Main menu

ကန့်ဘလူမြို့မဈေး၌ ရာသီစာ မုန်လာဥဖြူ ဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

Powered by Drupal
Mon, 11/11/2024 - 15:05 -- consumer_admin

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင် မုန်လာဥဖြူကို စိုက်ပျိုးရောင်းချကြပါသည်။ မုန်လာဥဖြူကို ဆောင်းဦးပေါက်ရာသီ၌ မိမိတို့ ကုန်ကွက်များနှင့် အိမ်ခြံဝင်းများအတွင်းတွင် မြေဘောင်တင် စိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများ နှင့်  မြို့ပေါ်ရပ်ကွက်များက လာရောက် ရောင်းချကြသူများထံမှ ဖောက်သည်ယူ၍  ရောင်းချရကြောင်း သိရသည်။

    မုန်လာဥဖြူကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ချက်စားနိုင်သလို ခြစ်ဖြင့်ခြစ်၍ သုပ်စားခြင်း၊ အချဉ်တည်စားခြင်း၊ မုန်ညှင်းရွက်နှင့်ရော၍အချဉ်တည်ခြင်း၊ ပြုတ်ပြီး ငပိရည်နှင့် တို့စားခြင်း၊ ချဉ်ရည်ကျိုစားခြင်း စသည်တို့ကို ကြော်ချက်စားခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

     မုန်လာဥဖြူ၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့်  မုန်လာဥဖြူတွင် အဓိကပါဝင်သည့် ပိုတက်စီယမ်ဓာတ်က ဆီးကျောက်ကိုကျေစေနိုင်ခြင်း၊ မုန်လာဥဖြူတွင် ပါဝင်သည့် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့်Dietary Fiber ဓာတ်တွေက အသည်းကို အဆိပ်အတောက်ဖြစ်စေသည့်ဓာတ်တွေ ဘက်တီးတီးယားပိုးတွေကို နှိမ်နင်းနိုင်ခြင်း၊ မုန်လာဥဖြူကို ပုံမှန်စားသုံးခြင်းဖြင့် အရေပြားအဟာရဓာတ်တွေ ပို့လွှတ်ပေးတဲ့ သွေးကြောဆဲတွေကို အားကောင်းစေခြင်း အရေပြားကင်ဆာကိုပင် ကာကွယ်ပေးခြင်း၊ အဆီကျစေနိုင်တဲ့စွမ်းဆောင်ရည်ရှိခြင်းနှင့် ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း စသည့် အကျိုးအာနိသင်များ ရှိသည့်အတွက် မုန်လာဥဖြူကိုများများ စားသုံးသင့်ကြောင်း သိရှိရပါသည်။

          ယခု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ မုန်လာဥဖြူ ဈေးနှုန်းများမှာ မုန်လာဥဖြူအလုံး အကြီး/အသေးပေါ်မူတည်၍ မုန်လာဥဖြူ (၃)လုံးပါ (သို့မဟုတ်)(၅)လုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်၊ မုန်လာဥဖြူ(၅)တွဲလျှင်(၃၀၀၀)ကျပ်၊ မုန်လာဥဖြူ(၁၀) တွဲလျှင်(၆၀၀၀)ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)