စားသုံးဆီကတော့ မြန်မာလူမျိုးတွေအတွက် ဟင်းလျာမှာ မပါမဖြစ် အသုံးပြုခဲ့ရတဲ့အရာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေဟာ ဆီစားနိုင်ခြင်းကို ဂုဏ်ယူခဲ့ဘူးကြပါတယ်။ အရင်ကဆိုရင် စကားပုံတောင်ရှိပါသေးတယ် “ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုတာမျိုးပေါ့၊ အရင်ခေတ်က လူတွေက ဆီပြန်ဟင်းကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်၊ အဲ့ဒီလို စားနိုင်ဖို့လည်း ဆီကအလျှံပယ်ထွက်ခဲ့တယ်လို့လည်း သိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်များတွေက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ မကြာခဏ လွှင့်ပေးခဲ့တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်လည်း ရှိခဲ့ဘူးပါတယ်။ သရုပ်ဆောင်တွေကတော့ အဲ့ဒီခေတ်က နာမည်ကြီး လူရွှင်တော်တွေဖြစ်တဲ့ ငှက်ပျောကြော်၊ ဖိုးဖြူနဲ့ ခင်စိုးပိုင်၊ မျိုးမျိုးခိုင်တို့ ပါဝင်တဲ့ ဆီနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ တစ်ဖက်အိမ်က ဝက်သားဆီပြန်ရယ်၊ ငါးခြောက်ဖုတ်ကိုလည်း ဆီနစ်နေအောင် စိမ်ထားတဲ့ ဟင်းတစ်ခွက်ရယ်၊ လ္ဘက်သုတ်ဆိုရင်လည်း ဆီတွေအများ ကြီးထည့်ပြီး သုပ်ထားတာရယ်စတဲ့ ဆီတွေ အများကြီးပါတဲ့ ဟင်းတွေကို နေ့တိုင်းစားပြီး၊ လူတွေက ဝပြီး ရောဂါရတဲ့အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးကိုလည်း တော်တော်များများ ကြည့်ဖူးကြခဲ့မယ်လို့ ထင်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် ရေကမရှိမဖြစ်လိုအပ်သလို ဆီကလည်း အတိုင်းအတာ တစ်ခုအထိတော့ လိုအပ်ပါတယ်။ ဆီကို သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း စားသုံးဖို့တော့လိုပြီး၊ လွန်ကဲစွာစားရင်တော့ ဘေးဒုက္ခဖြစ်တတ်ပါတယ်။ ဆီအကြောင်းကို ပြောရမယ်ဆိုရင် အရင်ဆုံး ဆီနှစ်မျိုးရှိတာကို သိဖို့တော့လိုအပ်ပါတယ်။ အဲဒါကတော့ ပြည့်ဝဆီနဲ့ မပြည့်ဝဆီပါပဲ။ ဒါ့အပြင် အခုတော့ ပြောင်းလဲဆီ၊ မြောင်းဆီ ဆိုပြီး တော့လည်း ထပ်ပြီးရှိလာပါတယ်။ ပြည့်ဝဆီဆိုတာကတော့ ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီ တို့ဖြစ်ပြီ၊ မပြည့်ဝဆီ ဆိုတာကတော့ မြေပဲဆီ၊ နှမ်းဆီတို့ ပဲဖြစ်ပါတယ်။ သို့သော် တစ်ခု ပညာပေးချင်တာကတော့ ပြည့်ဝဆီဖြစ်ဖြစ်၊ မပြည့်ဝဆီဖြစ်ဖြစ် ၊သူတို့ကို