ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပီလောပီနံ စိုက်ဧက ၉၂၆၅ ဧက စိုက်ပျိုးပြီး၊ ဟင်္သာတမြို့နယ်တွင် ၃၇၅၆ ဧက၊ ဇလွန်မြို့နယ်တွင် ၆ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ ဧက စိုက်ပျိုးပါသည်။ ပီလောပီနံသည် မိုးရေချိန် ၃၀လက်မ မှ ၁၂၀ လက်မနှင့် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်နှင့် ၃၂ ဒီဂရီစင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ်းမျှ ၈၀ လက်မ ရရှိသော ဟင်္သာတခရိုင်ရှိ ရေမတင်သဲဆန်သည့် မြေများတွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင် လျက်ရှိ ပါသည်။ မိရိုးဖလာမြေပုံ၍ စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ် ကြပြီး စိုက်ဘောင်စနစ်ဖြင့်လည်း စိုက်ပျိုးကြပါသည်။ ဟင်္သာတမြို့နယ်ရှိ ယုံသလင်းကျေးရွာအုပ်စု၊ မဒေါ့တလုပ်ကုန်းအုပ်စု၊ သမုဒ္ဒရိုး ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအုပ်စုတွင်လည်းကောင်း၊လေးမျက်နှာမြို့နယ်တွင် ခမောက်စု ကျေးရွာ အုပ်စု၊ ပိန်းအင်းကျေးရွာအုပ်စု၊ လဟာကြီး ကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာအုပ်စု၊ ရှားဖြူကျင်း ကျေးရွာ အုပ်စု၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စု တို့တွင် လည်းကောင်း စိုက်ပျိုးကြပါသည်။
ပီလောပီနံကို မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော် ကြပါသည်။ ပီလောပီနံမျိုးအဖြစ် ဒေသမျိုး ဆင်တစ်ဆွဲ နှင့် ယိုးဒယားမျိုး Rayong-9 မျိုးများ ကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧက တွင် ပီလောပီနံ မြေပုံ ၁၂၀၀ ခန့်ဝင်ဆန့်ပြီး မြေပုံ၁ပုံလျှင် မျိုး ၂ ပင်ကို ၄၅ ဒီဂရီစောင်း၍ စိုက်ပျိုးကြပါသည်။ မျိုးကိုင်းများကို အပင်မှခုတ်ပြီး ၂၄ နာရီအတွင်း စိုက်ပျိုးရန်လိုအပ်ကြောင်းသိရှိရပါသည်။မျိုးတစ်ပင်လျှင် ပျမ်းမျှ ၁.၂၅ ပိဿာခန့် ဥ ၍ မြေတစ်ပုံ လျှင် ၂.၅ ပိဿာခန့် ဥနိုင်သည့်အတွက် တစ်ဧကလျှင်ပျမ်းမျှ ပိဿာ ၃၀၀၀ ခန့်ထွက်ရှိပါသည်။
ထွက်ရှိလာသော ပီလောပီနံ ဥများကို ရေဆေး၍ ဒလက်စက်ဖြင့် ရိုက်ပြီး အခွံ့ချွတ်ရပါသည်။ အခွံချွတ်ပြီး ပီလောပီနံ ဥများကို ကြိတ်စက်နှင့်ကြိတ်ခွဲခြင်းဖြင့် ပီလောပီနံကြိတ်ဖတ်ကို ရရှိပါသည်။ ရရှိလာသော ကြိတ်ဖတ်များကို ဒလက်တပ်ဆင်ထားသော ပုံးအတွင်းတွင်ရေနှင့် အချိုးကျရော ထည့်၍ မွှေခြင်းဖြင့် ဗဟိုခွာအားကြောင့် ဘေးသို့ထွက်လာသော အဖတ်များကို အဖတ်ကန်သို့ပို့ ဆောင်ပြီး၊ အနှစ်များကို အောက်ဘက်ရှိအနှစ်ကန်သို့ ဖောက်ချရပါသည်။ ရရှိလာသော ပီလောပီနံ အနှစ်များကို တာပေါ်လင်စ ဖြင့်ပြုလုပ်ထားသော စစ်ကန်များတွင်ထည့်၍ အနှစ်များကို အနည်ထိုင် စေပြီး၊ အပေါ်ယံရေများကို စွန့်ထုတ်ခြင်းဖြင့် ပီလောပီနံ အမှုန့် ဖြစ်လာမည့် အနှစ်ခဲလေးများကို ရရှိပါသည်။၎င်းအနှစ်ခဲလေးများကို နေရောင်တွင် အခြောက်ခံပြီး၊ ခြောက်သွေ့သွားသော အနှစ်ခဲ များကို ဆန်ကာတိုက်ဖိခြေခြင်းဖြင့် ပီလောပီနံ အချောမှုန့်များ ကိုရရှိပါသည်။ အဖတ်ကန်မှ အဖတ်များ ကို လူအားဖြင့် လုံးပါက အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးများကိုရရှိပါသည်။
