Main menu

သင်္ဘောယို၏ အသုံးဝင်ပုံ

Powered by Drupal
Tue, 10/22/2024 - 14:58 -- consumer_admin

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကြို့ပင်သာအုပ်စု ဝက်ပုတ်ကျေးရွာသည် မြို့ငယ်တစ်မြို့အဖြစ် အမည်မတွင်သော်လည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် အသေးစား၊ အလတ်စား အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများနှင့် ဘက်စုံ ဖွံဖြိုးသော မြို့ငယ်လေးအလား ထင်မှတ်ရသည့် ရွာကလေးတစ်ရွာဖြစ်ပါသည်။ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင်တည်ရှိပြီး ပြည်မြို့နယ် (၃၂) မိုင်သာကွာဝေးပါသည်။
ဝက်ပုတ်ဒေသမှ ထွက်လာသော ထုတ်ကုန်များအကြောင်းကို စာရေးသူအနေဖြင့် အတန်အသင့် ရေးသားတင်ပြခဲ့ဖူးပါသည်။ ဝက်ပုတ်မှ ထုတ်လုပ်ရောင်းချသောထူးမွန် ကျောက် ဖရုံယိုလုပ်ငန်းကို ရေးသားတင်ပြခဲ့စဉ်က သ‌င်္ဘောယိုထုတ်ကုန်(၁)ခုကိုချန်လျှပ်ထားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောယိုကို ဈေးဆိုင်များတွင် စားသောက်ကုန်မုန့်တစ်ခုအနေဖြင့် ရောင်းချခြင်း၊ ဝယ်ယူစားသောက်ခြင်း မရှိသည့်အတွက်ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင် ထို လုပ်ငန်းသို့ သွားရောက်ကွင်းဆင်း မေးမြန်းစဉ်က လုပ်ငန်းရှင်သည် အစိမ်းရောင်နှင့် အနီရောင် အတုံးကလေးများကို ပလတ်စတစ်အိတ်ကြီးဖြင့် ထုပ်ထားသောအထုပ်များကို ပြ၍သင်္ဘောယို များဟု ပြောသောအခါ သင်္ဘောယိုတစ်ခါမှ မစားဖူးဟု ပြောခဲ့ပါသည်။ ထိုအခါ လုပ်ငန်းရှင်က သင်္ဘောယိုကိုဆိုင်များမှာ တင်ရောင်းဖို့မဖြန့်ဘူးတဲ့ ၊ ရေခဲသုပ်၊ ရေခဲမုန့်၊ ဖာလူဒါလုပ်ငန်းရှင် တွေကိုသာဖောက်သည် ပေးတာပါတဲ့ အဲဒီအခါမှ ဒါဆိုရင်တော့ ကျွန်တော် စားဖူးပါတယ်ဟု ပြန်လည်ဝန်ခံရပါတော့သည်။ သင်္ဘောယိုပြုလုပ်ပုံမှာ ကျောက်ဖယိုပြုလုပ်ပုံခြင်းမှာအတူတူ ပင်ဖြစ်ပါသည်။ ရှေးဦးစွာ သင်္ဘောသီးအစိမ်းကို အခွံခွာအတုံးကလေးများ လှီးဖြတ်ရပါသည်။ ထုံးကြက်တတ်ရေတွင် တစ်ရက်စိမ်၍ ပြန်လည်သန့်စင်ရန် ရေဖြင့်(၅)ကြိမ်လောက် ဆေးကြောရပါသည်။ ထိုနောက်ရေဖြင့် တစ်ခါပြုတ်ပြီး ပြန်လည်အအေးခံရပါသည်။ အအေးခံပြီး နောက်ဆုံးသန့်စင်ရန်အတွက် ရေဖြင့်တစ်ခါဆေးကြော၍ ရေစစ်ထားရပါသည်။ ရေစစ်ပြီးနောက် သကြားဖြင့်နယ်၍ ယိုထိုးရပါသည်။ သင်္ဘောသီးပိဿာချိန် (၃၀)လျှင် သကြား(၁)အိတ် အသုံးပြု၍ အနီရောင်ပြုလုပ်လိုလျှင် အနီရောင်ခွင့်ပြုဆိုးဆေး အသုံးပြု၍ အစိမ်းရောင်ပြုလုပ် လိုလျှင် အစိမ်းရောင်ခွင့်ပြုဆိုးဆေး သုံးစွဲကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းရှင်မှာ အများအပြား ထုတ်လုပ်သည့်အတွက် သင်္ဘောသီးအခွံခွာ အတုံးလှီးဖြတ်(၁)ရက်၊ ထုံးရေစိမ် ရေဆေး(၁)ရက် နှင့်ပြုတ်ခြင်း၊ ယိုထိုးခြင်းလုပ်ငန်း(၁)ရက်ဖြင့် စုစုပေါင်း(၃)ရက် အချိန်ယူရကြောင်း သိရှိရပါ သည်။
စားသုံးသူများအနေဖြင့် သင်္ဘောသီးယိုကို ကျွန်တော်လိုပင် မစားဖူးဟုထင်ရှိကောင်း ထင်ရှိပေလိမ့်မည်။ ယခုအခါ သင်္ဘောယိုအစိမ်းရောင်နှင့် အနီရောင်အတုံးကလေးများကို ရေခဲထုပ်၊ ရေခဲမုန့်၊ ဖာလူဒါ အစားအသောက်များအပြင် မုန့်သိုင်းချုံ၊ ပေါင်မုန့်နှင့် အခြား ယိုသွပ် မုန့်များတွင်လည်း များစွာထည့်သွင်းအသုံးပြုလာကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် သင်္ဘောယိုကို မစားသုံးဘူးဖူးဟု ထင်မှတ်မမှားစေရန်အတွက် သင်္ဘောယို၏ အသုံးဝင်ပုံကို ဗဟုသုတဖြစ်စေရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)