ဘူးသီးသည် ခပ်ဝိုင်းဝိုင်းလေးရှိသလို ရှည်မျောမျောလေးလည်းရှိတတ်ပါသည်။ အခွံက အစိမ်းရောင်အနု၊ အစိမ်းရောင်အရင့်နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုးရှိကြောင်းသိရသည်။ အပေါ်ခွံကိုနွှာပြီးသော်လည်းကောင်း၊ မနွှာဘဲသော်လည်းကောင်း စားသုံးနိုင်ပါသည်။ အတွင်းမှာ အဖြူရောင်အူတိုင်နဲ့ အစေ့လေးတွေပါရှိပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးရှိပါသည်။ နုရင် တော်တော်လေးချိုပြီး စားရတာ အရသာရှိပါသည်။
ဘူးသီးကို မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲတွဲစားစား အမျိုးမျိုးပြုလုပ်စားသုံး၍ရကြောင်းသိရှိရသည်။
ဘူးသီးသည် ကျန်းမာရေးနဲ့အညီညွတ်ဆုံး အသီးတစ်မျိုးဖြစ်သည်။ အကြောင်းမှာ ဘူးသီးတွင် ရေဓာတ် ၉၂ရာခိုင်နှုန်းအထိပါဝင်နေခြင်းကြောင့်ဖြစ်ပါသည်။ ဘူးသီးတွင် အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ့၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်း စသော အာဟာရဓာတ်များစွာပါဝင်ပါသည်။
ဘူသီးသည် ခန္ဓာကိုယ်အပူငြိမ်းစေပြီး ရေဓာတ်ဖြည့်ပေးနိုင်ပါသည်။ အစာအိမ်ကိုအေးစေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးသည်။ ချွေးတအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ဆုံးရှုံးသွားသောရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါသည်။ နှာခေါင်းသွေးလျှံတာ၊ ဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေကင်းစေဖို့အတွက် ဘူးသီးစားပေးလို့ရပါသည်။
ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီပါဝင်မှုလည်းနည်းသည်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးသီးတစ်စိတ်စာကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါသည်။ ယခုလိုသောက်ပေးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သိသိသာသာသက်သာစေပါသည်။
ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကိုသက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကိုလည်းသက်သာစေနိုင်သည်။ ဝမ်းမှန်စေလို့ အစာခြေစနစ်တစ်လျှောက် သန့်စင်စေပြီး အူမကြီးကိုလည်းသန့်စင်စေနိုင်ပါသည်။ ဝမ်းကိုက်နေတဲ့အခါ ဘူးသီးဖျော်ရည်ထဲကို ဆားနည်းနည်းထည့်ပြီး သောက်ပေးခြင်းဖြင့် သက်သာစေပါသည်။ ဘူးသီးက အစာကြေစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါသည်။
ဘူးသီးက သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးသည်။ ဘူးသီးမှာ ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်သည့် choline ပါဝင်နေသောကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်စွမ်းဆာင်ရည်ကိုတိုးတက်စေနိုင်သလို စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေကိုသက်သာစေနိုင်ပါသည်။
ဘူးသီးက လူတိုင်းနဲ့တည့်တာကြောင့် ထွေထွေထူးထူး သတိထားစရာမလိုသော်လည်း အလွန်အကျွံမစားမိဖို့လိုပါသည်။ ဘူးသီးကို တချို့မှာ အိမ်စားရန်အတွက်စိုက်ပျိုးကြပြီး တချို့မှာ စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။ ဘူးသီးသည် အလွယ်တကူစိုက်ပျိုးရရှိနိုင်သောကြောင့် ဈေးနှုန်းမှာ များစွာကြီးမြင့်ခြင်းမရှိဘဲ အကြီးအသေးပေါ်မူတည်၍ (၅၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)