို ဒေသတွင်းနေရာအနှံ့အပြားစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် သဲနုန်းမြေနုများတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်း၍ ရေဝပ်မြေစေးများတွင် စိုက်ပျိုးပါက မဖြစ်ထွန်းကြောင်းသိရှိရသည်။ မြေပဲပင်သည် အထူးမိုးခေါင်ခံသော အပင်တစ်မျိုးဖြစ်၍ ၎င်းကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် သဘာဝကောင်းကင်ကျမိုးရေနှင့် မြေအောက်ခံအစိုဓာတ်ဖြင့်သာစိုက်ပျိုးပြီး ရေသွင်းစိုက်ပျိုးပါက အပင်ဖြစ်သန်မှုကောင်းသော်လည်း မြေပဲအတောင့်များတွင် မှိုစွဲကပ်ခြင်းကြောင့် သီးနှံပျက်စီးမှုများ၍ အထွက်နည်းခြင်းကြောင့် ရေသွင်းစိုက်ပျိုးမှုနည်းကြောင်းသိရှိရသည်။ မြေပဲမျိုးအနေဖြင့် မိမိဒေသ ရာသီဥတုနှင့်ကိုက်ညီသည့် မြေပဲမျိုးများကိုရွေးချယ်၍ စိုက်ပျိုးကြသည်။ တောင်သူအများစုအနေဖြင့် ဆင်းပဒေသာ (၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀)နှင့် မကွေး(၁၁၊ ၁၅)မျိုးများကို ရွေးချယ်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာသီအနေဖြင့် နယ်မြေဒေသအလိုက် ရာသီဥတုပေါ်မူတည်ပြီး စိုက်ပျိုးရ၍ စိုက်ပျိုးရာသီချိန်မတူကြောင်းသိရှိရပါသည်။
စိုက်ပျိုးခြင်း
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်၊ ယောနယ်ဒေသများတွင် နှစ်စဉ် ဆီထွက်သီးနှံမြေပဲကို တောင်သူအများ ဒေသစီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးပြီး မိုးသီးနှံမြေပဲကို စိုက်ပျိုးမှုများကြောင်းသိရှိရသည်။ ပခုက္ကူခရိုင်အတွင်း၌ (၂၀၂၃-၂၀၂၄)ခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲ (မိုး၊ဆောင်း) စိုက်ဧက (၇)သောင်းခန့်စိုက်ပျိုးပြီး ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုး၊ ဆောင်း၊ မြေပဲ စိုက်ဧက (၄)သောင်းခန့်စိုက်ပျိုးကြောင်းသိရှိရသည်။ စိုက်ပျိုးရာတွင် မြေပဲကို ပင်ထောင်၊ ပင်ပြန့် နှစ်မျိုးစိုက်ပျိုးပြီး ပင်ပြန့်မြေပဲသက်တမ်းမှာ (၆)လခန့်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ ကုန်းတွင်းပိုင်း ယာမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး ပင်ထောင်မြေပဲသက်တမ်းမှာ (၃)လခွဲခန့်ရှိပြီး မြစ်ရိုး၊ ချောင်းရိုး တလျှောက်ရှိ ကိုင်းကျွန်း၊ သဲနုန်းမြေနုများတွင် အများဆုံးစိုက်ပျိုးကြသည်။ ဂန့်ဂေါခရိုင်အတွင်းရှိမြို့နယ်များသည် အအေးပိုင်းဒေသဖြစ်၍ မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်(၃)လ သက်တမ်းပဲကို အများဆုံးစိုက်ပျိုးပြီး မိုးဦးရာသီ မေလတွင် မိုးသီးနှံ မြေပဲစိုက်ပျိုးတူးဖော်ပြီး စိုက်ခင်းကျွတ်များတွင် အောက်တိုဘာလတွင် ဆောင်းသီးနှံမြေပဲကိုစိုက်ပျိုးကြောင်း၊ တောင်သူတစ်ဦးချင်း စိုက်ပျိုးမြေအနေအထား ရာသီဥတု၊ သွင်းအားစုအမျိုးမျိုးသုံးစွဲပုံမတူညီခြင်းနှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး စိုက်ပျိုးချိန်ရာသီမတူညီ၍ သီးနှံအထွက်တင်းမှာလည်း မတူညီကြောင်း၊ တစ်ဧကမြေပဲပျမ်းမျှအထွက်တင်းမှာ (၃၅၊ ၅၅)တင်း ထွက်ရှိကြောင်း၊ ဒေသတွင်းထွက်ရှိသည့် မြေပဲတောင့်၊ မြေပဲဆန်များကို ပခုက္ကူဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များမှ မြေပဲတောင့်၊ မြေပဲဆန်များကို ကြိတ်ခွဲထုတ်လုပ်ပြီး မြေပဲဆီသန့်၊ မြေပဲဖတ်နှင့် မြေပဲနှင့်ပြုလုပ်ထားရှိသော စားသောက်ကုန်မျိုးစုံတို့ကို ပြည်တွင်းဒေသအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိသည်။ မြေပဲဖတ်များကိုလည်း ဒေသတွင်းသုံးစွဲမှုအပြင် မြန်မာနိုင်ငံအောက်ပိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများသို့ တိရစ္ဆာန်အစားအစာအဖြစ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် မြေပဲဆန်များကို မန္တလေးဈေးကွက်သို့တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိသည်။ ဒေသတွင်းစိုက်တောင် သူများအနေဖြင့် သီးနှံမျိုးစုံအနက် မြေပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး သီးနှံပေါ်ချိန်မှစ၍ ကုန်ဆုံးချိန်အထိ ဒေသတွင်းစားသုံးမှုများခြင်းကြောင့် ရောင်းလိုအား၊ ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိ၍ နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။
