မြန်မာနိုင်ငံသည် ရေမြေသဘာဝပေါကြွယ်ဝပြီး စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် လယ်ယာထွက်ကုန်သီးနှံ၊ ပဲမျိုးစုံနှင့် မြေပဲ ၊ စပါး၊ ပြောင်း၊ ဝါ၊ နှမ်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ ဖြစ်ကြသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်း၊ ငရုတ်၊ နနွင်း၊ ရာသီအလိုက် ဗူး၊ ဖရုံ၊ သခွားများ နေ့စဉ်ထွက်လျှက်ရှိသည်။ ဥယျာဉ်ခြံမြေများတွင်လည်း သရက်၊ အုန်း၊ ငှက်ပျော၊ ပိန္နဲသီး၊ မာလကာသီး၊ ဇီးသီး၊ စပျစ်၊ လိမ္မော်၊ စတော်ဘယ်ရီ၊ နဂါးမောက်သီး၊ လက်ဖက်များကိုလည်း ဒေသအလိုက်ထွက်ရှိပြီး စက်မှုကုန်ကြမ်းများဖြစ်သည့် ရာဘာ၊ ကြက်ပေါင်ဆေး၊ ဂုန်လျှော်၊ ကြံများလည်း ထွက်ရှိပြီး ထုတ်ကုန်များကို တင်ပို့ရောင်းချရာတွင် စက်မှုကုန်ကြမ်းအဖြစ်သာ ပြည်ပသို့ ပို့ကုန်အဖြစ်တင်ပို့နိုင်ခဲ့သည်။ ယခင်တစ်ချိန်က ကြံထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် သကာရည်(ခေါ်)ပွက်သားများကိုလည်း မန္တလေးဈေးကွက်သို့ MSME လုပ်ငန်းများဖြင့် တစ်နိုင် တစ်ပိုင် သကြားညိုများ ထုတ်လုပ်ရောင်းချကြသည်။ ဥယျာဉ်ခြံထွက်များဖြစ်ကြသည့် သရက်ကို ဖျော်ရည်၊ သရက်ယိုနှင့် သရက်ပြားလုပ်ငန်း စတော်ဘယ်ရီများကို ယိုမျိုးစုံနှင့် ဖျော်ရည်လုပ်ငန်း၊ စပျစ်သီးများကို အသီးအတိုင်းရောင်းချ၍ ပိုလျှံသည့် အသီးများကို အခြောက်ပြုလုပ်ပြီး ရောင်းချ ကြသည်။ ဇီးသီးများကို ယိုစုံလုပ်ငန်း၊ ဖျော်ရည်လုပ်ငန်း၊ ဇီးပြားလုပ်ငန်း၊ ဇီးဆုပ်လုပ်ငန်းများ ကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည်။ ထိုင်းနိုင်ငံမှာမူ ထန်းသီးဆံနုနုကလေးများကို ဖျော်ရည် ထုတ်လုပ်ရုံသာမက အသား၊ ငါး၊ ပဲ၊ ပြောင်းတို့ကိုလည်း စည်သွတ်ဗူးများဖြင့် နိုင်ငံတကာဈေးကွက် တွင် ထိုးဖောက်နိုင်ခဲ့သည်။ ပြည်တွင်းတွင်မူ ဆီစက်များမှာ အသေးစား၊ အလတ်စား ဆီစက် များဖြင့် ဆီများကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် အထည်လုပ်ငန်း၊ ဖျော်ရည်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ လူသုံးကုန် လုပ်ငန်းများကို ယခင် တစ်ချိန်က နိုင်ငံတော်ပိုင်လုပ်ငန်းများမှ တစ်ဆင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင် လာကြသည်။
ယခုအခါ နိုင်ငံတော်အစိုးရမှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး နည်းပညာအထောက်အပံ့များ၊ ချေးငွေအစီအစဉ်များဖြင့် နိုင်ငံတော် အစိုးရဘက်မှ တွန်းအားပေးဆောင်ရွက်လျှက်ရှိသလို ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်မှလည်း နိုင်ငံ တကာနှင့်ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်သည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ခိုင်မာစွာရပ်တည်နိုင်စေရေး အစိုးရပုဂ္ဂလိကလက်တွဲညီညီဆောင်ရွက်ကြရန်လိုအပ်သလို ပုဂ္ဂလိက လုပ်ငန်းရှင်များ ဘက်ကလည်း မူဝါဒနည်းဥပဒေ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်ပါ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး သိရှိသမျှ လေ့လာ တင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)