Main menu

‘မြန်မာ့ရိုးရာထမနဲထိုးပွဲ’

Powered by Drupal
Fri, 02/14/2025 - 11:01 -- consumer_admin

တပို့တွဲလသည် ဆောင်းရာသီ၏နောက်ဆုံးပိုင်းလဖြစ်သောကြောင့်အအေးပို၍ နှာရည်ယိုတွဲတပို့တွဲလဟုတင်စားခေါ်ဝေါ်ရသောလတစ်လဖြစ်ပါသည်။တပို့တွဲလတွင် ပေါက်ပန်းလဲ၊လဲပွင့်၊လက်ပံပွင့် စသည့် ရာသီပန်းများပွင့်သောလလည်းဖြစ်ပါသည်။တောင်ပေါ်ဒေသများတွင် ချယ်ရီပန်းများဝေဝေဆာဆာပွင့်သောလလည်းဖြစ်ပါသည်။     

            မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည်လည်း ပွဲတော်များအဖြစ် မပါမဖြစ် စည်းကားသောလဖြစ်ပါသည်။ တပို့တွဲလထမနဲထိုးပွဲဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲ၊ယာကုစသည့်ရာသီစာများပြုလုပ်၍  မြန်မာလူမျိုးတို့၏   ထုံးတမ်းအစဉ်အလာအတိုင်း  မြတ်စွာဘုရားအားဦးဦးဖျားဖျားကပ်လှူပူဇော်ခြင်း၊ဘိုးဘွားဆရာသမားများအား လှူဒါန်းကျွေးမွေးခြင်း၊ရဟန်းသံဃာတော်များအားကပ်လှူလှူဒါန်းခြင်း၊အိမ်နီးချင်းများအားဝေငှကာ ကုသိုလ်ယူလေ့ရှိသောဓလေ့မှာလွန်စွာချစ်စရာကောင်းလှပါသည်။

ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ထိုးရသောမုန့်တစ်မျိုးဖြစ်ပါသည်။ ထိုလတွင် ထမနဲထိုးရခြင်း ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကောက်ညှင်းဆန်ဖြင့် ထိုးရသောကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှုရှိပြီး အားထည့်၍ထိုးရသော ချွေးများဖြင့်ပူလောင်လာပြီး အေးချမ်းမှုများပပျောက်ကာ ထိုလ၏ ရာသီဉတုနှင့်ကိုက်ညီသောကြောင့်ဖြစ်သည်။

              ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါမကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့်နေရာဒေသအသီးသီးတွင် ကျင်းပကြပါသည်။အကဲဖြတ်ဒိုင်လူကြီးများကလည်း အရသာတစ်ခုတည်းနှင့်အကဲဖြတ်လေ့ရှိတာမဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ပူပေါင်းဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြပါသည်။ထမနဲသည်ညီညွတ်မှုကိုပေါ်လွင်စေသောမုန့်တစ်မျိုးဖြစ်ပါသည်။ထမနဲ၏ အရသာမှာလည်း အဆိမ့်အရသာရှိသောကြောင့်စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်ပါသည်။အရပ်ဒေသကွဲပြီးနှမ်းမနဲလို့အခေါ်ဓလေ့ကွဲပြားပါသေးသည်။

          ထမနဲ၊ယာကုစသည့် မုန့်များပြုလုပ်၍ရောင်းချသူများရှိရာ စားသုံးသူများအနေဖြင့် လွယ်ကူ သက်သာစွာဝယ်ယူစားသုံးနိုင်သော ဈေးနှုန်းများဖြင့်တစ်ဗူးလျှင်(၁၅၀၀-၂၀၀၀)စသဖြင့် ဗူးအကြီး/အသေး ပေါ်မူတည်၍ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

           ထို့ကြောင့်ငွေနှင်းစိုပြီးအအေးပိုတဲ့ တပို့တွဲလလေးမှာ ထမနဲကိုတော့ မြင်ယောင်မိမှာ အသေ အချာပါပဲ။မြန်မာ့ရိုးရာဓလေ့တွေနဲ့ပြည့်နှက်နေတဲ့ ဆယ်နှစ်လရာသီထဲမှာမှ တပို့တွဲလလေးမှာ ထမနဲထိုးပြိုင်ပွဲတွေနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပနေပြီး အလှူအတန်းများဖြင့် ရှိနေမှာဖြစ်တဲ့အတွက် ကျက်သရေရှိနေမှာအမှန်ပင်ဖြစ်ပါတော့သည်။

DOCA(ရှမ်း)