နွားနို့သည် အဟာရတန်ဖိုး အလွန်မြင့်မားသည့် စားသောက်ကုန်ဖြစ်ပါသည်။ နွားနို့သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေပြီး၊ အဟာရပြည့်ဖြိုးဉာဏ်ရည်တိုးတက်စေနိုင်ပါသည်။ လူများသည် မွေးစမှခြောက်လအတွင်း မိခင်နို့ရည်တစ်မျိုးတည်းဖြင့်ပင် ရှင်သန်ဖွံ့ဖြိုးစေနိုင်သည်။ အသက်အရွယ်မရွေး နွားနို့ကိုသောက်သုံးသင့်ပါသည်။ မြန်မာနိုင်ငံတွင် နွားနို့သောက်သုံးသည့် အလေ့အထနည်းပြီး လက်ဖက်ရည်၊ ကော်ဖီတို့ကိုသာသောက်သုံးသည့် အလေ့အထများသည်။ အမှန်အားဖြင့် နွားနို့ကို ပိုမိုသောက်သုံးသင့်ပါသည်။
နွားနို့တွင် ရေဓာတ်၊ ပရိုတိန်းခေါ် အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် မင်နရယ်ခေါ် သတ္တုဓာတ်များအားလုံးပါဝင်၍ အဟာရအပြည့်ဝဆုံးအစာဟုခေါ်ဆိုနိုင်ပါသည်။ သို့သော် နို့တွင် အဏုဇီဝပိုးများပေါက်ပွားလွယ်၍ နို့သည် အထားမခံဘဲ ပျက်စီးလွယ်ပါသည်။ သို့ဖြစ်၍ နို့ကိုတာရှည်ခံရန် လူတို့သည် အမျိုးမျိုးစမ်းသပ်သုတေသနပြုခဲ့ကြပါသည်။ အပူပေး၍ ပေါင်းတင်နို့(Pasteurize milk)၊ ပိုးသတ်ပြီးနို့(Sterilised milk)နှင့် တာရှည်ခံနို့(Ultra Heat Treated milk =UHT milk)တို့ထုတ်လုပ်သုံးစွဲခြင်းနှင့် အချဉ်ဖောက်၍ ဒိန်ချဉ်၊ ထောပတ်၊ ဒိန်ခဲ စသည်တို့ကိုလည်းထုတ်လုပ်၍ စားသုံးကြပါသည်။
ထို့အတူ မြန်မာ့ရိုးရာအရ နို့ခဲ၊ နို့ဆီတို့ကို ထုတ်လုပ်သုံးစွဲလျက်ရှိကြပါသည်။ နို့ဆီ ( Condensed milk ) သည် နို့ထွက်ပစ္စည်းများအနက် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် အသုံး အများဆုံးဖြစ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များရှိ ဟိုတယ်များနှင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် မည်သည့်ဟိုတယ်များတွင်မှ နို့ဆီမသုံးစွဲကြဘဲ နွားနို့ကိုသာသုံးစွဲကြကြောင်း ပညာရှင်များ၏ လေ့လာချက်အရသိရှိရပါသည်။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၆)တွင် နို့ဆီနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ “ နွားနို့ကို နို့ဆီဖြစ်အောင် လုပ်သည်ဆိုသည်မှာ နွားနို့တွင်ပါသော ရေကိုထုတ်ပယ်ရန် ကျိုချက်ခြင်းပင်ဖြစ်၏။ ဤသို့ရေခန်းအောင် နို့ကိုကျိုရာ၌ နို့နှင့်ရေတို့ပါဝင်သော နှုန်းကိုလိုက်၍ နို့ဆီအမျိုးမျိုးရှိလေသည်။ သာမန်အရပ်အခေါ် နို့စိမ်းဘူးဟူသည်မှာ နွားနို့တစ်ပုလင်းကို ပုလင်းဝက်ခန့်ကျန်အောင်ကျိုချက်၍ လေလုံသောသံစည်ဘူးတွင် ထည့်သွင်းထားသောနို့ဖြစ်လေသည်။ ထို့နို့စိမ်းဘူးနို့များတွင် အဆီ(၇.