ပီလောပီနံ ဥ ပိဿာ ၃၀၀၀ ကို အမှုန့်ပြုလုပ်ပါက ပိဿာ ၃၀ ဝင် အမှုန့် အိတ် (၃၀) ခန့် နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံ ပိဿာ ၄၅၀ ခန့် ရရှိသည့်အတွက် ပိဿာ စုစုပေါင်း ၁၃၅၀ ခန့် ပြန် လည်ရရှိပါသည်။ ပိဿာ ၁၆၅၀ ခန့်မှာ အရည်အဖြစ်စွန့်ထုတ်ပျောက်ဆုံးသွားပါသည်။ မေလတွင် စိုက်ပျိုးသော ပီလောပီနံ များကို ဒီဇင်ဘာလကုန်တွင် တူးဖော် ကြိတ်ခွဲခြင်းဖြင့် အမှုန့်ထွက်အား ပိုမို ကောင်းမွန်ပြီး သစ်ရည်ပြန်သောလများဖြစ်သည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင်တူးဖော်ပါက အရည်ဓာတ်ပါဝင်မှုများလာသည့်အတွက် အမှုန့်ထွက်နှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ် ပီလောပီနံ ထွက်ရှိချိန်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ)တွင် ဥ တစ်ပိဿာလျှင် ၁၀၀၀ ကျပ် မှ ၁၂၀၀ ကျပ်ဈေးထိ ရရှိပြီး၊ အချောမှုန့်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အမှုန့်ထုတ်ပြီး ကလော လုံးတစ်ပိဿာလျှင် ၆၀၀ ကျပ်ခန့်ရရှိပါသည်။ယခု ၂၀၂၄ ခုနှစ် ပီလောပီနံ ထွက်ရှိချိန်တွင် ပီလောပီနံ ဥ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးသာရရှိပြီး၊ ပီလောပီနံ အချောမှုန့် တစ်ပိဿာ လျှင် ၂၄၀၀ ကျပ်မှ ၂၇၀၀ ကျပ်၊ အမှုန့်ထုတ်ပြီး ပီလောပီနံလုံး တစ်ပိဿာလျှင် ၃၀၀ ကျပ်သာရရှိကြောင်းသိရှိရပါသည်။ ပီလောပီနံ ဥ အဆင့် မှ အခြားအဆင့်သို့ပြောင်းလဲထုတ်လုပ်ရာ တွင် ၂၄နာရီ အတွင်းထုတ်လုပ်မှသာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ရရှိနိုင် ကြောင်းလည်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် ပီလောပီနံ တစ်ဧက ကုန်ကျစရိတ်မှာ မျိုး ၊ မြေပြင် မြေပုံပြုလုပ်ခြင်း၊ စိုက်ပျိုး ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းလိုက်ခြင်း၊ တူးဖော်ခြင်း တို့အတွက် တစ်ဧက ပျမ်းမျှ ကုန်ကျစရိတ် ကိုးသိန်းကျပ်ခန့်ကုန်ကျနိုင်ပြီး တစ်ဧက ထွက်ရှိမှု ပိဿာ ၃၀၀၀ ကို ဥဈေးနှုန်း ပျမ်းမျှ ၆၀၀ ကျပ်နှင့် တွက်ပါက တစ်ဆယ့်ရှစ်သိန်းကျပ်ခန့် ရရှိနိုင်ပြီး တစ်ဧက ပျမ်းမျှအကျိုအမြတ် ကိုးသိန်းကျပ်ခန့် ရရှိနိုင်ပါသည်။
တစ်ချို့ ပီလောပီနံ စိုက်တောင်သူကြီးများသည် အမှုန့်ကြိတ်စက်ပါ တည်ဆောက်လည်ပတ် ထုတ်လုပ်ကြသည့်အတွက် အချောအမှုန့်တစ်ပိဿာ ပျမ်းမျှ ၂၅၀၀ ကျပ်ဖြင့် ပိဿာ ၉၀၀ အတွက် ၂၂၅၀၀၀၀ ကျပ်နှင့်အမှုန့်ထုတ်ပြီး ပီလောပီနံ အလုံးတစ်ပိဿာ ၃၀၀ ကျပ်ဖြင့် ပိဿာ၄၅၀ အတွက် တွက်ပါက ၁၃၅၀၀၀ ကျပ်ပေါင်းပါက ဝင်ငွေ ၂၃၈၅၀၀၀ ကျပ်ရရှိနိုင်ပြီး ပီလောပီနံ ဥ တိုက်ရိုက် ရောင်းချခြင်းထက် ငါးသိန်းကျပ်ခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်ကြောင်းသိရှိရပါသည်။
ပီလောပီနံသည် သီးနှံများတွင် ကာဘိုဟိုက်ဒြိတ်ပါဝင်မှု တတိယအများဆုံးသီးနှံဖြစ်ပြီး သင့်တင့်သောကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိးထုတ်လုပ်သင့်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလောပီနံ အချောမှုန့်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ ကော်မှုန့်အဖြစ်အသုံးပြုခြင်း၊ ကတ္ထူစက္ကူပုံးများ ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ အချိုရည်/အဖျော်ယမကာလုပ်ငန်းများတွင် အသုံးပြုကြပါသည်။ အမှုန့်ထုတ်ပြီး ပီလောပီနံ အလုံးများကို မွေးမြူရေးအစာထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။
ပီလောပီနံသည် ပြည်ပဝယ်လိုအားရှိသောသီးနှံဖြစ်သည့်အပြင် မြန်မာ့မြေရာသီနှင့်ကိုက်ညီ ထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် တိုးတက်စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)