တောင်တွင်းကြီးမြို့သည် မကွေးမြို့မှ အရှေ့ဘက် (၅၁)မိုင် ကွာဝေးသည်။ ပေလေးပင် သျှင်လေးပါး ပေါ်ထွန်းသောမြို့ဟု မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသည်။ တောင်တွင်းကြီးမြို့နယ်သည် တြိဂံပုံသဏ္ဌာန်ရှိ၍ မြေဩဇာထက်သန်ကောင်းမွန်သော လွင်ပြင်ဒေသများရှိသောကြောင့် မကွေးခရိုင်တွင် စပါးအများဆုံး ထွက်သောမြို့နယ်ဖြစ်သည်။ တောင်တွင်းကြီးမြို့သည် လယ်ယာစိုက်ပျိုးလုပ်ငန်းကို အခြေပြုသော မြို့ဖြစ်သည်။ မြို့နယ်တွင်း စိုက်ပျိုးရန် ကျယ်ပြန့်သော လွင်ပြင်များရှိပြီး အရှေ့ပဲခူးရိုးမမှ စီးဆင်းလာသော ရေများကို ဆည်ဖို့၍ ရေသွင်းစိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။ တောင်ကျချောင်းများ သဲခုံများပေါ်တွင် ကြက်သွန်နီ စိုက်ပျိုးရေး လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ အဓိကထွက်ကုန်များမှာ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ကြံနှင့် စားသုံးဆီအမျိုးမျိုးတို့ ဖြစ်သည်။
ယခုအခါ စီးပွားဖြစ်ထွန်းတိုးတက်လာသည်နှင့်အညီ မြို့နေလူဦးရေမှာလည်းထူထပ် လာသဖြင့် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ တောင်တွင်းကြီးမြို့တွင် အထင်ကရအဖြစ် ပဲကြော်၊ ပဲလှော် လုပ်ငန်းများ၊ ဒေသတွင်းမုန့် တစ်ပိုင်တစ်နိုင်မုန့်ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိရာ ၎င်းတို့အနက်မှ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် အိမ်တွင်း မုန့်လုပ်ငန်းတစ်ခုဖြစ်သော ငွေလမင်း အမှတ်တံဆိပ် မုန့်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာ -လုပ်ငန်းကို ၂၀၀၇ ခုနှစ်မှ စတင်လုပ်ကိုင် ခဲ့ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ကိတ်မုန့်၊ ပလိန်းကိတ်၊ ပဲလမုန့်၊ ရွှေပဲဝိုင်း၊ ပဲကိတ်၊ ပဲပေါင်မုန့်၊ ထောပတ်မုန့်ကြွပ်(ရိုး/ရှယ်)၊ ကိတ်ခြောက်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ စုစုပေါင်း အမျိုးအစား(၁၂)မျိုးလောက်ထုတ်လုပ်ကြောင်း၊ အခြေခံကုန်ကြမ်းများအနေဖြင့် ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ကုလားပဲ တို့ဖြစ်ပြီး ဂျုံ၊ သကြားတို့ကို ရန်ကုန်၊ မန္တလေးတို့မှ မှာယူပြီး၊ ကြက်ဥကို မြို့ပေါ်ရှိ ကြက်ဥဖြန့်ချီသည့် ကုမ္ပဏီမှ မှာယူကြောင်း၊ ဆီအနေဖြင့် စားအုန်းဆီကိုအသုံးပြုပြီး၊ ကုလားပဲကိုမူ မန္တလေးနဲ့ ဒေသတွင်းမှာပဲမှာယူကြောင်း သိရှိရပါသည်။ လုပ်သားဦးရေအနေဖြင့် အမျိုးသား၊ အမျိုးသမီး အလုပ်သမားဦးရေ စုစုပေါင်း(၃၅)ဦးဖြင့် လည်ပတ်လျက်ရှိပြီး၊ လစာအနေဖြင့် တစ်ဦးလျှင် ကျပ်(၃၈၀၀၀ဝ မှ ၄၀၀၀၀ဝ)အထိ ပေးပါကြောင်း၊ အလုပ်ချိန်အနေဖြင့် နံနက်(၀၉း ၀၀)နာရီမှ ညနေ (၁၆း၀၀)နာရီထိဖြစ်ပြီး ကြားထဲတွင် ထမင်းစားချိန်၊ နားချိန်ဟူ၍ အချိန်နှစ်ချိန်ပေးထားကြောင်း သိရှိရသည်။