၈)ရာခိုင်နှုန်းပါဝင်၍ အခြားနို့နှင့်ဆိုင်သော အစိုင်အခဲတို့မှာ (၂၅.၅)ရာခိုင်နှုန်းပါဝင်ရသည်။ နို့ဆီမှာ သကြားနှင့်နွားနို့ကိုရော၍ နို့စိမ်းဘူးမှရသောနို့ထက်ပို၍ ရေခန်းအောင် ကျိုချက်ထားသောနို့ဖြစ်သည်။ သကြားမှာ ကြံမှရသော သကြားဖြစ်သည်။ နို့ဆီထဲ၌ သကြားသည် (၄၀-၄၂)ရာခိုင်နှုန်းမျှပါဝင်သည်။ နို့ဆီထဲတွင် အဆီ(၈)ရာခိုင်နှုန်းနှင့် နို့နှင့်ဆိုင်သော အစိုင်အခဲ(၂၈) ရာခိုင်နှုန်းပါဝင်ရသည်။သကြားမပါဘဲ ကျိုချက်သောနို့ဆီဟူ၍လည်းရှိသေးသည်” ဟူ၍ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ထုတ်လုပ်လျက်ရှိသည့် နွားနို့များအနက် သုံးပုံနှစ်ပုံသည် နို့ဆီချက်လုပ်ငန်းများတွင် အသုံးပြုကြသည်။ နွားနို့အထွက်များသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် နို့ဆီချက် (ချက်နို့ဆီ)လုပ်ငန်းကြီးများရှိပါသည်။
နို့ဆီချက်လုပ်ငန်းသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များတွင်ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် နို့ဆီချက်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် ၃ဦးရှိကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ “စိုး” နို့ဆီချက်လုပ်ငန်းသည် ၁၉၈၅ခုနှစ်က စတင်လုပ်ကိုင်ခဲ့ပြီး၊ မိဘအမွေကိုဆက်ခံ၍ ယခုသားဖြစ်သူသည် နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက် လုပ်ငန်းနှင့် ဒိန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းကိုလုပ်ကိုင်နေပါသည်။
ကုန်ကြမ်းနွားနို့ကို စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာ၊ ကြွယ်လူးကျေးရွာ၊ နောက်ကြည့်ကျွန်း စသည့်ကျေးရွာများမှ ဖောက်သည်လာရောက်သွင်းသူ (၁၀)ဦးခန့်ရှိပြီး၊ နွားနို့တစ်ပိဿာလျှင် ၂၇၀၀/ ၂၈၀၀ ကျပ်ဈေးဖြင့် တစ်ရက်လျှင် ပိဿာ ၇၀၀/၈၀၀ ခန့်ဝယ်ယူပါသည်။ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများတွင် နို့ဝယ်ယူရာ၌ အဆီပါဝင်မှုကို အဓိကထား၍ စစ်ဆေးရသည်။ အဆီပါဝင်မှုအပေါ်မူတည်၍ နို့ဈေးကိုဆုံးဖြတ်ကြသည်။ ဝယ်ယူရရှိသည့် နွားနို့များကို နမူနာ ပိဿာ၁၀စီယူကာ နွားနို့အရည်အသွေးစစ်ဆေးသည့်စက်ဖြင့် အဆီပါဝင်မှုရာခိုင်နှုန်းကို စစ်ဆေးကြောင်းသိရပါသည်။ အရည်အသွေးစစ်စက်တစ်လုံး၏ တန်ဖိုးသည် ကျပ်သိန်း၆၀ခန့်တန်ဖိုးရှိပါသည်။ ထို့နောက် အရည်အသွေးမတူသော နွားနို့အားလုံးကို မွှေစက်ဖြင့်မွှေကာ နွားနို့အဆီနှင့် နွားနို့အရည်ကိုခွဲခြားပါသည်။ နွားနို့အဆီကို ၁၀ပိဿာဝင်တစ်ပုံးလျှင် ကျပ်တစ်သိန်းခွဲဈေးဖြင့် မန္တလေးမြို့ ထောပတ်လုပ်သည့် လုပ်ငန်းသို့ရောင်းချကြောင်းသိရပါသည်။ မွှေစက်တစ်လုံး၏ တန်ဖိုးသည် ကျပ်သိန်း၃၀ခန့်တန်ဖိုးရှိပါသည်။ ဆီ၊ သကြား၊ နို့မှုန့်အချိုးကျစပ်ပြီး နွားနို့အရည်များနှင့်ရောနှောကာ နွှေးကန်တွင် သတ်မှတ်ထားသည့်အပူချိန်ပေးပြီး ပေါင်းအိုးဖြင့် ထပ်မံပေါင်းကာ ၁၅မိနစ်ခန့်အအေးခံပြီးပါက အသင့်စားသုံးနိုင်သော နို့ဆီကိုရရှိပါသည်။ နွားနို့မှသည် နို့ဆီရရှိသည့် အချိန်ကြာချိန်စုစုပေါင်း ၄နာရီခန့်သာဖြစ်ကြောင်းသိရပါသည်။ တစ်ရက်လျှင် ပျမ်းမျှ နို့ဆီပိဿာ ၃၅၀ခန့်ထုတ်လုပ်နိုင်ပြီး၊ နို့ဆီရောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ ကျပ်တစ်သောင်း၊ လက်ကား ကျပ်ကိုးထောင့်ရှစ်ရာဈေးများဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များနှင့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စသည့် မြို့ကြီးများအနှံ့ရောင်းချကြောင်းသိရပါသည်။
တစ်ရက်လျှင် ကုန်ကြမ်းနွားနို့ ပိဿာ ၁၅၀ခန့်ကို ဒိန်ချဉ်ပြုလုပ်ပါသည်။ ဒိန်ချဉ်ကန် ၃ကန်ရှိပြီး၊ ဒိန်ချဉ်ကန်တစ်လုံး၏တန်ဖိုးသည် ကျပ်၁၈သိန်းခန့်တန်ဖိုးရှိပါသည်။နွားနို့မှ ဒိန်ချဉ်ရရှိရန် အချိန်တစ်ရက်ခန့်ကြာပါသည်။ ဒိန်ချဉ်ကို ပွိုင့် ၃လီတာဘူးများတွင်ထည့်၍ တစ်ဘူးလျှင် လက်လီ ၉၀၀ကျပ်၊ လက်ကား ၈၅၀ကျပ်ဖြင့် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဘူး၁၅၀၀ခန့်ထုတ်လုပ်ပြီး၊ စစ်ကိုင်းမြို့နယ်တွင်းနှင့် မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။
“စိုး” နို့ဆီချက်လုပ်ငန်းသည် တစ်ဦး တစ်ရက်လျှင် ကျပ်ရှစ်ထောင်မှ ကျပ်တစ်သောင်းနှစ်ထောင်ခန့်ဖြင့် အမျိုးသား/ အမျိုးသမီး လုပ်သား ၉ဦးမှ ၁၈ဦးထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်းသိရပါသည်။
နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက်လုပ်ငန်းအပြင် နွားနို့ခဲ၊ ဒိန်ချဉ်၊ ထောပတ်၊ ဒိန်ခဲ၊ နို့စိမ်း၊ ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား နိုင်ငံတော်မှ ချေးငွေပံ့ပိုးကူညီခြင်း၊ နည်းပညာကူညီခြင်းများဆောင်ရွက်ပေးခြင်းဖြင့် နွားနို့မှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး၊ ဒေသတွင်း/ နိုင်ငံတွင်း ပြည်သူများအတွက် စားသုံးမှုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်များကို တစ်ဖက်တစ်လမ်းမှ လျှော့ချးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)
နွားနို့မှ တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီချက်လုပ်ငန်းများအကြောင်း တစေ့တစောင်း
Powered by Drupal