Main menu

ရှမ်းမုန်ညင်းချဉ်ပြုလုပ်နည်း

Powered by Drupal
Wed, 12/04/2024 - 11:10 -- consumer_admin

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြသော တိုင်းရင်းသားများ၏ ရိုးရာအစားအစာများတွင် မုန်ညင်းချဉ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန်ညင်းချဉ်ကို ရှမ်းခေါက်ဆွဲနှင့်တွဲ၍ စားသလို သုပ်စား၍လည်းရပါသည်။ မုန်ညင်းချဉ် ပြုလုပ်ရာတွင် မုန်ညင်း၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဂျူးမြစ်၊ ဆား၊ နနွင်းမှုန့်၊ ငရုတ်ကြမ်းအစိမ်းမှုန့်၊ ကြံသကာ၊ ထမင်းရည်(သို့မဟုတ်)ဆန်မှုန့်ကျိုတို့ပါဝင်ပါသည်။

     မုန်ညင်းချဉ်ပြုလုပ်မည်ဆိုပါက မုန်ညင်းကို အပင်လိုက်သန့်စင်အောင် ဆေး၍ ရေစစ်ထားပြီး ၂ လက်မအရွယ်အနေတော် လှီးဖြတ်ရပါသည်။ မုန်လာဥဖြူနှင့် မုန်လာဥနီ တို့ကိုလည်း ရေဆေး၍ အခွံခွာပြီး မိမိနှစ်သက်သလို ပါးပါးလှီးဖြတ်ရပါသည်။ ဂျူးမြစ်များကိုလည်း ၂ လက်မအရွယ်အစား လှီးဖြတ်၍ နေပူတစ်ရက်လှန်းပေးထားရပါသည်။ ထို့နောက် ပြင်ဆင်ထားသော ပစ္စည်းများအား ဇလုံတစ်ခုတည်း သို့ထည့်၍ ဆားနှင့်နနွင်းကို လိုသလောက် ထည့်ကာ ညှိုးနွမ်းသွားအောင် နယ်ပေးရပါသည်။ ထမင်းရည် (သို့မဟုတ်) ဆန်မှုန့်နှစ်ဇွန်းခန့်ကို အရည်ခပ်ကြဲကြဲဖျော်ထားကာ အအေးခံ၍ ထည့်ပေးပြီး သမအောင် နယ်ပေးရပါသည်။ အစပ်စားချင်သူများအနေဖြင့် ငရုတ်ကြမ်းမှုန့်၊ ကြံသကာတို့ပါ ပေါင်းထည့်ပြီး သမအောင် နယ်ပေးရပါသည်။ ထိုသို့ ရောနယ်ပြီးပါက သန့်စင်ခြောက်သွေ့သော ပုလင်းထဲသို့ထည့်ပြီး ပလပ်စတစ် အုပ်ကာ ကြိုးဖြင့်စည်းပြီး အဖုံးကိုလုံအောင်ပိတ်ကာ ပူနွေးသောနေရာတွင် ထားရပါသည်။ ရာသီဥတုနှင့် အခန်းအပူချိန်ပေါ်မူတည်၍ နှစ်ရက်၊ သုံးရက်ထားပြီး အချဉ်ပေါက်ပြီဆိုပါက အသင့်စားသုံးနိုင်မည်ဖြစ်ပြီး ရေခဲသေတ္တာထဲထည့်၍ စားသုံးမည်ဆိုပါက ကြာရှည်စားသုံးနိုင်သည်ဟု သိရှိရပါသည်။

      ရှမ်းမုန်ညင်းချဉ်အနေဖြင့် အသင့်ပြုလုပ်ပြီးသား ရှမ်းမုန်ညင်းချဉ်(၁၀)ကျပ်သား အထုပ်သေး တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာထုပ် တစ်ထုပ်လျှင် (၂၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)