Main menu

တန်ဖိုးရှိသော ကမာကောင်များနှင့် ပုလဲမျက်ရည်

Powered by Drupal
Mon, 05/15/2023 - 13:45 -- consumer_admin

    ကမာကောင်အမျိုးအစားကို ပင်လယ်ပြင်ကမ်းစပ်နေရာအနီးတွင် အများဆုံးတွေ့ရှိရပြီး အချို့ကိုမူ ရေချိုတွင် တွေ့ရှိရတတ်ပါသည်။ ကမာကောင်များသည် ရေအောက်ရှိ သေးငယ်သောအပင်နှင့်ရေပိုးမွှားများကိုစားသောက်ကြပြီး ထူးခြားချက်မှာ အဖိုအမတစ်လှည့်စီ ပြောင်းလဲတတ်ကြသောမျိုးစိတ်ဖြစ်ပါသည်။ ကမာကောင်များသည် တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေ သိန်းချီပေါက်ဖွားနိုင်ပြီး ပူးနွေးသောဒေသတွင် ကြီးထွားမှုမြန်ဆန်ပါသည်။ စတင်အကောင်ပေါက်ချိန်တွင် အဖိုအဖြစ်မွေးလာရာမှ အရွယ်ရောက်ချိန်တွင် အမသို့ကူးပြောင်းတတ်ကြပြီး အချို့မှာ တစ်နှစ်တွင် ၃ကြိမ်ခန့် လိင်ပြောင်းလဲတတ်ကြကြောင်း သိရှိရပါသည်။

      ကမာကောင်အမျိုးအစားပေါင်း (၈၀၀၀) ခန့်ရှိသည့်အနက် လူများစားသုံးနိုင်သောကမာကောင်နှင့် တန်ဖိုးရှိသည့်ပုလဲများကို ထုတ်လုပ်ပေးနိုင်သောကမာကောင်များလည်းရှိပါသည်။ ကမာကောင်အမျိုးမျိုးသည် ရေတွင်ပါဝင်သောအငန်နှုန်းနှင့် အပူချိန်ပေါ်မူတည်၍ ကွဲပြားလျက်ရှိပြီး နေရာအနှံ့တွင် တွေ့ရှိနိုင်ပါသည်။ လူများစားသုံးကြသော ကမာကောင်များထဲမှ Pacific Oyster (ခေါ်) ပင်လယ်ကမာကောင်ကို အများဆုံးစားသုံးကြကြောင်းလည်း သိရှိရပါသည်။ ကမာကောင်အရည်အသွေးသည် ရေငန်နှုန်း၊ အစာစားသုံးမှုပုံစံအပေါ်မူတည်ပြီး အရသာကွဲပြားလျက်ရှိသည်။ အငန်နှုန်းနည်းပါသောနေရာတွင် ပေါက်ဖွားသောအကောင်များက ပို၍နူးညံ့ကြောင်း သိရှိရပါသည်။ ကမာကောင်သည် သံဓာတ်ကြွယ်ဝသည့်အတွက် သွေးအားနည်းသူများအတွက် စားသုံးရန်သင့်သောအစားအစာဖြစ်ပြီး ပင်လယ်စာနှင့်ဓာတ်မတည့်သူများမှာ စားသုံးရန်မသင့်ကြောင်း သိရှိရပါသည်။

     လူတို့စားသုံးနေကြသောကမာကောင်နှင့် ပုလဲထုတ်လုပ်ပေးသောကမာကောင်အမျိုးအစားချင်းမတူညီကြပါ။ အခွံနှစ်ခုပါသောကမာကောင်အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့်အနက် Mollusks ကမာကောင်မျိုးနွယ် (၂၀) ခန့်သာ ပုလဲထွက်ရှိနိုင်ပြီး ရေချိုတွင်ရှင်သန်၍ ပုလဲထုတ်လုပ်နိုင်သည့်ကမာကောင်မျိုးကို ခုံးကောင်(ဂုံး) Mussel ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန်ပေါက်ဖွားပြီး ပုလဲထုတ်လုပ်နိုင်သည့်ကမာကောင်မျိုးကိုမူ မုတ်ကောင် Oyster ဟု ခေါ်ပါသည်။ ရေချိုခုံးကောင်ကထွက်ရှိသော ပုလဲ၏မျက်နှာပြင်သည် ညီညာမှုမရှိဘဲ ရေငန်မုတ်ကောင်ကထွက်ရှိသောပုလဲတွင်မူ ညီညာလုံးဝန်းလျက်ရှိပါသည်။

