Main menu

ဒန့်သလွန်ပင်၏အသုံးဝင်ပုံနှင့် စိုက်ပျိုးပုံနည်းစနစ်

Powered by Drupal
Wed, 11/05/2025 - 12:41 -- consumer_admin

  ဒန့်သလွန်သီးသည် အပူပိုင်းသီးနှံဖြစ်ပြီး မြန်မာပြည်နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုး နိုင်သည်။ ကြော်ချက်၍လည်းကောင်း၊ ဟင်းရည်ပြုလုပ်၍လည်းကောင်း၊ အခြားသီးနှံငါးတို့နှင့် လည်း ရောနှော၍ချက်ပြုတ်စားသောက်နိုင်ပါသည်။

          ဒန့်သလွန်ပင်ကို အိမ်ခြံဝန်းအတွင်း စားသုံးပင် သီးနှံအဖြစ်စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းတွင် ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့် အစေ့တိုက်ရိုက်ချစိုက်ပျိုးနည်းဟူ၍ (၂)မျိုးရှိသည်။ ကိုင်းဖြတ်စိုက်ပျိုးနည်းကို မိုးဦးကျချိန် ဇွန်လတွင် ဆောင်ရွက်စိုက်ပျိုးရမည်။  ဒန့်သလွန်ပင်ကို တစ်ပင်နှင့်တစ်ပင်ပေ(၂၀)ခြား၍ စိုက်ပျိုးရမည်။ စိုက်မည့်နေရာတွင် (၃x၃x၃)ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး(သို့) သစ်ရွက်ဆွေး မြေသြဇာဆတူရောထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းတွင် အနည်းဆုံးအနက်(၆)လက်မအထိ ကိုင်းကိုမြုပ်စိုက်ရမည်။ အစေ့တိုက်ရိုက်ချ စိုက်ရာတွင် မျိုးစေ့ယူရန်အတွက်  နွေကာလများ၌ ကောင်းစွာရင့်မှည့်သောသီးတောင့်များမှ အစေ့ရ ယူပြီး မိုးဦးကျချိန်ဇွန်လတွင် မြေချစိုက်ပျိုးရမည်။ ဒန့်သလွန်ပင်ကိုအကိုင်းကို မြေထုပ်စည်း၍လည်း စိုက်ပျိုးနိုင်သည်။ အပင်များကြားရှိ ပေါင်းမြက်များ ရှင်းလင်းပေးရမည်။ သီးထွက်ရနေသော အပင်ကြီးများကို မိုးဦးနှင့်မိုးအကုန်တွင် တစ်ကြိမ်စီ မြေသြဇာကျွေးသင့်ပါသည်။ အသီးခူးဆွတ်ရန် ရည်ရွယ်ပါက  အညွှန့်များမခူးဆွတ်သင့်ပါ။ ဖေဖော်ဝါရီလ၊ မတ်၊ ဧပြီလများတွင် အသီးများ ဖြိုင်ဖြိုင်သီးသည်။ ဒန့်သလွန်တစ်ပင်သည် တစ်နှစ်လျှင် ပျမ်းမျှအနည်းဆုံး အသီး(၂၀၀)ခန့် သီးနိုင် သည်။

          ဒန့်သလွန်ပင်သည် အကိုင်းဆတ်သဖြင့် အပင်ကြီးသွားပါက အကိုင်းများကျိုးတတ်ပြီး အသီးအားလျော့သွားတတ်သဖြင့် နွေအခါအသီးခူးပြီးနောက် အကိုင်းကြီးများကို ချိုင်ပေးခြင်းဖြင့် အပင်နုပျိုလာပြီး သီးအားကောင်းမွန်၍ ဆွတ်ခူးရန်လည်း လွယ်ကူသည်။ ဒန့်သလွန်အရွက်သည် အလွန်အာဟာရဓာတ် ကြွယ်ဝသဖြင့် ကလေးငယ်များနှင့်အသက်ကြီးသူများကို ကျွေးပေးသင့်သည်။ အရွက်များကို အခြောက်ခံ၊ အမှုန့်ကြိတ်ထားပြီးဆန်ပြုတ်တွင် ထည့်၍စားသုံးပေးခြင်းဖြင့်  အာဟာရလည်းဖြစ်၍ ရောဂါများကိုလည်းကင်းဝင်းစေနိုင်ပါသည်။   

DOCA(ပဲခူး)