စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေ ၊နည်းဥပဒေ၊ အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေး အဓိက ရည်ရွယ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်သည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်ကို လိုက်နာရမည့်အပြင် စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများသို့ မိမိ၏ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေခြင်း၊ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များပေးခြင်းဖြင့် တာဝန်ယူမှု၊တာဝန်ခံမှုရှိရမည်ဖြစ်ပါသည်။ ထိုသို့ဖြစ် စေရေးစီးပွားရေး လုပ်ငန်းရှင်သည် မိမိထုတ်လုပ်သော ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများကို သတ်မှတ်ချက်များနှင့်အညီ အောက်ပါအတိုင်း သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ပါသည်-
(က) ကုန်စည်၏ တံဆိပ်အမှတ်အသား၊
(ခ ) ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်း၊
(ဂ) ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊
(ဃ) ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ၊
(င) ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည် ထုပ်ပိုးသည့်နေရာ၊
(စ) ကုန်စည်တွင် ပါဝင်သောကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့်ပစ္စည်းများ၏ ပမာဏ၊ပါဝင်မှုအချိုးအစား၊
(ဆ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊
(ဇ) သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များ။
စီးပွားရေးလုပ်ငန်းရှင်များသည် အထက်ဖော်ပြပါ အချက်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၄၃ ကိုအခြေခံ၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊၂/၂၀၁၉ အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ) နှင့် (ဆ)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် ကုန်စည်အုပ်စု(၈)ခုခွဲ၍ ကုန်စည်အုပ်စုအလိုက် ၊ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒပုဒ်မ ၇၃ အရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရာတွင်အခက်အခဲမရှိစေရေးကုန်စည်အုပ်စု(၈)ခုအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
ထိုသို့ လိုက်နာဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မိမိ၏ ကုန်စည် နှင့်ပတ်သက်၍ တာဝန်ယူမှု၊တာဝန်ခံမှုများရှိလာကာ ဈေးကွက်ယှဉ်ပြိုင်မှုများပြားလာသည် နှင့်အမျှ မိမိထုတ်လုပ်သော ကုန်စည်များသည် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များ ဖြစ်လာပြီး စားသုံးသူများမှ ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်ကောင်း ဖြစ်ရန် ဥပဒေ၊စည်းမျဉ်းစည်းကမ်း ၊လုပ်ထုံးလုပ်နည်း ၊အမိန့်၊ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)