ထုတ်လုပ်မှုအနေဖြင့် ပထမဆုံး ဆီ၊ ဂျုံ၊ ကြက်ဥ၊ သကြား၊ ရေတို့ကို သမအောင် စက်ဖြင့်ရောမွှေရကြောင်း၊ ပြီးလျှင် ထောပတ်၊ မာဂျရင်းတို့ဖြင့်ရောစပ်၍ ပုံစံခွက်ထဲထည့်ပြီး ပေါင်းခံစက်ဖြင့် (၃ ) နာရီခွဲလောက်ထိ ပေါင်းခံထားရကြောင်း၊ ထို့နောက် မုန့်ဖုတ်စက်ထဲသို့ ထည့်ပြီး အချိန်ပြည့်လျှင် ထုတ်ယူကာ အအေးခံပြီး ပါကင်ထည့်ရကြောင်း၊ ပြီးလျှင် ကုန်အမှတ်တံဆိပ်၊ ကုန်အညွှန်းအမှတ်အသားပါ စာရွက်များထည့်ကာ ပါကင်ပိတ်ရကြောင်း၊ လျှပ်စစ်မီးပျက်လျှင် ဂတ်စ်၊ ဒီဇယ်ဖိုများဖြင့် ထုတ်လုပ်ရကြောင်း၊ တစ်လလျှင် ပျှမ်းမျှ ဒီဇယ် (၁၀)ပီပါ၊ ဂတ်စ်ဆိုရင် (၁၅)လုံးလောက်သုံးရကြောင်း သိရပါသည်။ ဖြန့်ချီသည့်မြို့နယ်များအနေဖြင့် အောင်လံ၊ ဆင်ပေါင်ဝဲ၊မြို့သစ်၊ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်များသို့ အများဆုံးဖြန့်ချီလျှက်ရှိကြောင်း၊ တစ်ရက်လျှင် မုန့်ထုတ်(၂၀၀)ထည့်၍ ဂျပ်ဖာများဖြင့် ဂျပ်ဖာ(၂၀)ခန့် ပို့ဆောင်ရပြီး အခြား လက်လီများလည်း ရောင်းချရကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ပဲကိတ်တစ်လုံးလျှင် (၂၈၀၀)ကျပ်၊ ပေါင်မုန့်ပလိန်း တစ်ထုပ်လျှင် (၁၇၀၀)ကျပ်၊ ပဲပေါင်မုန့်တစ်ခုလျှင် (၃၀၀)ကျပ်၊ ပလိန်းကိတ် တစ်လုံးလျှင် (၂၃၀၀)ကျပ်၊ ရွှေပဲဝိုင်းမုန့်တစ်ခုလျှင် (၅၃၀)ကျပ်၊ ကိတ်ခြောက် တစ်ထုတ်လျှင် (၁၈၀၀)ကျပ်၊ ပဲလမုန့်တစ်ခုလျှင် (၄၃၀)ကျပ်နှုန်းဖြင့် ရောင်းချပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် အဆင်ပြေလုပ်ကိုင်သင့်သည့် အလုပ်အကိုင်ကောင်းတစ်ခုဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အုန်းသီးကိုအခြေခံ၍ ထုတ်လုပ်မည့် အုန်းသီးပေါင်မုန့်၊ အုန်းသီးယိုများကိုလည်း တီထွင်ဆန်းသစ်မှု များဖြင့် ထုတ်လုပ်သွားမှာဖြစ်ပါကြောင်း သိရှိရပါသည်။
ဤကဲ့သို့ တစ်ပိုင်တစ်နိုင် ဒေသတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် နိုင်ငံတွင်း စီးပွားဖြစ်ထွန်းမှုကို အကျိုးသက်ရောက်စေသလို နိုင်ငံတွင်း အလုပ်လက်မဲ့လူဦးရေ လျော့ချရေးကိုလည်း အထောက်အကူပြုစေပါသည်။ ယခုအခါ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် နိုင်ငံတော်မှ MSME ချေးငွေများ ထုတ်ချေးပေးခြင်း၊ ပြခန်းပြပွဲများတွင် ဒေသတွင်းလုပ်ငန်းရှင်များအား မိမိတို့ထုတ်ကုန်များအား ပြသစေခြင်းအစရှိသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသ အတွင်းရှိ တစ်ပိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို အခွင့်အလမ်းကောင်းမွန်စဉ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်များအပေါ် အရည်အသွေး၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်များအပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သင့်ပါသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း တစ်ပိုင်တစ်နိုင်စီးပွားရေးမှသည် ပြည်ပနိုင်ငံများထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်သင့်ကြောင်း မကွေးတိုင်းအတွင်း တစ်ပိုင်တစ်နိုင်ဒေသတွင်း စီးပွားရေးလုပ်ငန်းတစ်ခုအား အခြေခံ၍ ရေးသားတင်ပြအပ်ပါသည်။
DOCA(မကွေး)