     ပုလဲကို ကမာကောင်လေးများ၏ “မျက်ရည်" ဟုလည်း တင်စားပြောဆိုကြပါသည်။ အကြောင်းမှာ ကမာကောင်လေး၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာခြင်းကြောင့်ပင်ဖြစ်ပါသည်။  ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိပါသည်။ သဘာဝပုလဲသည် မုတ်ကောင်၏ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ပေါ်ပြီး မွေးပုလဲဆိုသည်မှာ ပုလဲဖြစ်ပေါ်လာစေရန် လူတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသည်။ သဘာဝပုလဲသည် ကမာကောင်များ၏ကိုယ်တွင်းသို့ အမှုန်အမွှားဖြစ်စေ၊ ပိုးမွှားဖြစ်စေ၊ အခြားသေးငယ်သောအရာဝတ္တုဖြစ်စေ ဝင်ရောက်လာပါက ကမာကောင်လေးများ၏ကိုယ်သည် ပိုးမွှားဝင်သကဲ့သို့ ယားယံသလိုဖြစ်ပြီး နို့ရည်ကဲ့သို့ ဖြူဆွတ်ကြည်လင်သောအရည်များဖြင့် ယားယံစေသောအရာဝတ္တုများကိုဖယ်ရှားရန် ကြိုးစားကြပါသည်။ မဖယ်ရှားနိုင်သည့်အခါ ထိုအရာဝတ္တုငယ်ကို အရည်ကြည်များဖြင့် အထပ်ထပ်ဖုံးအုပ်ကြပြီး အချိန်ကာလကြာမြင့်သောအခါ "ပုလဲ"အဖြစ်သို့ရောက်ရှိလာကြောင်း သိရှိရပါသည်။

    မွေးပုလဲ၏ သဘာဝပုလဲဖြစ်ပေါ်မှုဖြစ်စဉ်ကို လူတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသည်။ ဝတ်ဆံလုံးကို မုတ်ကောင်၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းရာတွင် ဝတ်ဆံလုံးအလွယ်တကူပြန်ထွက်မသွားစေရန်နှင့် လုံးဝန်းကြီးမားသောပုလဲရရှိစေရန်အတွက် မုတ်ကောင်၏ခန္ဓာကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ရောက်ရှိအောင် ကျွမ်းကျင်သူများက ဝတ်ဆံသွင်းယူရကြောင်း ပုလဲမွေးမြူသူထံမှ သိရှိရပါသည်။

      ရေငန်ပုလဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်တွင် မုတ်ကောင်သားပေါက်များကို တစ်နှစ်ခွဲခန့်ကြာသည့်အချိန်တွင် ဝတ်ဆံသွင်းကြပြီး နှစ်နှစ်အချိန်တွင် ပုလဲဖော်ကြကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလနှင့် မေလများသည် သားပေါက်ရာသီများဖြစ်သောကြောင့် ဝတ်ဆံသွင်ခြင်းမပြုလုပ်ကြဘဲ ကျန်လများတွင် ဝတ်ဆံသွင်းခြင်းနှင့် ပုလဲမွေးမြူခြင်းဆောင်ရွက်ကြကြောင်း သိရှိရပါသည်။ မွေးမြူရန် နေရာရွေးချယ်ရာတွင်  လှိုင်းလေအကာအကွယ်ရသည့်နေရာဖြစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်း၊ ရေကြည်နှုန်းကောင်းမွန်ခြင်းနှင့် အောက်ခံကြမ်းပြင်ကောင်းမွန်ခြင်း၊ ရေချိုစီးဆင်းမှုနည်း၍ ရေငန်နှုန်းတည်ငြိမ်ခြင်း၊ ရေအပူချိန်တည်ငြိမ်ခြင်း၊ မုတ်ကောင်အစာပေါကြွယ်ဝခြင်း၊  သင့်လျော်သောရေအတိမ်အနက်ရှိခြင်း၊ သင့်လျော်သောရေပြင်ဧရိယာအကျယ် အဝန်းရှိခြင်း၊ ရေချိုရရှိ၍ စခန်းတည်ဆောက်ရန် မြေပြန့်နေရာရှိသောကုန်မြေလိုအပ်ခြင်း၊ လူနေထိုင်သည့်ကျေးရွာများနှင့် ဝေးကွာရန်လိုအပ်ခြင်း၊ သွားလာရလွယ်ကူသောနေရာဖြစ်ခြင်းတို့လိုအပ်ကြောင်း သိရှိရပါသည်။ ပုလဲတစ်လုံး၏အရည်အသွေးသည် ပွင့်ရည် (ခေါ်) ပုလဲတောက်ပမှု၊ ပုလဲမျက်နှာပြင်ချောမွေ့ပြေပြစ်မှု၊ ပုလဲသားအလွှာ၏ အထူအပါး၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ တူညီလိုက်ဖက်မှုအပေါ်မူတည်ပြီး ခွဲခြားကြပါသည်။ ပုလဲအမျိုးမျိုးအနက်မှ ရွှေအိုရောင်အဆင်းရှိသောပုလဲကို မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်ပါသည်။ ပုလဲမွေးမြူခြင်းသည် ထုတ်သုံး၍မကုန်နိုင်သောသယံဇာတဖြစ်ပြီး လောင်စာနှင့် အဆင့်မြင့်စက်ကိရိယာများကို အသုံးမပြုရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုမရှိဘဲ မွေးမြူနိုင်သည့် နိုင်ငံခြားငွေအလွယ်တကူရရှိနိုင်သောလုပ်ငန်းဖြစ်ပါသည်။

DOCA(တနင်္သာရီ)