Main menu

စတော်ဘယ်ရီအကြောင်းသိကောင်းစရာ

Powered by Drupal
Tue, 01/07/2025 - 12:25 -- consumer_admin

     စတော်ဘယ်ရီသီးကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ပအိုဝ်နီမျိုးများကို စိုက်ပျိုးပြီး  ပြင်ဦးလွင်ဒေသတွင်မူ စစ်မဖြစ်မီကရောက်ရှိလာခဲ့သော မျိုးများမှာပွားများ စိုက်ပျိုးလာခဲ့ကြောင်း သိရပါသည်။ အသီးအရောင်အဆင်းမှာ အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံ သဏ္ဍာန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံထိ အမျိုးမျိုးထိ စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်

     မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပါသည်။ ယခုအခါတွင် တောင်ပေါ်ဒေသမှ ပျိုးပင်များကို ပုပ္ပါးတောင်ခြေတစ်ဝိုက်တွင် စမ်းသပ်စိုက်ပျိုးအောင်မြင်နေပြီ ဖြစ်ပါသည်။

     စတော်ဘယ်ရီမျိုးအနေဖြင့် ဒေသသီး၊ ထိုင်ဝမ်မျိုးအကြွပ်ချိုမွှေးစတော်ဘယ်ရီသီး၊ ဂျပန် ချိုမွှေးသီး၊ ဟူ၍သုံးမျိုးရှိကြောင်းသိရပါသည်။ စတော်ဘယ်ရီသီးကို ဇူလိုင်လမှ  အောက်တိုဘာလအထိ စိုက်ပျိုးချိန်ယူရပြီး စတင်ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင်ကြောင်းသိရသည်။  စတော်ဘယ်ရီသီးကို ဒီအတိုင်းစား၍ရသလို ငပိနှင့်ငရုတ်သီးမှုန့်တို့ဖြင့် သုပ်စားခြင်း၊ စတော်ဘယ်ရီဝိုင် အဖြစ် ဝိုင်စိမ်သောက်ခြင်း၊ ဖျော်ရည်အနေဖြင့် ဖျော်သောက်ခြင်းအပြင် စတော်ဘယ်ရီဒိန်ချဉ် အနေဖြင့်လည်း သောက်၍ရသလို စတော်ဘယ်ရီယိုထိုး၍လည်း စားနိုင်ပါသည်။

    စတော်ဘယ်ရီသီးမှာ ခန္ဓာကိုယ်ကို  အကျိုးပြုစေသည့်ဓာတ်အများကြီးပါဝင်ပါတယ်။စတော်ဘယ်ရီသီးမှာပါတဲ့အမျှင်ဓာတ်က ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းစေပါတယ်။ ပက်တင်နဲ့ဗီတာမင်စီဓာတ်တို့ကလည်း ကိုယ်ခံအားကိုကောင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးသည် မှတ်ဉာဏ်အားကို ပိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုသလို မျက်စိကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပြီး ကိုယ်အလေးချိန်ကို ထိန်းညှိ ရာမှာလည်း အထောက်အကူပြုတယ်လို့ သုတေသနပညာရှင်တွေကဆိုထားပါတယ်။

      ယခင်နှစ်က စတော်ဘယ်ရီများလှိုင်လှိုင်ပေါ်သည့် ဖေဖော်ဝါရီလ၌ ဈေးကွက်အတွင်းတွင် စတော်ဘယ်ရီသီးများကို သစ်သီးပွဲရုံများသို့ ဒေသသီး တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ထိုင်ဝမ်အကြွပ် ချိုမွှေးသီး တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ဂျပန်ချိုမွှေးသီး တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဈေးဖြင့် ရောင်းချခဲ့ကြောင်းသိရှိပါသည်။ ယခုနှစ် ဒီဇင်ဘာလတွင် စတော်ဘယ်ရီများ ပေါ်ဦးပေါ်ဖျားချိန် ဖြစ်သောကြောင့် ဂျပန်စတော်ဘယ်ရီချိုမွှေးသီး တစ်ပိဿာလျှင် ၂၄၀၀၀ခန့်နှင့် ထိုင်ဝမ်မျိုးအကြွပ် စတော်ဘယ်ရီသီး တစ်ပိဿာလျှင် ၁၄၀၀၀ ခန့်ရှိပြီး ဒေသသီးမှာမထွက်ရှိသေးကြောင်း စတော်ဘယ်ရီစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

     အသီးတင်မက စတော်ဘယ်ရီအရွက်ကို လက်ဖက်ရည်ကဲ့သို့ ဖျော်သောက်ပေးခြင်းဖြင့်လည်း အာဟာရဓာတ်များကိုရရှိစေသည်ဟု သိရပါသည်။ စတော်ဘယ်ရီရွက်လက်ဖက်ရည်ကို သောက်ခြင်းသည် နလန်ထအင်အားနည်းပါးနေသူအတွက် ကောင်းမွန်သောအာဟာရပင်ဖြစ်ပါသည်။  ထို့ကြောင့် စတော်ဘယ်ရီဟာ စား၍လည်းကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်၍ အသုံးဝင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

Ref: Green Way, Dr.Khin Saw New

DOCA(မန္တလေး)