ဓနိပင်ဟုဆိုလိုက်သည်နှင့်တစ်ပြိုင်နက် လူအများစုသည် အိမ်မိုးရန်အတွက် အသုံးပြုသည့် အပင်ဟုသာ များသောအားဖြင့် သိကြပါသည်။ သို့ရာတွင် ဓနိပင်သည် အမိုးအကာအဖြစ်သုံး၍သာမက အခြားနေရာများတွင်လည်း များစွာအကျိုးပြုသော အပင်အမျိုးအစားဖြစ်ပါသည်။ ဓနိပင်သည် ပင်လယ်ရေငန်ဝင်သော ကမ်းရိုးတန်းဒေသများနှင့် ကမ်းစပ်ချောင်းစပ်များတွင် များစွာပေါက်ရောက်လေ့ရှိပါ သည်။ မြန်မာနိုင်ငံ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဓနိတောများပေါက်ရောက်သည်ကိုတွေ့ရှိရပါသည်။
ဓနိပင်၏အရွက်ကို အိမ်အမိုးအကာမိုးရန်အတွက် အသုံးပြုကြသည့်အပြင် အရိုးကို ခြံစည်းရိုးကာရန်အတွက်လည်းအသုံးပြုနိုင်ပါသည်။ ဓနိပင်၏အရွက်နုသည် သင်းပျံ့သောရနံ့ရှိသဖြင့် မြန်မာမုန့်များထုပ်ပိုးရာတွင် ဖက်အဖြစ်အသုံးပြုကြပါသည်။ ဓနိပင်မှရရှိသောဓနိရည်ကို အချိုရည်အဖြစ်သောက်သုံးနိုင်သကဲ့သို့ ဓနိသကြားချက်ရာတွင်လည်းကောင်း၊ ထားဝယ်ရိုးရာ ပအုန်းရည်ချက်ရာတွင်လည်းကောင်း အသုံးပြု၍ရပါသည်။ ပအုန်းရည်ဆိုသည်မှာ ထားဝယ်တိုင်းရင်းသားတို့ ချက်ပြုတ်ရာတွင်အသုံးပြုသော ရှာလကာရည်တစ်မျိုးဖြစ်ပါသည်။ ဓနိရည်ကို ယခုအခါ တန်ဖိုးမြှင့်ထုတ်ကုန် ဓနိဝိုင်အဖြစ်လည်း အဆင့်မြင့်စွာထုတ်လုပ်နိုင်ပါသည်။ ဓနိပင်မှရရှိသော ဓနိသီးမှာ ထန်းသီးနှင့်ပုံသဏ္ဍာန်ဆင်၍ အလွန်စားကောင်းလှသော အသီးတစ်မျိုးဖြစ်ပြီး အစိမ်းစား၍ရသည့်အပြင် ဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့်များပြုလုပ်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြု၍ သုံးဆောင်နိုင်ပါသည်။ ဓနိပင်မှ ဓနိဖူးကို အခြောက်လှမ်း၍ ရရှိလာသောဓနိဖူးခြောက်ကို ရေနွေးတွင်ခပ်၍ ရေနွေးကြမ်းအဖြစ်သုံးကြပါသည်။ ယခုအခါ ဓနိအများဆုံးထွက်ရှိသော နေရာဒေသများမှ ဓနိဖူးခြောက်ကို ပြုလုပ်ရောင်းချပြီး မြန်မာပြည်အနှံ့ပို့ဆောင်ပေးပါသည်။ ဓနိဖူးခြောက်၏ ကျန်းမာရေးအတွက် ကောင်းကျိုးများမှာ ကင်ဆာရောဂါများကိုကာကွယ်ပေးခြင်း၊ နှလုံးသွေးကြော ဆိုင်ရာရောဂါများကိုသက်သာစေခြင်း၊ အမောခံနိုင်ခြင်း၊ အာရုံကြောရောဂါများကိုသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိသောကြောင့် ဓနိဖူးခြောက်ကို ရေနွေးကြမ်းခပ်၍ သောက်သုံးပေးသင့်ပါသည်။
ဓနိပင်များမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များစွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်သွင်းနိုင်ပါက နိုင်ငံ့ဝင်ငွေများစွာတိုးတက်နိုင်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာစေနိုင်ပါသည်။ ထိုသို့ အဖက်အဖက်မှ အသုံးဝင်သော မြန်မာ့အဖိုးတန် ဓနိတောများအား မပျောက်ပျက်အောင် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
DOCA(ဧရာဝတီ)