အပူချိန်လွန်လွန်ကဲကဲနဲ့ ကြာရှည်ပေးလိုက်ရင်၊ သူတို့ကပုံစံပြောင်းလဲသွားပါတယ်။ အဲဒါကို ပြောင်းလဲဆီ လို့ခေါ်ပါတယ်။ ပြောင်းလဲဆီကတော့ ကင်ဆာရောဂါကိုဖြစ်ဖို့ အလားအလာအများဆုံး ဖြစ်တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံမှာတော့ စားသောက်ဆိုင် အတော်များများမှာ (ဟော်တယ်တို့၊ စားသောက်ဆိုင်ကြီးတချို့) တွေက လွဲလို့၊ ဈေးပေါတဲ့ စားအုန်းဆီကို အသုံးပြုတာများပါတယ်။ မြန်မာလူမျိုးတွေရဲ့ နံနက်စာ ၊ နေ့လယ်စာ စားသောက်ကြတဲ့ လ္ဘက်ရည်ဆိုင်တွေမှာ ရနိုင်တဲ့ မြန်မာ့ရိုးရာအစားအစာတွေဖြစ်တဲ့ အီကြာကွေး၊ အကြော်စုံတို့ကိုလည်း များသောအားဖြင့် စားအုန်းဆီကိုသာအသုံးပြုကြတာများပြီး၊ အဲ့ဒီ စားအုန်းဆီက ပြောင်းလဲဆီအဖြစ်လည်းပြောင်းလဲသွားတတ် ပါတယ်။ လမ်းဘေးကလက်သုပ်ဆိုင်တွေမှာလည်း စားအုန်းဆီကိုသာ အဓိကအသုံးပြုကြပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ပြည့်ဝဆီမှာပါတဲ့ စားအုန်းဆီကို မီးအပူရှိန်လွန်ကဲအောင်ပေးပြီး၊ ကြော် လှော်ထားတဲ့ အီကြာကွေး၊ အကြော်စုံနဲ့ စားသောက်စရာအမျိုးမျိုးတို့ကို စားသုံးသူလူထုတွေက နှစ်ခြိုက်စွာ စားသောက်နေတော့၊ မြန်မာပြည်ဟာ ကမ္ဘာမှာ ကင်ဆာအများဆုံး ဖြစ်တဲ့နိုင်ငံတွေမှာ ပါလာပါတယ်။ ဆီတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အဆီတွေက ပြည့်ဝဆီနဲ့ ပြောင်းလဲဆီတွေပဲဖြစ်ပါတယ်၊။ ဝက်ဆီ၊အမဲဆီ၊ စားအုန်းဆီတွေမှာ တွေ့ရတဲ့ ပြည့်ဝဆီတွေကို စားတဲ့သူတွေက “ ဝ” လာပြီး ရောဂါလည်းထူပြောလာပါတယ်။ “ဝ” တယ်ဆိုတာကလည်းတနည်းအားဖြင့် အဆီတွေများလာတာ ဖြစ်ပါတယ်။
ပြောင်းလဲဆီ နဲ့ ကြော်ထားတဲ့ ဘူးသီးကြော်၊ ပဲကပ်ကြော်၊ ဘယာကြော်၊ အကြော်အမျိုမျိုးတွေ ကို စားမိရင် ပြောင်းလဲဆီက ခန္ဓာကိုယ်ထဲကို ရောက်လာပါတယ်၊ လူ့ခန္ခာကိုယ်မှာက သဘာဝတွေကို ပဲ ချေဖျက်နိုင်ဖို့ ပုံစံသာ လုပ်ပေးထားတာကြောင့် အဲ့ဒီလိုမျိုးပြောင်းလဲ ဆီ တွေကို မဖျက်ဆီးနိုင်ပါဘူး မချေဖျက်နိုင်ပါ ဘူးလို့ လည်းသိရပါတယ်၊ အဲ့ဒီလို ပြောင်းလဲဆီတွေကို မချေဖျက်နိုင်တာကြောင့် အသည်းကို ရောက်ရင် အသည်းကို ဒုက္ခပေးပါတယ်၊ အူကိုရောက်ရင် အူကို ဒုက္ခပေးပါတယ်၊ အူကင် ဆာ၊ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာများဖြစ်တတ်သလို၊ အမျိုးသမီးတွေမှာဆိုရင်လည်း