ဆိပ်ဖြူမြို့နယ်၌ (မိုး)သီးနှံမြေပဲ စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဒေသစီးပွားဖြစ်လုပ်ကိုင်ပြီး နှစ်စဉ် ကြက်သွန်နီသီးနှံကို အဓိကထားကာ စီးပွားဖြစ်စိုက်ပျိုးပြီး ဆီထွက်သီးနှံမြေပဲကိုလည်း စိုက်ဧကမများသော်လည်း တောင်သူတစ်ဦးချင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ ဆိပ်ဖြူမြို့သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာဒေသဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး သီးနှံမျိုးစုံကို ကုန်းယာမြေနှင့် ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ရာသီအလိုက် သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးကြသည်။ မြေပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် (၂၀၂၄-၂၀၂၅) ခုနှစ်တွင် မြေပဲစိုက်ဧက(၅၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ (၃)လပဲပင်ထောင်နှင့် (၆)လပဲပင်ပြန့်နှစ်မျိုးစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နောက်ကျ၍ စိုက်ပျိုးချိန်ရာသီနောက်ကျကြောင်း၊ (၃)လပဲများကို ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် သီးနှံရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မြေပဲမျိုးအနေဖြင့် မကွေး (၁၁၊ ၁၅)မျိုးကိုစိုက်ပျိုးပြီး၊ ပင်ကြား၊ တန်းကြား (၁၅)လက်မအကွာအဝေးထား၍ စိုက်ပျိုးပြီး မြေပဲခင်းကြားတွင် သီးညှပ်သီးနှံအဖြစ် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူသီးနှံများကို စိုက်ပျိုးကြောင်းသိရှိရသည်။
ယခုနှစ်မိုးမြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့်စိုက်ပျိုးရကြောင်း၊ မြေပဲမျိုးစေ့တစ်ပြည်လျှင် ကျပ်(၉၅၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စိုက်ပျိုးရာတွင် အစေ့ချ စိုက်ပျိုးစနစ်နှင့် ဖြူးချစနစ်ဟူ၍ နည်းနှစ်မျိုးဖြင့်စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် အလုပ်သမားငှားရမ်းပြီး အစေ့တစ်စေ့ချင်းချကာ မြေမြှုပ်၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အလုပ်သမား(၁၅)ဦးခန့်ငှားရမ်းရပြီး တစ်ဦးလျှင် တစ်မနက်လုပ်အားခ ကျပ်(၄၀၀၀)၊ နွားတစ်ရှဉ်း ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းစိုက်ပျိုးရကြောင်း၊ ထည်ချောင်းနောက် မျိုးစေ့ဖြူးချစနစ်ဖြင့် စိုက်ပျိုးလျှင် အလုပ်သမားငှားရမ်းခသက်သာသော်လည်း မျိုးစေ့ကုန်ကျမှုများပြီး အပင်ပေါက်မစုံလင်ခြင်းဖြစ်ပြီး မြေပဲအထွက်နှုန်းနည်းခြင်းကြောင့် ဖြူးချစနစ်ဖြင့် စိုက်ပျိုးမှုနည်းကြောင်းသိရှိရသည်။ ယခုနှစ်တွင် စိုက်ပျိုးကုန်ကျစရိတ်မြင့်တက်၍ တစ်ဧကလျှင် သီးနှံစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကျပ်(၁၁)သိန်းခန့်ကုန်ကျမည်ခန့်မှန်းကြောင်း ဒေသခံတောင်သူက ပြောကြားခဲ့သည်။
ယခင်နှစ် (မိုး)မြေပဲ စိုက်ပျိုးရာတွင်မြေပဲမျိုးစေ့တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းခန့်ကုန်ကျကြောင်း၊ မြေပဲအထွက်တင်း(၃၅)မှ (၄၀)ထိထွက်ရှိကြောင်း၊ မြေပဲဆန်ပိဿာ(၂၀၀)၊ မြေပဲဆီပိဿာ(၈၀)ခန့်ထွက်ရှိပြီး သီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် မြေပဲလုံးဆန်တစ်ပြည်လျှင် ကျပ်(၇၀၀၀)၊ မြေပဲတောင့် အခြောက်တစ်တင်းလျှင် ကျပ်(၂၈၀၀၀) ဈေးဖြင့်ရောင်းချရ၍ ကျပ်(၈)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ တောင်သူတစ်ဦးလျှင် (၁)ဧကမှ (၅) ဧကထိစိုက်ပျိုးကြောင်း၊ အကျိုးအမြတ်ရရှိပုံချင်းမှာလည်းမတူညီကြောင်း၊ ယခုလက်ရှိ ဒေသတွင်းဈေးကွက်တွင် မြေပဲ(လုံးဆန်) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀ - ၂၀၀၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၈၀၀-၄၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ထက် မြေပဲဈေးကွက်မြင့်တက်လာခြင်းဖြစ်၍ မြေပဲစိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်း၊ ဆိပ်ဖြူမြို့မှထွက်ရှိသည့် မြေပဲများကို တောင်သူများက မြေပဲအတောင့်ရောင်းချမှုနည်းပါးပြီး မြေပဲဆန်နှင့်မြေပဲဆီများကိုသာ ကြိတ်ခွဲထုတ်လုပ်ရောင်းချမှုများကြောင်း၊ မြေပဲဆန်များကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်၊ မြေပဲကြော်၊ လုပ်ငန်းရှင်များကဝယ်ယူပြီး ဒေသတွင်း စားသုံးသူများအတွက် လက်လီ/ လက်ကားရောင်းချဖြန့်ဖြူးသူများက ဝယ်ယူလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော တောတွင်းကျေးရွာများတွင် စိုက်ပျိုးရရှိသောမြေပဲဆန်များကို ဆိုလာပြားအသုံးပြု၍ ဆီကြိတ်ပြီး မြို့ပေါ်သို့ ရောင်းချမှုများကြောင်း၊ ထွက်ရှိသောမြေပဲဖတ်များကို ဒေသတွင်းစိုက်ပျိုးရေးသုံးသွင်းအားစုနှင့် တိရစ္ဆာန် အစားအစာအဖြစ် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ယခုနှစ် မိုးသီးနှံမြေပဲတူးဖော်ချိန်တွင် မြေပဲအထွက်နှုန်းကောင်းပြီး ယခုလက်ရှိကာလပေါက်ဈေးဖြင့် ရောင်းချမည်ဆိုလျှင် မြေပဲစိုက် တောင်သူများအကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။
မြေပဲအသုံးဝင်ပုံ
မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို စားသုံးဆီအတွက် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါသည်။ တချို့ မှာ သရေစာအဖြစ် မြေပဲစေ့အတိုင်း ကြော်၊ လှော်၍ စားသုံးကြသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း မြေပဲဆန်ဖြင့် စားသောက်ကုန်မျိုးစုံအသုံးပြုပြီး ထုတ်လုပ်လျက်ရှိသည့်အပြင် မြေပဲပင်မှထွက်ရှိသော အမှော်၊ အရွက်၊ အရိုး၊ အမြစ်၊ အခွံနှင့် မြေပဲဖတ်များကို စိုက်ခင်းသုံး သွင်းအားစုဓာတ်မြေဩဇာနှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပြီး မြေပဲမှ ကြိတ်ခွဲထုတ်လုပ်ရရှိသည့် မြေပဲဆီသည် မပြည့်ဝဆီအမျိုးအစားတွင်ပါရှိသဖြင့် လူတိုင်းအတွက် ကျန်းမာရေးဆေးဖက်ဝင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်ပါ သည်။ ယခုအချိန်တွင် စားသုံးသူများသည် ကျန်းမာရေးအဆင့်အတန်းမြင့်မားလာပြီး လူဘဝသက်တမ်းစေ့နေနိုင်ရေးအတွက် ရောဆီ၊ စားအုန်းဆီများအစား မြေပဲဆီကိုအစားထိုး၍ တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိသည်။ မြန်မာတို့၏မီးဖိုးချောင်တွင် အခြေခံစားသောက်ကုန်အဖြစ် စားသုံးဆီကို ဒုတိယနေရာတွင် သုံးစွဲလျက်ရှိပါသည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာပါဝင်စသဖြင့် အစားအစာများတွင် ထည့်သွင်းသုံးစွဲနိုင်သော အဖိုးတန်သီးနှံမြေပဲဖြစ်ပါသည်။
သုံးသပ်ချက်
မြေပဲသီးနှံကို ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ပြည်တွင်း၌ စားသုံးမှုများပြားပြီး စိုက်ပျိုးထုတ်လုပ်သည့် စိုက်ဧကနည်းပါး၍ စားသုံးဆီကို စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ခိုင်မာမှုရရှိပြီး ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုးခြင်းဖြင့် ဆီစက်များ တွင်တွင်ကျယ်ကျယ်လည်ပတ်လျက်ရှိ၍ ပြည်တွင်း၌ အသေးစား၊ အလတ်စား၊ အငယ်စား MSMEs စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက်ရှိသည်။ သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မြေပဲစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရရှိသည့်မြေများတွင် နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(မကွေး)