ရင်သား ကင်ဆာ၊ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာ၊ စတဲ့ ရောဂါတွေကိုဖြစ်နိုင်တယ်လို့လည်းသိရပါ တယ်၊ ဒီကနေ့ လူတွေ အဖြစ်များနေတဲ့ အသည်းအဆီဖုံးရောဂါကလည်း အဲ့ဒါတွေနဲ့အများကြီးပတ် သက်နေပါတယ်။ စားလိုက်တဲ့ အစားအစာတွေဟာ အူကနေ တဆင့် အသည်းထဲကိုရောက်ပြီး အသည်းကနေ အဆီကို မချေဖျက်နိုင်တဲ့အခါ အသည်းထဲမှာ အဆီတွေစုလာမယ်၊ အဲ့ဒီကနေတဆင့် အသည်းခြောက်တာဖြစ်ပြီး၊အသည်းကင်ဆာရောဂါအထိဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် စားအုန်း ဆီတွေ၊ ပြန်ကြော်ဆီတွေ ကို အတတ်နိုင်ဆုံးရှောင်ကြည်တတ်ဖို့လိုပါတယ်။ ကျွန်မတို့ နိုင်ငံက ဖွံ့ဖြိုး ဆဲ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာချို့တဲ့ပါတယ်။ ဒါ့အပြင် ဝိသမလော ဘ သားတွေ၊ စီးပွားရေးသမားတွေကလည်း ကိုယ့်စီးပွားတိုးတက်ဖို့ အတွက်ဆိုရင် ဘေးဖြစ်ဖြစ်၊ဘာ ဖြစ်ဖြစ် “ဘယ်သူတေတေ ငတေမာ” ဆိုပြီး ပေါချောင်ကောင်းတွေ လုပ်ပြီးရောင်းချကြပါတယ်။ ဒါကို အသိပညာ၊ ဗဟုသုတ မကြွယ်တဲ့ စားသုံးသူပြည်သူလူထုတွေက ဈေးပေါပေါနဲ့ရတဲ့ စားသောက်ကုန် တွေကိုစားပြီး၊ ရောဂါဘယ ထူပြောလာကြတာကိုလည်း မျက်စေ့ရှေ့မှောက်မှာတွေ့နေရပါတယ်၊ ဆေးပညာလောကမှာ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏” ဆိုတဲ့ အဆိုကို ရှေးကတည်းကနေ ဒီနေ့အထိ လက်ခံကျင့်သုံးနေတာဖြစ်ပြီး ၊ ဘေးအန္တရာယ်ဖြစ်စေတဲ့ အစားအသောက်တွေကို ဆင်ခြင်ပြီး စားသုံးကြဖို့လိုပါတယ်။
ဒီကနေ့ ကျန်းမာရေးကဏ္ဍကို ကြည့်ရင် ကမ္ဘာနဲ့အဝှမ်း ကင်ဆာရောဂါဖြစ်ပွားတဲ့နှုန်းက တဖြည်းဖြည်းမြင့်တက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ရဲ့သတင်းတွေမှာ ဖော်ပြထားတာကိုလည်း တွေ့ရှိနေရပါတယ်။ ဒါတွေဟာ ဘာကြောင့်လည်းဆိုတော့ ကျန်းမာရေးအသိပညာမရှိလို့ပါ ပဲ၊ နေထိုင်စားသောက်မှု့ပုံစံတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးနေတာတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်လို့လည်း ကျန်းမာရေး အသိပညာရှင်ကြီးတွေက ပြောဆိုနေကြပါတယ်။ အခုဆိုရင် အနောက်တိုင်း ဆေးပညာရှင်တွေကလည်း ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့အ တွက် ဆေးပညာရှင်တွေက ရှာဖွေနေ သုတေသနလုပ်နေကြဆဲဖြစ်ပါတယ်။ ဒီကနေ့ဖြစ်တဲ့ ကင်ဆာရောဂါတွေရဲ့ ၇၅ % ဟာ ကျန်းမာရေးအစားအစာတွေကို စားခြင်းဖြင့် ကာကွယ်နိုင်တယ်လို့လည်း ( W.H.O) ကသုံးသပ်ထားပါတယ်။ အဓိက ကတော့ ဆီကြော်နဲ့ လုပ်ထားတဲ့ စားစရာတွေကို တတ်နိုင်သမျှ ရှောင်ဖို့လိုလာပါတယ်။ ဆီကို လုံးဝမစားရတာတော့မဟုတ်ပါဘူး ။ ရေပါရင်စားလို့ရပါတယ်။လူရဲ့ခန္ဓာကိုယ်ထဲမှာက ၁၀၀’ စင်တီဂရိတ်ထိထားတဲ့ပစ္စည်းတွေကို လက်ခံနိုင်ပါတယ်။ ဒါကြောင့် ရေနဲ့ ချက်တဲ့ဟင်းတွေ(ကြက်သားပြုတ်)ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆီကျန်၊ ရေကျန် ချက်ထားတဲ့ဟင်းတွေဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိပါဘူး။ ဒါကြောင့် ကင်ဆာဆိုတဲ့ရောဂါမဖြစ်အောင် ၊ ဆီ ကြော်၊ ဆီပြန်တွေ စားတာကိုရှောင်ပြီး ၊ ဆီကျန်၊ရေကျန် ချက်စားတတ်တဲ့ အလေ့အကျင့်ကိုလုပ်ပေးဖို့လိုပါတယ်။ အသား၊ ငါး၊ ပုစွန်ကြော်စားတာ အန္တရာယ်ရှိပေမဲ့ ဟင်းရွက်ကြော်ကိုတော့ စိတ်ချလက်ချ စားနိုင်ပါတယ်ဆိုတာ ကိုတော့ အသိပညာပေးချင်ပါတယ်။
လွန်ခဲ့တဲ့ (၄) နှစ်ကျော် (၅)နှစ်လောက်ကတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲကို ဝင်လာနေတဲ့ ဆီတစ်မျိုးရှိခဲ့ပါတယ်။ မြောင်းဆီလို့ ခေါ်တဲ့ တရုတ်နိုင်ငံကနေ တရားမဝင်၊ ဝင်ရောက်နေတဲ့ စားသုံး ဆီတွေက ဈေးကွက်မှာ အတော်ပင်ကြီးစိုးခဲ့ပါသေးတယ်။ အဲ့ဒီ ဆီများကို တရုတ်နိုင်ငံ ဆီစက်များ ရှိ ဘေးထွက်မြောင်းများမှ ဘေးထွက်ဆီများနဲ့ စားသောက်ဆိုင်များမှ စားကြွင်းစားကျန်များအားစုပြီး ၊ ကန်ကြီးများထဲတွင် သိုလှောင်ထားကြပြီး ပြန်လည်သယ်ယူ သန့်စင်( Recycle) ပြုလုပ်ထားတဲ့ ဆီ များဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီဆီတွေကို အရောင်ကြည်စေရန်အတွက် ချွတ်ဆေးများ အသုံးးပြုထားပြီး ဓာတုဗေဒ ပစ္စည်းများနဲ့ ရောထားတယ်လို့လည်းသိရပါတယ်။ မြေပဲဆီဖြစ်အောင် မြေပဲဆီ အနံ့ထွက်တဲ့ ဓာတုဆေးထည့်လိုက်ရင် မြေပဲဆီနံ့ထွက်ပြီး၊ အရောင်ကလည်း မြေပဲဆီကဲ့သို့ ကြည်လင်ပြီး ၊ ရာသီဥတု ဘယ်လောက်အေးအေး ဆီမခဲ သွားကြောင်း သိရှိရပါတယ်။ မိမိတို့ငယ်စဉ် က လူကြီးမိဘတွေ ပြောလေ့ရှိတဲ့ စကားအရ ဆောင်းတွင်းမှာ ဆီမခဲရင် မြေပဲဆီဖြစ်ပြီး၊ ဆီခဲရင် စားအုန်းဆီဖြစ်တယ်လို့ မှတ်သားထားဖူးပါတယ်။ အခု ၎င်းဆီမှာ ရာသီဥတုဘယ်လောက်အေးအေး၊ ခဲသွားခြင်းမရှိတဲ့အတွက် စားသုံးသူတွေက ပဲဆီအစစ်လို့ ထင်နေပြပါတယ်။ ဟင်းလျာ ချက်ပြုတ်ကြော်လှော်ကြည့်ပါက အမှန်တကယ်ထွက်လာတဲ့ အနံ့မှာ စိမ်းရွှေရွှေအနံ့လိုလို ၊ အောက်သိုးသိုး အနံ့ လိုလို နဲ့ အနံ့အသက်မကောင်းဘူးလို့လည်းသိရပါတယ်။ အဲ့ဒီဆီတွေကိုပဲ မြန်မာနိုင်ငံအတွင်းရှိ ဆီလုပ်ငန်းရှင်တချို့ ကရောနှောပြီး ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချကြပါတယ်၊ အရည်အသွေး စံချိန်စံ ညွှန်း နဲ့ ပတ်သက်၍ လည်း မည့်သည့်ထောက်ခံချက်မှ မပါရှိတာကိုလည်း တွေ့ရှိနေရပါတယ်။ ၎င်းတရုတ်ဆီများနှင့် ပတ်သက်၍ စားသုံးရန် သင့်/မသင့်ကို စစ်ဆေးကြည့်တဲ့အခါ စားသုံးရန်မသင့်တဲ့ ဆီအမျိုးအစားထဲမှာပါဝင်နေတယ်လို့လည်းသိရတာကြောင့် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူပြည်သူတွေကို စားသုံးရန် မသင့်တဲ့အကြောင်းကို အသိပညာပေး ဟောပြောပွဲတွေကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်ပေးခဲ့လို့ အတိုင်း အတာတစ်ခုထိတော့ အောင်မြင်ခဲ့ပါတယ်။
စားသုံးရန်မသင့်တဲ့အတွက် စားမိပါကလည်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ် ၊ဒီ့အတွက်စားသုံးသူများကလည်း မည့်သည့်ကုန်ပစ္စည်းပဲဖြစ်ဖြစ်စာသုံးတော့မယ်။ အသုံးးပြုတော့မယ်ဆိုရင် ဈေးနှုန်းသက်သာတာတစ်ခုတည်းကြည့်ရှုပြီး၊ ရရှိလာမဲ့ ဒုက္ခဖြစ်ပေါ် လာမဲ့ ဘေးအန္တရာယ်များကို “မျက်ကန်းတစ္ဆေ မကြောက်” သလို၊ ဝယ်ယူသုံးစွဲခြင်း လုံးဝမပြုလုပ်သင့်ပါဘူး၊ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်နိုင်တဲ့အတွက် စားသုံးသူပြည်သူများအနေနဲ့ လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ စားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို ဝယ်ယူသုံး စွဲခြင်းမပြု့ဘဲ၊ ရှောင်ကြဉ်ခြင်းဖြင့် မိမိတို့ရဲ့ လူ့သက်တမ်းကို ရှည်စေတဲ့အပြင်၊ မိမိတို့ရဲ့ မိသားစု၊ မိမိတို့ရဲ့ ပတ်ဝန်းကျင် ကောင်းမွန်စေဖို့အတွက် ပြုပြင်ထားတဲ့ ဆီများ၊ အရောနှောဆီများကို သုံးစွဲခြင်း မပြုကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲ သက်ရှည်ကျန်းမာတဲ့ဘဝများ ပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေ ကို ဥာဏ်နဲ့ ယှဉ်တွဲပြီးစားသုံးသူများဖြစ်အောင် လေ့ကျင့်ယူကြပါစို့လို့ စေတနာရှေ့ ထားပြီး ရေးသားတင်ပြလိုက်ပါတယ်။
DOCA(ရှမ်း)